ကဗျာ

လင်းသက်ငြိမ် ● ဘာလိုလိုကဗျာ

 လင်းသက်ငြိမ် ● ဘာလိုလိုကဗျာ
(မိုးမခ) မေ ၅၊ ၂၀၁၅

ဆတ်ဆော့မိတဲ့နေ့တွေဆို တစ်ခုခုနဲ့ ထိခိုက်မိတော့တာပဲ
ဖဲသမားချင်း ဖဲသမား အဆင်ပြေတယ်
လှည်းသမားချင်း လှည်းသမား အဆင်ပြေတယ်
ကိုယ်ဆံပင် ကိုယ်သနေစမ်းပါ
ကိုယ့်လက်သည်း ကိုယ်ကိုက်နေစမ်းပါ
အနေအထားက အမှိုက်မပစ်ရဆိုရင် မကြိုက်ဘူး
သူပစ်တဲ့အမှိုက်ကိုကောက်ရင် ဟားတိုက်မယ်
သဘာဝကျရင် ဟာသဘယ်မြောက်ပါတော့မလဲ
ရန်ပွဲတွေမှာ ဆွဲတဲ့လူ အထိနာတဲ့ဖြစ်ရပ်ဆိုတာ
အထူးအဆန်းမှ မဟုတ်တော့တာပဲ
CCTV က မင်းကိုကြည့်နေတာဟာ
မင်း အမှားလုပ်မယ့်အချိန်တွေအတွက်ပါပဲ
မင်းဘောင်းဘီ ဆေးလိပ်မီးလောင်နေခြင်းအတွက်
လှမ်းပြီးသတိပေးလိမ့်လို့ ဘယ်တော့မှမထင်နဲ့
အကြီးကြီးပြောပါ …..
အကျယ်ကြီးပြောပါ …..
ဘယ်သူမှဂရုမစိုက်မယ့်အတူတူတော့
အနည်းဆုံး ကိုယ့်ကိုယ်ကိုကျေနပ်တဲ့အထိပေါ့
အေးအေးဆေးဆေးဆိုတာ
အေးစက်နေတဲ့ ဆေးဝါးတွေနဲ့ ဆိုင်လား မဆိုင်ဘူးလား
ဒဏ်ရာရတဲ့နေ့မှာ နို့ဆီဗူးတွေ
လက်ဆောင်ရတယ်ဆိုတော့
ကံတရားက လှမ်းစနောက်နေပြီလို့ သဘောပေါက်လိုက်
လက်ညှိုးညွှန်ရာနေရာတိုင်း ကြေကွဲစရာကြီးပဲ
ဆွဲလက်စပန်းချီကားလို
ရေးလက်စကဗျာလို မနက်ဖြန်ဟာ
ပွင့်မလာသေးတဲ့အဓိပ္ပါယ်တွေနဲ့
ရယ်တတ်ရင်တော့ ရယ်စရာချည်း
ငိုတတ်ရင်လည်း ငိုစရာချည်းပဲ
လူစွမ်းလူစနည်းလာပြီဆိုကတည်းက
ဂျာနယ်ကို ဗေဒင်ပါတာပဲ ရွေးဝယ်ဖြစ်လာတော့တယ်
ပေါက်ပန်းစေးတွေနဲ့
အသေအပျောက်သတင်းတွေနဲ့
ကိုယ့်ခြေထောက်အောက်က
မြေကြီးကို အထိတ်တလန့်ပြန်ပြန်ကြည့်နေမိတာ
ခေတ်ပေါ်နေထိုင်မှုပုံစံပဲ
အခြေအနေတွေတိုင်းမှာ
နောက်ကွယ်က အရိပ်မည်းကြီးနဲ့ လွှတ် မလွှတ်
အဖြစ်အပျက်အတိုင်းမှာ
တရားခံကပျောက်နေကြဆိုတော့လည်း
ဗာရာဏသီမှာ ဘာမင်းကြီးရဲ့ ဘာသမီးတော်လေး
အစရှိသဖြင့် ဘာမှန်းမသိတဲ့ပုံပြင်တွေနဲ့
ဘာလိုလို ကမ္ဘာ
ဘာလိုလို နေရာ
ဘာလိုလိုကဗျာကို ခင်ဗျားဖတ်ရှုလို့ ပြီးဆုံးပြီလို့
ပြောရင်လည်း ရပါပြီဆိုတဲ့အကြောင်း ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts