ကဗ်ာ

ေ ဆ ာ င်း ဖြူ – အ ဖြ စ် အ ပျ က် များ

ေ ဆာ င်း ဖြူ – အ ဖြ စ် အ ပျ က် များ

မိုး မ ခ ၊ မေ ၂၊ ၂၀၁၆

(နာ ဂ စ် အ တိ တ် ဆိုး ရှ စ် နှစ် ပြည့်)
+++++++++++

_မုန်တိုင်းဆိုးညစ်

နာဂစ်တဲ့

အပြစ်မဲ့လူသားတွေ

အရွယ်သုံးပါးမရွေး

အသက်တွေ စတေးခဲ့ရတယ် ။

_ကယ်ပါ ယူပါ ကူပါ

ရေလှိုင်းကြားကအသံများ

အမှောင်ညထဲကအသံများ

ဘယ်သူကမှ ဘယ်သူ့ကိုမှ မကူနိုင် မကယ်နိုင်

နောက်ဆုံး

ကိုယ့်အသက်ရှင်ခွင့်ကိုတောင် မကာကွယ်နိုင်

မသေခင် ဘယ်သူ့ကိုတိုင်တည်ရမှာလဲ

ဒီမှာတော့ လောကငရဲကျခဲ့ပြီ ။

_အိမ်အမြင့်က ရှိလှမှ ၇ ပေ

ရိုက်ခတ်လာတဲ့ရေက ပေ ၂၀ နီးပါး

အသက်တွေကို ဘယ်နားမှာ ဖက်နဲ့ထုပ်ထားရမလဲ ။

_မြစ်နားချောင်းနားကလူတွေ

ရေကူးတော့ ကျွမ်းကျင်ပါပေရဲ့

ဒါပေမဲ့

ပိန်းပိတ်အောင်မှောင်နေတဲ့အမှောင်

တောင်လောက်မြင့်တဲ့လှိုင်းများ

ဘယ်နေရာကြည့်ကြည့် ပင်လယ်ပြင်

ရင်ခွင်မှာဖက်ထားတာက သား ၁ သမီး ၂

ဘယ်နှမိနစ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ

ရိုင်းစိုင်းကြမ်းကြုတ်တဲ့မုန်တိုင်းလက်တွေက

အားလုံးကို တစစီ

ဆွဲဆုတ်ပစ်ကြတယ် ။

_မုန်တိုင်းမလာခင်လေပြည်ညင်း

ချစ်ခြင်းတွေနဲ့ အပြုံးချင်းဖလှယ်

“အခါတော်ပေးပါတဲ့ နတ်ရေးငယ်ရွှေစာ…” တဲ့

မနက်မှာမင်္ဂလာ ညကျအမင်္ဂလာ

မုန်တိုင်းကြားမှာ

သတို့သားကတနေရာ သတို့သမီးကတနေရာ

ဖွေလို့ရှာလို့မရ

လေတွေက တရွှီးရွှီးနဲ့ပြင်းထန်လာ

ရေလှိုင်းတွေက တ၀ုန်းဝုန်းနဲ့ရိုက်ခတ်

သစ်ပင်တွေက တအုန်းအုန်းနဲ့ပြိုလဲ

မနက်တုန်းကတွဲခဲ့တဲ့ရွှေလက်

ကောက်ရိုးမျှင်ကိုတောင် ဖက်တွယ်ခွင့်မရကြရှာဘူး ။

_” မုန်တိုင်းမကျခင် ညနေကမှ

မျက်နှာမြင်ထားတဲ့သား

လေတွေမိုးတွေကြားမှာ ငိုတောင်မငိုနိုင်ရှာဘူး၊

ကလေးကိုစောင်ထူထူပတ်

မျောလာတဲ့ဒန်အိုးထဲထည့်သိပ်

အိမ်ခေါင်မိုးထုတ်တန်းဖက်တွယ်

အန္တရာယ်ကိုရင်ဆိုင်ခဲ့ရတယ်၊

ဒီကောင်လေးကိုလွယ်ထားတုန်းက

အုန်းသီးစားချင်တဲ့ချဉ်ခြင်းဟာ

မုန်တိုင်းပြီးမှတည့်တည့်ကျတော့တယ် ” တဲ့ ။

_ဘေးဒုက္ခအသွယ်သွယ်ကြားက လွတ်မြောက်လာခဲ့တဲ့ မိခင်ခမျာ

စားစရာတွေပြတ်တော့

ကြွေနေတဲ့အုန်းသီးတွေကိုလိုက်ကောက်

ထုခွဲစားသောက်ရကြောင်း

ပြန်ပြောင်းပြောပြရှာရဲ့ ။

_အဲဒီညက

စစ်ပွဲတွေရဲ့အလယ်ကောင်တည့်တည့်ကို ရောက်နေသလိုပဲ တဲ့

အလောင်းပုံကြားထဲက

လူးလွန့်ရှင်သန်လာသူ လူတယောက်

စိတ်ကယောက်ကယက်ဖြစ်သွားတယ်

အသံတွေက တ၀ုန်းဝုန်း တရွှီးရွှီး တဒိုင်းဒိုင်း

လှိုင်းတွေက ရန်သူတွေလိုအလိပ်လိုက်တက်လာ

မျောပါလာတဲ့ သစ်တိုသစ်စ ပစ္စည်းအပိုင်းအစတွေက

ရန်သူ့လက်နက်တွေလို

ကာကွယ်စရာဆိုလို့

ကိုယ့်လက်ဖ၀ါးကလေးသာရှိတဲ့လူတွေကို

မညှာမတာရက်ရက်စက်စက်

ထိုးနှက်တိုက်ခိုက်ခဲ့တယ် ။

_မနက်လင်းတော့

အနီးအနားဝန်းကျင်

ကြည့်မြင်ရက်စရာမရှိ

ပက်လက် မှောက်ခုံ ဖြစ်သူဖြစ်

စွေစောင်း ဇောက်ထိုး ဖြစ်သူဖြစ်

၁ .. ၂ .. ၃ .. ၄ .. ၅ ..

အဲဒီနောက်က သုညပေါင်းများစွာ

ဟိုမှာ ဒီမှာ

အနိဋ္ဌာရုံကမ္ဘာ ။

_သိုမှီးထားတဲ့ဝမ်းစာတွေ

ကျွဲတွေ နွားတွေ လှေတွေ အိမ်တွေ ကျောင်းတွေ

ပျက်စီးဆုံးရှုံးပြိုလဲ

အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေ

ကလေးတွေ

ဘယ်မှာခိုကိုးရမလဲ

ဘယ်လိုလုပ်ကိုင်စားသောက်ရမလဲ

ပညာကိုဘယ်မှာရှာရမလဲ

…………………………………

ဆို့နင့်ကြေကွဲ ၀မ်းနည်းစရာ ။

_ပစ္စည်းဥစ္စာဆိုတာ

ပြန်ရှာရင်ရသတဲ့

လူ့အသက်လောက် ဘယ်ဟာကမှတန်ဖိုးမရှိဘူးတဲ့

လူ့အသက်တွေ လူ့အသက်တွေ

လူ့အသက်ပေါင်းများစွာ

သေမင်းခေါ်ငင်သွားလိုက်တာ

သေရွာမှာ လူတောင်ဆန့်ပါသေးရဲ့လား

ဘယ်အငြိုးနဲ့ ဘယ်လိုမိုးကိုရွာချခဲ့တာလဲ ။

_ဒါကို ၀ဋ်ကြွေးလို့ ဆိုလိုချင်သလား

မွေးကတည်းကနင်းပြားဘဝ

ဝဋ်ကြွေးဆိုတာ အဲဒီကပဲစခဲ့တာပါ

ဘ၀တွေကမပြည့်စုံ လုံလည်းမလုံခြုံ

ဘယ်အရာကိုယုံကြည်ရမလဲ

ဘယ်အရာကိုဖက်တွယ်ရမလဲ

ဒီမှာတော့

မိတကွဲ ဖတကွဲ သားတကွဲ မယားတကွဲ

အားလုံးသေကွဲ ခွဲခဲ့ကြရပြီ

စိတ်ဓာတ်တွေလည်း တစစီပြိုကွဲခဲ့ရပြီ ။

_မုန်တိုင်းဆိုးညစ်

နာဂစ်တဲ့ ။

ေ ဆာ င်း ဖြူ

ဇူလိုင် ၉ ၊ ၂၀၀၈

(နာဂစ်ကယ်ဆယ်ရေးကာလက ရေးဖြစ်ခဲ့တဲ့ကဗျာကို နာဂစ်အတိတ်ဆိုး ရှစ်နှစ်ပြည့်မှာ

မိုးမခကတဆင့် ဖော်ပြလိုက်ပါတယ်။)

(မိုးမခ လစဉ်ထုတ် မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၅)၊ မေလ ၂၀၁၆ ခုနှစ်တွင် ပုံနှိပ်ခဲ့သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts