ကဗျာ

နရီမင်း ● ငတ်နေတဲ့ လူအုပ်ကြီး


နရီမင်း ● ငတ်နေတဲ့ လူအုပ်ကြီး
(မိုးမခ) မေ ၁၊ ၂၀၁၆

နေအပူက ပြင်းလှတယ်။
လမ်းတွေပေါ်
ကတ္တရာတွေ အရည်ပျော်ပြီး
ကွန်ကရစ်တွေ ကွဲအက်ကုန်တယ်။
အဲ့ဒီလမ်းတွေပေါ်
ခြေဗလာတွေနဲ့ လျှောက်လာတာ
ငတ်နေတဲ့ လူအုပ်ကြီးပါကွယ်။

နေရောင်ပြင်းပြင်းအောက်
လမ်းပေါ် ချီတက်လာရင်း
ကလေး နို့လှန်တိုက်နေတဲ့ အလုပ်သမလေးရဲ့ ရင်ထဲကအပူ
မျှမယူချင် နေပါ
မကူနိုင်ရင်လည်း နေပါ
ရက်ရက်စက်စက်
သရော်လှောင်ပြောင်ရက်သူဟာ
လူမှ ဟုတ်ရဲ့လားကွယ်။

ဒီလူတွေဟာ
ငတ်နေတဲ့ သူတွေပါကွယ်။
မတော်လောဘနဲ့
မတရားအခွင့်အရေး တောင်းဖို့ ဝေးစွ
လုပ်ခလေးတောင်
တိုးတောင်းနေတာမှ မဟုတ်တာပဲ။
မဝရေစာ စားနေရတဲ့ အလုပ်ကလေးတွေကနေ
မတရားအထုတ်ခံရလို့
အားကိုးရာမဲ့နေသူတွေပါကွယ်။

ဒါကိုပဲ
ဘယ်အစိုးရတက်တက်
ဖင်လျက်မယ့် သူတွေက
အအေးခန်းထဲကနေ
အွန်လိုင်းပေါ် တက်လာပြီး
ဖွဘုတ်ကနေ
ဘုမသိဘမသိနဲ့
ငတ်နေတဲ့ သူတွေကို
တစ်တစ်ခွခွ ဆဲဆိုကြတယ်။

သူတို့ တောင်းနေတာ
ကားလည်း မဟုတ်
အိမ်လည်း မဟုတ်
မြေကွက်လည်း မဟုတ်
နှစ်သောင်းယောင်ဆောင်ထားတဲ့
သိန်း ၅၀ တန်
လက်ဆောင်ထုပ်လည်း မဟုတ်
ယုတ်စွအဆုံး
မင်းတို့ အသံကောင်းဟစ်နေတဲ့
ဒီမိုကရေစီတောင်မှ မဟုတ်တာပဲကွယ်။
ငတ်ပြီး မသေသွားရလေအောင်
သူတို့အလုပ်ကလေးတွေပဲ
ပြန်တောင်းနေတာပါ။

သူတို့ဟာ
အစိုးမရတဲ့
အခုအစိုးရရယ်လို့ ဖြစ်လာအောင်
မဲပေးခဲ့ကြသူတွေပါကွယ်။
သူတို့ဟာ
ပြည်သူတွေပါ
အစိုးရဆန့်ကျင်သူတွေလည်း မဟုတ်ပါဘူး။
ငတ်နေတဲ့ မဲဆန္ဒရှင်ပြည်သူတွေဟာ
မင်းတို့ ပြောပြောနေတဲ့
ပြည်သူ့အစိုးရဆီ
အားကိုးတကြီး ချီတက်လာကြတာပါကွယ်။

နရီမင်း
မေဒေးနေ့ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts