Ni July ကဗျာ

နီဇူလိုင် -သတင်း ခေါင်းစဉ်များ

နီဇူလိုင် -သတင်း ခေါင်းစဉ်များ 
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆

သတင်းကမ္ဘာထဲမှာ သတင်းစာဖတ်တယ်..။
သတင်းခေါင်းစဉ်တွေက စာလုံးမည်းကြီးတွေနဲ့..။
စာလုံးမည်းကြီးတွေနဲ့ သတင်းခေါင်းစဉ်တွေက..။
…အစ္စလာမ္မစ်အစွန်းရောက်
….ဓားစာခံ
….ခေါင်းဖြတ်ကွပ်မျက်…။
….ဗုဒ္ဓဘာသာအစွန်းရောက်
….ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ
….အဓမ္မစေတီဝင်တည်..။

နောက်စာတမျက်နှာလှန်လိုက်တယ်..။
သတင်းခေါင်းစဉ်တွေက စာလုံးမည်းကြီးတွေနဲ့..။
စာလုံးမည်းကြီးတွေနဲ့ သတင်းခေါင်းစဉ်တွေက..။
.. ရုတ်တရက်.. မြစ်ရေကြီးခြင်း..
…မြစ်ကမ်းပါးလူနေအိမ်များ နစ်မြုပ်..။
….မြန်မာပြည်အလယ်ပိုင်း အပူလွန်ကဲ.
…လူအများ…သောက်သုံးရေပြတ်လပ်..။

နောက်စာတမျက်နှာ လှန်လိုက်တယ်..။
သတင်းခေါင်းစဉ်တွေက စာလုံးမည်းကြီးတွေနဲ့..။
စာလုံးမည်းကြီးတွေနဲ့ သတင်းခေါင်းစဉ်တွေက..။
….နေပြည်တော်..
…၂၁ ရာစုပင်လုံညီလာခံ
….အပစ်အခတ်ရပ်စဲရေးစာချုပ်.။

…ကချင် ၊ရှမ်း၊ ရခိုင်
…စစ်ပြေးဒုက္ခသည်များ
အိုးအိမ်စွန့်ခွာထွက်ပြေး..

စာတမျက်နှာပြီးတမျက်နှာ
သတင်းခေါင်းစဉ်တွေက စာလုံးမည်းကြီးတွေကိုဖတ်ရင်း
စာလုံးမည်းကြီးတွေနဲ့ သတင်းခေါင်းစဉ်တွေကို ဖတ်ရင်း

ဘာသာရေးဟာ
ယဉ်ကျေးမှုကို မြစ်ဖျားခံတယ်..ဆိုတာ သံသယဖြစ်လာတယ်..။
သဘာဝတရားဟာ
ဂေဟဗေဒညီမျှစေတယ်ဆိုတာ သံသယဖြစ်လာတယ်..။
ငြိမ်းချမ်းရေးဟာ…
ဘေးမသန်း အေးချမ်းတယ်ဆိုတာ သံသယ ဖြစ်လာတယ်..။

သတင်းကမ္ဘာထဲမှာ … သတင်းစာကို ဖတ်ရင်း
သတင်းခေါင်းစဉ်ကနေ ရှေ့ ဆက်မဖတ်ရသေးခင်မှာပဲ
သတင်းခေါင်းစဉ်တွေထဲက စာလုံးမည်းကြီးတွေက ခုန်ခုန်..ထွက်လာ
စာလုံးမည်းကြီးတွေထဲက..သတင်းခေါင်းစဉ်တွေက..ခုန်ခုန်..ထွက်လာ..။

နီဇူလိုင်
၂၈.၄.၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts