ရသဆောင်းပါးစုံ

ခိုင်ကြည်သစ် ● နတ်ရေကန်ထဲ ရဲရဲခုန်ဆင်း


 ခိုင်ကြည်သစ် ● နတ်ရေကန်ထဲ ရဲရဲခုန်ဆင်း

(မိုးမခ) မေ ၈၊ ၂၀၁၆

 

ပြည်သူ့အစိုးရသစ်ဟာ ဝန်ကြီးတွေရုံးစတက်တဲ့ ရက်ပိုင်းလေးအတွင်းမှာကို နိုင်ငံ့တာဝန်တွေကို တက်တက်ကြွ ကြွထမ်းဆောင်ရင်း ပြည်သူ့အတွက်အပြောင်းအလဲတွေကို စတင်ဖော်ဆောင်လာတာကို တွေ့ရပါတယ်။ အဲဒီ လိုအပြောင်းအလဲတွေကိုဖော်ဆောင်တဲ့အထဲမှာ ဝန်ကြီးဌာန ၂၁ ခုအနက် အစောဆုံးနဲ့အတက်ကြွဆုံးကတော့ ပြန်ကြားရေးဝန်ကြီးဌာနပဲ ဖြစ်ပါလိမ့်မယ်။

သမ္မတကြီးဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကြိမ်ဆိုနေစဉ်မှာကိုပဲ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားရဲ့ထုတ်လွှင့်မှုတွေ အနည်းငယ်ပြောင်းလဲနေတာကို တွေ့နိုင်သလို နောက်တနေ့ နိုင်ငံပိုင်သတင်းစာတွေထွက်ရှိလာတဲ့အချိန်မှာ နိုင်ငံနဲ့အဝှမ်း အံ့သြဘနန်းဖြစ်ကြရပြန်ပါတယ်။ အပြင်အဆင် ပိုင်းမှာ ပြောင်းလဲမှုတွေ တွေ့ရသလို တချိန်က အစိုးရရဲ့ရန်သူသဖွယ်သဘောထားခြင်းခံရတဲ့ ကာတွန်းဆရာ၊ ကဗျာဆရာ၊ စာရေးဆရာများရဲ့လက်ရာ တွေနဲ့ ဝေဝေဆာဆာတင်ဆက်ခဲ့တဲ့ မြန်မာ့အလင်း၊ ကြေးမုံ အစရှိတဲ့ နိုင်ငံပိုင် သတင်းစာတွေဟာ သတင်းစာဖတ်ပြည်သူတွေရဲ့စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်တွေရဲ့ ဟိုသွားဒီသွားခရီးစဉ်တွေ၊ ရိုးအီပြီး ရှည်လျားထွေပြားလှတဲ့ မိန့်ခွန်းတွေ၊ အတိုက်အခံတွေ အပေါ် မလိုမုန်းထားတဲ့ဆောင်းပါးတွေနဲ့ထုံမွှမ်းခဲ့တဲ့ နိုင်ငံပိုင်သတင်းစာတွေဟာ နာရီပိုင်းအတွင်းမှာ ရုတ်ချည်း ပြောင်းလဲသွား ပုံကြည့်ပြီး သတင်းစာတိုက်တွေများ နတ်ရေကန်ထဲပြုတ်ကျသွားခဲ့လေသလားလို့ အထင်ရောက် မိပါတယ်။ နိုင်ငံပိုင်မီဒီယာ တွေဟာ အသွင်သဏ္ဍာန်သာမကပဲ ပြည်သူဘက်ကိုမျက်နှာမူတဲ့ သတင်းအရေးအသား၊ အယ်ဒီတာ့အာဘော်တွေနဲ့ အနှစ် သာရပါ ပြောင်းလဲသွားတာကို တွေ့မြင်နိုင်ပါတယ်။ မီဒီယာတွေရဲ့ အဲဒီလိုပြောင်းလဲမှုအပေါ် ပြည်သူတရပ်လုံးက ဝမ်း မြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ လူမှုကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာသုံးစွဲသူတွေကြားမှာ တချိန်ကလူရာမဝင်ခဲ့တဲ့ MOI Web Portal ဖေ့ဘွတ်ခ်စာမျက်နှာ ကို နာရီပိုင်းအတွင်း အပြေးအလွှားသွားရောက် ဖတ်ရှုကြသူတွေ၊ အဲဒီစာမျက်နှာက ထပ်ပြီးတက်လာမယ့် သတင်းတွေ၊ ဆောင်းပါးတွေကို အချိန်နဲ့တပြေးညီ ဆက်လက်ဖက်ရှုနိုင်ဖို့ Like လုပ်တဲ့သူတွေလည်း အလျင်အမြန် တိုးတက်လာတာကို တွေ့ရပါတယ်။

ဒီလိုဖြစ်ပေါ်ပြောင်းလဲမှုအတွက် ပြန်ကြားရေးဝန်ကြီးတာဝန်ကို လက်ခံရယူခဲ့တဲ့ ဆရာဦးဖေမြင့် (ဒေါက်တာ ဖေမြင့်) ကို အထူးကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ပြောင်းလဲမှုကို စတင်နိုင်ခဲ့တဲ့အတွက်နဲ့ ပြောင်းလဲပေးလိုတဲ့ စေတနာအတွက်ပါ။ ဆရာရေးသားခဲ့တဲ့ စာအုပ်စာပေတွေ၊ ဆောင်းပါးတွေနဲ့ ကြီးပြင်း လာတဲ့သူတွေ၊ ဘဝကိုကြိုးစားရုံးကန်ဖြတ်သန်းနေသူတွေ မြန်မာနိုင်ငံမှာ အမြောက်အမြားပါ။ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို လေ့လာဖို့လည်း ဆရာဦးစီးထုတ်ဝေတဲ့ ပြည်သူ့အရေးဂျာနယ်က အထောက်အကူ အများကြီးပြုခဲ့တာပါ။ ဆရာဦးဖေမြင့် ပြန်ကြားရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်တော့မယ်လို့သိရတဲ့အချိန်မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ကြရပါတယ်။ ပြည်သူကို အသိပညာပေးတဲ့ အလုပ်တွေကို စာပေတာဝန်ကျေကျေ ထမ်း ဆောင်ခဲ့တဲ့ ဆရာဖေမြင့်အနေနဲ့ အစိုးရရဲ့အုပ်ချုပ်ရေးယန္တယားတဲ့ရောက်ရှိ သွားတဲ့အတွက် အရင်လို ပြည်သူကို ပညာမျက်စိမဖွင့်ပေးနိုင်မှာစိုးရိမ်မိသလို ဆရာဟာ ပြည်သူ့အစိုးရ အတွက် ပြန်ကြား ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အသင့်တော်ဆုံးဖြစ်တာမို့လည်း ဝမ်းမြောက်ဂုဏ်ယူမိကြတာပါ။

နိုင်ငံပိုင်သတင်းစာတွေ အခုလို ပွင့်လင်းမြင်သာတဲ့ သတင်းစာတွေ၊ မီဒီယာတွေဖြစ်လာနိုင်ဖို့အတွက် ပြည်သူ့ အစိုးရစစ်စစ်ပေါ်ပေါက်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ ပုဂ္ဂလိကသတင်းမီဒီယာများရဲ့အခန်းကဏ္ဍကိုလည်း ပြန်လည် သတိရ အောက်မေ့ဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံပိုင်သတင်းစာတွေ ပုံသဏ္ဍန်ရော အနှစ်သာရပါပြောင်းလဲသွားတဲ့အပေါ် ကျေးဇူးတင်ဖို့ မေ့လျော့ခံနေရသူ တွေကတော့ အဲဒီသတင်းစာတိုက်တွေက အယ်ဒီတာတွေနဲ့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ အာဏာရှင် အစိုးရလက်အောက်မှာ နှစ်ပေါင်းများစွာ ပုံစံသွင်းခံထားရပေမယ့် တိုင်းပြည်ရဲ့ တကယ့်အလှည့်အပြောင်းကို ရောက်ရှိချိန်၊ အခွင့်သာချိန်မှာတော့ ပြည်သူကိုမျက်နှာမူတဲ့သတင်းစာ စာမျက်နှာတွေကို အချိန်တိုအတွင်း ပြောင်းလဲ ထုဆစ် ပုံဖော်နိုင်ခဲ့ကြပါတယ်။ သေချာတာ ကတော့ အဲဒီသတင်းစာတိုက်တွေက ဝန်ထမ်းတွေဟာ အမှန်တကယ် အရည်အချင်းပြည့်ဝသူတွေ ဖြစ်တယ်ဆိုတာပါပဲ။

ဒီနေရာမှာ သတိထားမိတာကတော့ ပြည်သူတွေရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက် ဘယ်တုန်း ကမှ  ပြည်သူရဲ့လေးစားအားကိုးခြင်းမခံခဲ့ရတဲ့ နိုင်ငံပိုင်မီဒီယာတွေ အမှန်တကယ် အပြောင်းအလဲ ဖော်ဆောင် ပြလိုက်တဲ့အခါ ပြည်သူ တွေ၊ စာဖတ်သူတွေအနေနဲ့ သူတို့ရဲ့အမြင်တွေကို တစ်မုဟုတ်ချင်းဆိုသလို ပြောင်းလဲ နိုင်ခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။ ပြည်သူတွေအနေနဲ့ ကိစ္စရပ်တွေကိုဆုံးဖြတ်တဲ့အခါ အဲဒီကိစ္စရပ်ကို “ဘယ်သူ လုပ်တယ်” ဆိုတာထက် “ဘာလုပ်သလဲ” “ဘယ်လောက်ကောင်းသလဲ” ဆိုတာတွေကိုသာ အဓိကထားကြည့် ပြီးဆုံးဖြတ်ကြောင်း လေ့လာ သိရှိနိုင်ပါတယ်။

အစိုးရသစ်က နိုင်ငံကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါ အစိုးရဝန်ထမ်းတွေ၊ ပြည်သူတွေရဲ့ အကူအညီ တွေကလည်း အလွန်အရေးပါလှပါတယ်။ အထူးသဖြင့် ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြား ဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် ဆောင်ရွက်ဖို့ အထူးအရေးကြီးလှပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သာမန်ပြည်သူတွေနဲ့ ကင်းကွာ တာမျိုးတွေရှိနေနိုင်သလို ပြည်သူတွေဘက်ကလည်း ဝန်ထမ်းတွေကို အထင်လွဲ နေတာတွေ ရှိနိုင်ပါတယ်။ တချိန်တည်းမှာ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုတွေအပေါ်မှာလည်း သံသယတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ယခင်အစိုးရတွေလက်ထက်မှာ ပြည်သူကို နှိပ်စက်ကလူပြုခဲ့တဲ့ဝန်ထမ်းဆိုးတွေရဲ့ ပုံရိပ် ကြောင့် လက်ရှိဝန်ထမ်းတွေရဲ့ ပြည်သူအပေါ်ထားတဲ့စေတနာတွေကိုထုတ်ဖော်ပြသရာမှာ အခက်အခဲရှိနိုင်ပါ တယ်။

တကယ်တော့ နိုင်ငံသစ်တည်ဆောက်ရေးမှာ ဝန်ထမ်းတွေကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေက ဒီထက်ကို များပြား လှပါသေး တယ်။ မိသားစုစားဝတ်နေရေးအတွက် လုံလောက်တဲ့ လုပ်ခလစာမရှိတာ၊ လခအပြင် အခြားရသင့် ရထိုက်တဲ့ အခွင့်အ လမ်းတွေ (ဥပမာ ဝန်ထမ်းအိမ်ယာ၊ ကြို/ပို့ယာဉ်) တွေ လုံလုံလောက်လောက်မရှိတာ၊ လုပ်ငန်းခွင်သင်တန်းတွေ လုံလုံ လောက်လောက်မရှိတာ၊ အထက်/အောက် ခွဲခြားဆက်ဆံခံရတာ၊ အောက်ခြေက အခြေအနေမှန်ကိုတင်ပြပေမယ့် အထက်ကလက်ခံလေ့မရှိတာ  စတာတွေကလည်း ဝန်ထမ်းတွေရဲ့စွမ်းဆောင် ရည်ကို ကျဆင်းစေတဲ့အချက်တွေလည်း ဖြစ်ပါတယ်။

အဲဒီလိုကြီးမားတဲ့စိန်ခေါ်မှုတွေထဲက အကြီးမားဆုံးစိန်ခေါ်မှုကတော့ “မိုးကျရွှေကိုယ်” လို့ ဝန်ထမ်းလောကမှာ အသိများတဲ့ တပ်မတော်မှာ အကြောင်းအမျိုးမျိုးနဲ့ အငြိမ်းစားယူပြီးသား ဝန်ထမ်းဟောင်းတွေကို အရပ်ဖက်ကို ရွှေ့ပြောင်းလို့ရာထူးကြီးတွေ ပေးထားတာကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီမိုးကျရွှေကိုယ်များဟာ ဌာနဆိုင်ရာတွေထဲကိုပြောင်းရွှေ့လာတဲ့အခါ အနိမ့်ဆုံး ဦးစီးအရာရှိအဆင့်ကနေ စတင်တာဝန်ထမ်းဆောင်လေ့ ရှိပြီး အထက်ရာထူးအဆင့်ဆင့်ကိုလည်း အလျင်အမြန် တိုးမြှင့်ခံထားရသူတွေ ဖြစ်ပါတယ်။ “ပညာအရည်အချင်းလည်းတူ၊ သက်ဆိုင်ရာရာထူးအတွက် လုပ်ငန်းအတွေ့အကြုံတူ ပေမယ့် အရပ်သားက ဒုဦးစီးမှူးဘဝနဲ့ စတင်ခန့်ထားခြင်းခံရပေမယ့် တပ်မတော်မှာ အသုံးမလိုတော့လို့ အငြိမ်းစားပေး လိုက်တဲ့သူကတော့ လက ထောက်ညွှန်ကြားရေးမှူးဘဝက စတင်ရပါတယ်။ နောက် ၄-၅ နှစ်ကြာတဲ့အခါ အရပ်သားဝန်ထမ်း ကတော့ ဒု ဦးစီးမှူးအဖြစ်ပဲဆက်ရှိနေပြီး တပ်ကလာတဲ့သူကတော့ ညွှန်ကြားရေးမှူးအဆင့်ထိ ဖြစ်သွားတာမျိုးတွေ ဝန်ကြီး ဌာနတိုင်းမှာ ကြုံတွေ့ခဲ့ရတာပါ။

ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအများစု (အများစု) ဟာ နိုင်ငံသစ်တည်ဆောက်ရေးမှာ ရှိသမျှအစွမ်းအစတွေကိုထုတ်ပြပြီး အင်တိုက်အားတိုက် ပါဝင်ချင်နေကြတာပါ။ ခြွင်းချက်အနေနဲ့ စနစ်ဟောင်း၊ ခေတ် ဟောင်းမှာ အနေချောင်၊ အစားချောင်ခဲ့တဲ့ ဝန်ထမ်းမစစ်တဲ့ ဝန်ထမ်းအမည်ခံ ရေပေါ်ဆီတွေနဲ့ ပြည်သူ့ဘဏ္ဍာကို နှစ်သီးစားတဲ့ မိုးကျရွှေကိုယ်တွေကတော့ အစိုးရသစ်၊ ဝန်ကြီးဌာနအသစ်၊ ဝန်ကြီးအသစ်၊ စနစ်အသစ်နဲ့ စိတ်ဓာတ် အသစ် တွေကို နှစ်သက်ကြမှာမဟုတ်ပါဘူး။ သူတို့ကိုတော့ နိုင်ငံတော်သစ်ဆီ အရောက်သွားတဲ့ ခရီးရှည်မှာ လက်တွဲဖြုတ်ခဲ့ကြဖို့ လိုပါတယ်။

ပြည်သူ့ဝန်ထမ်းစစ်စစ်တွေအနေနဲ့ကတော့ နိုင်ငံပိုင်သတင်းစာတွေ ရက်ပိုင်းအတွင်း အရှိန်အဟုန်နဲ့ ပြောင်းလဲသလိုမျိုး သူတို့ရဲ့ဌာနအသီးသီးကို နတ်ရေကန်ထဲပစ်ချလိုက်သလို ပြုပြင်ပြောင်းလဲနေကြပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ပြည်သူရဲ့ကိုးစားယုံကြည်မှုလိုအပ်ပါတယ်။ သူတို့အစွမ်းအစရှိသမျှ ထုတ်ပြခွင့်ရတဲ့အလုပ်အကိုင် ပတ်ဝန်းကျင်ကောင်းတွေ လိုအပ် နေပါတယ်။ ဝန်ထမ်းတွေရဲ့တက်လမ်းတွေကိုပိတ်ဆို့ထားတဲ့ မိုးကျရွှေကိုယ် ယဉ်ကျေးမှုကိုတိုက်ဖျက်ပေးဖို့ လိုအပ်နေပါ တယ်။ ဒီလိုအပ်ချက်တွေကို ပြည်သူ့အစိုးရသစ်ရဲ့ သက်ဆိုင်ရာ ဝန် ကြီးတွေက ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်မိပါ တယ်။ တနည်းပြောရရင် နတ်ရေကန်ထဲ ခုန်ချခွင့်ပြုဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ နတ်ရေကန်ထဲက ပြန်တက်လာကြမယ့် ဝန်ထမ်းကောင်းတွေ၊ လုပ် ဆောင်ချက် ကောင်းတွေ ဆက်တိုက်မြင်တွေ့ရတော့မှာကို မျှော်လင့်စောင့်စားနေကြပါတယ်။ နိုင်ငံပိုင်သတင်းစာတိုက်တွေက ဝန်ထမ်း များလို အခြားဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းများလည်း နတ်ရေကန်ထဲ ရဲရဲခုန်ဆင်းကြပါလို့လည်း အားပေးတိုက်တွန်း လိုက်ပါရစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts