ကဗျာ

ဝါကျဖြူ – လူနဲ့ ကမ္ဘာမြေ

Photo – Aung Htet

ဝါကျဖြူ – လူနဲ့ ကမ္ဘာမြေ 
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆

ကမ္ဘာမြေဟာ
ဗလုံးဗထွေဖြစ်နေတဲ့စိတ်ထဲက
စိုက်ပျိုးစရိတ်ချေးငွေတွေကို
ကြောက်ရွံ့စိတ်ထဲ မျိုးစေ့ကျဲလို့
မိုဇလဟာဆေးပေါလိပ်မီးခိုးငွေ့ထဲကနေ
အကြမ်းပန်းကန်ထဲဝင်သောက်တယ် ။

ပျောက်ဆုံးနေတဲ့ မျိုးစေ့ထဲမှာ
စပါးလုံးထဲက ဆန်ကောင်းတစ်စေ့ကိုလိုက်ရွေးဖို့
လူနဲ့ကမ္ဘာမြေကိုတယ်လီပသီနည်းနဲ့
ကော်နက်ရှင်ဖြတ်တောက်ပစ်ခဲ့တယ် ။

လမ်းမတွေကိုလူငယ်တွေက
စီကရက်တလိပ်လို မီးညှိပြီး
အားရပါးရဖွာရှိုက်နေတယ်
အဆုတ်ထဲကပြန်ထွက်လာတာက
သက်ပြင်းနဲ့ရောနေတဲ့မီးခိုးတွေ
ရှာဖွေမှုတွေဟာ
ကောင်းကင်ဆီဆက်မရောက်နိုင်တဲ့ မီးခိုးငွေ့တွေပါပဲ ။

တမြို့လုံး မီးခိုးတွေ သိမ်းပိုက်ထားတယ် ။
မီးခိုးငွေတိမ်တောင်တွေကြားက မြို့ကလေးဟာ
ဘတ်စ်ကားတွေပေါ်မှာ
လမ်းဘေးဈေးဆိုင်တန်းလေးတွေမှာ
လူမှုကွန်ယက်ကော်နက်ရှင်မှာ
အိပ်ချင်စိတ်ကို အယားဖျောက်နေခဲ့ကြ ။

လမ်းတွေဟာ
နေ့ရက်တွေကို အတူတူစုထပ်ထားပြီး
အနာဂတ်ပျောက်ဆုံးခြင်းတွေ အတူတူစုထားတဲ့လူတွေကို
စုဗူးတလုံးထဲစုထည့်ခဲ့သလိုပါပဲ
အရှေ့/အနောက်/တောင်/မြောက်ကိုလျှောက်လိုက်တယ်
မီးခိုးရောင်တွေလွင့်နေတဲ့ တမိုးအောက်မှာ
ဘယ်နားက
ကပ်လျှောက်မှရောက်မှာလဲ ။

ဝါကျဖြူ
26.04.2016
6:10pm


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts