သူတို့အာဘော် မောင်မိုးသူ

ပင်လုံ နှင့် မောင်မိုးသူ

Moe Z (Dzal)


ပင်လုံ နှင့် မောင်မိုးသူ

မော်ဒန်သတင်းဂျာနယ်၊ (မိုးမခ) မေ ၇၊ ၂၀၁၆

အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးကို ယခင်ဦးသိန်းစိန် အစိုးရလက်ထက်ကပဲ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယခင် အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးကြသူများ ထက်ဝက်ခန့်ရှိပြီး ကျန်ထက်ဝက်ခန့်ကလည်း လက်မှတ်ရေးထိုးခြင်း မပြုလုပ်ကြပါဘူး။

အဲသည် အဲသည် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ဆက်လက်လုပ်ကိုင်ဖို့ ရှိနေပါတယ်။ နိုင်ငံတော်သမ္မတကြီးဖြစ်တဲ့ ဦးထင်ကျော်ကရော၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကပါ အစိုးရ ဖွဲ့စည်းပြီးပြီးချင်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ကြမယ်လို့ ပြောကြပါတယ်။ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းများကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးပွဲကို လာကြမယ်လို့ အသံတွေ ဘာတွေ ပစ်တာလည်း ကြားရပါတယ်။

မေလဆန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒုတိယပင်လုံညီလာခံဆိုပြီး အမြန်ဆုံး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံလို့ ခေါ်ဆိုလိုက်တဲ့ အတွက် ၁၉၈၉ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုနေ့ ပင်လုံကိုသွားဖို့ ဆုံးဖြတ်ခဲ့ကြ၊ သွားကြတာကို သတိရမိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားပေါင်းစုံ အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံကြီး ကျင်းပရမယ်ဆိုတဲ့ စီမံချက်ကို ၁၉၈၈ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲသည် ကြေညာချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သန်လျင် အစည်းအဝေးကြီးမှာ ထုတ်ပြန်ဖို့ စီစဉ်ထားပေမဲ့ သန်လျင်သွားမယ့်ရက်မှာဘဲ မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်အနိစ္စရောက်သွားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် သန်လျင်ကို မသွားနိုင်ဘဲ ဦးဝင်းတင်နဲ့ မောင်မိုးသူတို့ သွားရပါတယ်။

ပြည်ထောင်စုနေ့နီးလာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုနေ့မှာ ပင်လုံကို အရောက်သွားဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပင်လုံကြေညာစာတမ်းကို ပင်လုံကျောက်တိုင်ရှေ့မှာ ဖတ်ကြားကြဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ်။ ပင်လုံကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့အမီ အရောက်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ဟာ ရန်ကုန်က ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ကပဲ စတင်ထွက်ခွါကြပါတယ်။ ၁၀ ရက်နေ့ ည ကလောမှာ ညအိပ်ပြီး ၁၁ ရက်နေ့မှ ကလောက ပင်လုံကို အရောက်သွား၊ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ပင်လုံကျောက်တိုင် မှာ ပင်လုံကြေညာစာတမ်း ဖတ်ကြားဖို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့မှာ မောင်မိုးသူ၊ ဦးဝင်းထိန်၊ ဦးကျော်မင်း၊ ဦးအောင်လွင် နဲ့ ကျန်အဖွဲ့ဝင်များ ပါပါတယ်။ ဖေဖေါ်ဝါရီလဆိုတော့ အလွန်အေးပါတယ်။ ကလောကို ရောက်တော့ ကလောအဖွဲ့ချုပ်က လူကြီးများကို ကလောဟိုတယ်မှာ တည်းခိုဖို့ စီစဉ်ထားပါတယ်။ ကျန်အဖွဲ့ဝင်များကိုတော့ အဖွဲ့ချုပ်ရုံးမှာပဲ တည်းဖို့ စီစဉ်ထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူအပါအ၀င် လူကြီးများလည်း အဖွဲ့ချုပ်မှာပဲ ဖြစ်သလို အိပ်ကြဖို့ စီစဉ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က အတွင်းခန်း၊ မောင်မိုးသူတို့တတွေ အားလုံးက အပြင်ခန်းမှာပဲ တန်းစီအိပ်ကြရပါတယ်။

ကလောက အဲသည်အချိန်က ဘယ်လောက်အေးသလဲဆိုရင် မနက် ၃နာရီလောက်မှာ မောင်မိုးသူ တို့ အားလုံး လန့်နိုးလာကြပြီး မီးဖို မီးလှုံတာတွေ လုပ်ကြပါတယ်။ အခန်းထဲမှာ အိပ်တဲ့ ဒေါ်စုလည်း နိုးလာပြီး ဆက်မအိပ်ကြတော့ဘဲ မိုးလင်းတာနဲ့ ကလောကနေ တောင်ကြီးကို ထွက်ခဲ့ကြပါတယ်။ တောင်ကြီးအဖွဲ့ချုပ်ရုံးမှာ မနက်စာစားကြပြီး တောင်ကြီးကနေ ပင်လုံကို စစ်တပ်က ကွန်ဗွိုင်းက ၉ နာရီ ထွက်မှာဆိုတော့ ၉ နာရီထွက်ဖို့ စီစဉ်ရပါတယ်။ ထို့အတူ တောင်ကြီးက ပင်လုံခရီးတလျှောက်မှာ အဖွဲ့ချုပ်ဝင်များနဲ့ တွေ့ဆုံဖို့ ကြိုတင်စီစဉ်ထားဖို့ ဦးအောင်လွင်နဲ့ ဦးကျော်မင်းတို့ကို ရှေ့ပြေးလွှတ်ထားပါတယ်။ဦးအောင်လွင်တို့ ဦးကျော်မင်းတို့က တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်ရဲ့ ဂျစ်ကား (မှတ်မှတ်ရရ ဂျစ်ကားနံပါတ်က ၃၃၃ ဖြစ်ပါတယ်) နဲ့ သွားကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ တောင်ကြီးမှာ မနက်စာစားအပြီး တောင်ကြီးက ပင်လုံကို စုပေါင်းထွက်ကြရမယ့် စစ်တပ်က ကွန်ဗွိုင်းစခန်းကို ၇း၃၀ နာရီလောက်မှာ ရောက်ကြပါတယ်။ စစ်တပ် ကွန်ဗွိုင်းကားစခန်းကို ရောက်တော့ တပ်မော်တော်ကားတစီးမှလည်း မရှိ၊ လူသူလေးပါးကလည်း မရှိ၊ ပကတိဟင်းလင်းပြင်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။ လိုက်လံပို့ဆောင်ကြသူများက သည်နေရာက စစ်တပ်ရဲ့ ကွန်ဗွိုင်းစခန်းပဲ၊နေ့စဉ် ၉နာရီ မှာ ကားတွေစုကြပြီး ကွန်ဗွိုင်းစနစ်နဲ့ ပင်လုံဘက်ကို သွားကြရတယ်လို့ ဆိုပါတယ်။

ယခု ဒေါ်အောင်ဆန်းစုကြည်တို့ မောင်မိုးသူတို့ ရောက်လာကြချိန် ကွန်ဗွိုင်းစခန်းမှာ စစ်တပ်မှ ကားလည်းမရှိ၊ တခြား တခြားကားတွေလည်း မရှိ၊ သည်အတိုင်းကြီး ဘယ်သူမှ မရှိ၊ ဘယ်ကားမှ မရှိ ဖြစ်နေပါတယ်။ မောင်မိုးသူ တို့ ရောက်သွားချိန်ဟာ ၇ နာရီခွဲလောက်ပဲ ရှိဦးမှာပါ။မောင်မိုးသူတို့လည်း အဲသည်မှာ ရပ်စောင့်ပြီး စစ်တပ်အစောင့်ကားလာနိုးနိုး၊ တခြားကားတွေ ပေါ်လာနိုးနိုးနဲ့ စောင့်ပါတယ်။တနာရီလောက် ရှိလာတဲ့အထိ ဘယ်ကားမှ ပေါ်မလာခဲ့ပါဘူး။ ပုံပန်းကြည့်ရတာ စစ်တပ်ကွန်ဗွိုင်းက ဒေါ်စုလာမှာမို့ ၊ဒေါ်စု ပင်လုံ ခရီးသွားမှာမို့ ကွန်ဗွိုင်းလိုက် မပို့ဆောင်တော့ဘူးလို့ ဆုံးဖြတ်ထားဟန် ရှိပါတယ်။

သည်တော့ ဒေါ်စုနဲ့ မောင်မိုးသူတို့ တိုင်ပင်ရတာပေါ့။ ဘယ်လိုလုပ်မလဲလို့။ အဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်က ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ပင်လုံအရောက်သွားဖို့လေ။ ယခု တောင်ကြီးမြို့အထွက် ကွန်ဗွိုင်းစခန်းမှာ ရောက်နေကြတဲ့ အချိန်က ၁၁ ရက်နေ့ မနက် ၈နာရီလောက်၊ ကွန်ဗွိုင်းစီစဉ်တဲ့ စစ်တပ်ကားမလာခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတော့ ဒေါ်စုက သူတို့လာလာ မလာလာ ကျမတို့သွားရမယ့်ခရီးကို သွားကြဖို့ရှိတာပဲဆိုတော့ မောင်မိုးသူတို့ လူစုပဲရှိတဲ့ ကားနှစ်စီးဟာ ၈ နာရီကျော်ကျော်လောက်မှာ ကွန်ဗွိုင်းစခန်းက ထွက်လာခဲ့ကြပါတယ်။

ပထမဆုံးရောက်တဲ့မြို့ကတော့ ကြိုတဲ့လူလည်း မရှိ၊ ဆိုတဲ့လူလည်း မရှိဖြစ်နေပါတယ်။ ရှေ့ပြေးလွှတ်လိုက်တဲ့ ဦးအောင်လွင်တို့၊ ဦးကျော်မင်းတို့နဲ့ ကြိုဆိုရေးအဖွဲ့က ဒေါ်စုနဲ့အဖွဲ့ဟာ ၉နာရီ ကွန်ဗွိုင်းနဲ့ အတူ ထွက်လာကြမှာမို့ ၁၀ နာရီလောက်မှ ရောက်ကြမယ်ဆိုပြီး ကြိုဆိုရေး လုပ်ဆောင်ထားကြတာတဲ့။ မောင်မိုးသူတို့က ၉ နာရီ ရောက်သွားတာလေ။ အဲသည့်မြို့ကို ကျော်ပြီး နောက်တမြို့ရောက်မှ အဖြစ်အပျက် အကျိုးအကြောင်းသိရလို့ ဒေါ်စုက နောက်ကြောင်းပြန်လှည့်ရအောင်လို့ ပြောပါသေးတယ်။ မြို့ခံတွေက နောက်ကြောင်းတော့ ပြန်မလှည့်ပါနဲ့၊ အပြန်မှဝင်ပါဆိုတာနဲ့ ခရီးဆက်ကြရတယ်။

ပင်လုံရောက်တော့ ဦးခမ်းတီတို့ အိမ်မှာ ညအိပ်ကြရပါတယ်။ အတော်ကို အေးပါတယ်။

နောက်နေ့မနက် ၆ နာရီ ပင်လုံကျောက်တိုင်ရှေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပင်လုံကြေညာစာတမ်းကို မောင်မိုးသူက ဖတ်ပါတယ်။ ၉ နာရီမှာတော့ လူထုအစည်းအဝေးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောပါတယ်။

နေ့ခင်းကျတော့ တောင်ကြီးကို ပြန်လာကြတယ်။ ညပိုင်း မရွှေဝါတို့အိမ် ခြံဝင်းထဲမှာ တောင်ကြီးက မြို့ခံလူကြီးများကို ဧည့်ခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနဲ့ အင်တာဗျူးရှိလို့ ဒေါ်ခင်မိုးမိုးတို့အိမ်သွားနေတုန်း မောင်မိုးသူကပဲ ဧည့်သည်တွေကို ဧည့်ခံနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်ချုပ်ဆိုစဉ်က ပါဝင်ခဲ့သူတဦးက ဒေါ်စုကို ပင်လုံစာချုပ် အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်ကြောင်းပြောတော့ ဒေါ်စုက ဖေဖေက သူ့ခေတ်သူ့အခြေအနေအရ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ခေတ်ပြောင်းအခြေအနေအရ ဒုတိယပင်လုံလို့ အစည်းအဝေးကို ခေါ်ယူပြီး တိုင်ပင်ဆွေးနွေးညှိနှိုင်းကြဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောငါဆန်းစုကြည်ဟာ ၁၉၈၉ ပြည်ထောင်စုနေ့ တောင်ကြီးမြို့ခံများနဲ့ တွေ့ဆုံစဉ်ကပဲ ဒုတိယပင်လုံညီလာခံ လုပ်ကြဖို့လိုတဲ့အကြောင်း ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။

ပင်လုံနှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts