စာအုပ်စင် နောင်ကျော်

မေသင်္ကြန်ဟိန်ရေးတဲ့ ABSDF ကျောင်းသားဟောင်းများရဲ့ မြောက်ပိုင်း ခရီး စာအုပ်

မေသင်္ကြန်ဟိန်ရေးတဲ့ ABSDF ကျောင်းသားဟောင်းများရဲ့ မြောက်ပိုင်း ခရီး စာအုပ် 
(နောင်ကျော်ဖေ့စ်ဘွတ်) မိုးမခ၊ မေ ၆၊ ၂၀၁၆

ဒီရက်ပိုင်းထဲမှာ နေကပူလွန်းပြီး အိုက်လွန်းတာကြောင့် ရေးလက်စ စာတောင် ဆက်ရေးလို့မရ ဈာန်သွင်းလို့မရတာနဲ့ စာအုပ်စင် ကိုကြည့်ရင်း လက်ထဲရောက်နေတာကြာပေမယ့် မဖတ်ရသေးတဲ့ ဒီစာအုပ်ကိုဆွဲယူမိတယ်။ မဝေမာညွန့်ရဲ့ မှတ်တမ်းရုပ်ရှင်ပွဲတုန်းက ဆရာမ မေသင်္ကြန်ဟိန်က လက်ဆောင်ပေးလိုက်တာ။

အင်တာဗျူးလုပ်ထားတဲ့စာအုပ်ဆိုပေမယ့် retold ပုံစံမျိုးနဲ့ ရေးထားတယ်။ မြောက်ပိုင်းအေဘီ မှာ ထောက်လှမ်းရေးလို့ မတရားစွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ကြရတဲ့သူတွေထဲက  မနန်းအောင်ထွေးကြည်နဲ့ ကိုရဲလင်းတို့ရဲ့ ပြောပြ ထားတာတွေ။ဖတ်ရင်း ဒေါသထွက်ရ နာကြည်း ကြေကွဲရ တုန်လှုပ်ချောက်ချားရ အံ့သြစိုးထိတ်ရ ဖြစ်မိတဲ့ စာအုပ်ပါ။

ဒီစာအုပ်ကိုဖတ်ရင်း ပန်ချီထိန်လင်းရဲ့ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်း စာအုပ်နဲ့ ဖိုးစန်း(ကသာ)ရဲ့ ပါဂျောင်က ရောမကျွန် စာအုပ်တွေကို ပြန်သတိရတယ်။သူတို့လည်း အဲဒီမှာ နှိပ်စက်ခံခဲ့ရသူတွေကိုး။

ဒီစာအုပ်ထဲက ကိုရဲလင်းနဲ့ မန္တလေးအိုးဘိုထောင်မှာ ဆုံခဲ့ဖူးတယ်။ မြောက်ပိုင်းအေဘီတုန်းက ထောက်လှမ်းရေးဆိုပြီး နှိပ်စက်ခံခဲ့ရတာ မသေလို့ မြေပေါ်ပြန်ရောက်လာတော့ နိုင်ငံရေး ဆက်လုပ်ရင်း စစ်အစိုးရရဲ့ထောက်လှမ်းရေး အစစ်တွေက ဖမ်းပြီးနှိပ်စက် ထောင်ချခံရသူတွေထဲမှာ ကိုရဲလင်းလည်းပါတယ်။အမှုတွဲတွေအများစုက မြောက်ပိုင်းအေဘီမှာ နှိပ်စက်ခံခဲ့ရသူတွေ။

အဲဒီမြောက်ပိုင်းမှာ ထောက်လှမ်းရေးဆိုပြီး အဖမ်းခံရသူ ၁၀၁ ဦး ရှိတယ်လို့ဆိုတယ်။ မြောက်ပိုင်းအေဘီရဲ့ အင်အားက ၄၀၀ လောက်ပဲ ရှိတာတဲ့လေ။ အဲဒီဖမ်းခံရသူတွေထဲက ၃၉ယောက်ဟာ အသတ်ခံရ အနှိပ်စက်ခံရလို့ သေခဲ့ကြရတယ်လို့ ဆိုတယ်။ခုချိန်ထိအောင် အမှုမှန် မဖော်ထုတ်ရသေးတဲ့ ပြဿနာကို ပြန်ဖွတာ မဟုတ်ပါ။ မဖတ်ရသေးသူတွေ ဖတ်ချင်ရင် ဖတ်နိုင်ဖို့ ညွှန်းတာသာ ဖြစ်ပါတယ်။

စိတ်ဝင်စားရင် တောင်ပိုင်း အေဘီဗဟိုရဲ့ ပထမဆုံးဥက္ကဌ ကိုထွန်းအောင်ကျော် ရေးတဲ့ စာအုပ်ကိုပါ ဖတ်သင့်ပါကြောင်း။

ဒီ မြောက်ပိုင်းခရီး စာအုပ်ကို လဝန်းသစ်စာပေက ထုတ်ဝေခဲ့ပြီး တန်ဖိုးကျပ် ၂၅၀၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts