သူတို့အာဘော်

ခိုင်ကြည်သစ် – ပထမ၊ ဒုတိယ မှသည် နောက်ဆုံးအထိ

Photo – EPA


ခိုင်ကြည်သစ် – ပထမ၊ ဒုတိယ မှသည် နောက်ဆုံးအထိ
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၆

(၁)

နှစ်သစ်ကူးကာလမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နှစ်သစ်ကူးမိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရတရပ်ရဲ့အနှစ်သာရကို အမေရိကန်ပြည်ထောင်စုရဲ့(၁၆) ယောက်မြောက်သမ္မတ အီဗရာဟမ်လင်ကွန်း က “of the people, by the people, for the people – ပြည်သူကရွေးချယ်တင်မြှောက်ပြီး ပြည်သူ့အတွက်ဖြစ်သော ပြည်သူ့အစိုးရ” လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ လူထုခေါင်းဆောင်ကတော့ သူမရဲ့မိန့်ခွန်းမှာ ဒီမိုကရေစီအစိုးရရဲ့အနှစ်သာရကို “ပြည်သူသာပထမ၊ ပြည်သူသာ ဒုတိယ၊ ပြည်သူသည်သာနောက်ဆုံးအထိ” လို့ ဖွင့်ဆိုပြခဲ့ပါတယ်။

အစိုးရသစ်ရဲ့သဘောထားတွေအနက် ပြည်သူ့ရင်ထဲအထိဆုံးကတော့ လွပ်လပ်ရေးဗိသုကာကြီး ဗိုလ် ချုပ်အောင်ဆန်းပြောခဲ့တဲ့ “တိုင်းပြည်ကို သစ္စာ၊ မေတ္တာနဲ့ အုပ်ချုပ်ပါမယ်” ဆိုတဲ့ကတိစကားကို သမီးဖြစ်သူ လူထုခေါင်းဆောင်က ထပ်လောင်း ကတိပြုပြောဆိုခဲ့တာကိုပါ။

လူထုခေါင်းဆောင်အနေနဲ့ အစိုးရသစ်ရဲ့မူဝါဒလမ်းစဉ်များနဲ့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ကိုရှင်းလင်းပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးလည်း ပြည်သူတွေ မနာတဲ့နည်းနဲ့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ တဆက်တည်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုး သားရင်ကြားစေ့ရေးတို့ကိုလည်း ချိတ်ဆက်ပြောကြားခဲ့တာကို တွေ့ရှိရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက် ဒရယ်ပြည်ထောင်စုစစ်စစ်ပေါ်ပေါက်ရေးဟာလည်း ဆက်စပ်နေတယ်လို့ မီးမောင်းထိုး ပြောဆိုခဲ့ပါသေးတယ်။

လူထုခေါင်းဆောင်ပြောကြားခဲ့တဲ့ကိစ္စရပ်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ စိတ်လှုပ် ရှားစရာအကောင်းဆုံးဖြစ်ပါတယ်။ အစိုးရသစ်နဲ့ လူထုခေါင်းဆောင်အနေနဲ့ ဘယ်သူမှမထင်ထားတဲ့နည်းတွေနဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်ထဲကနေပဲ ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက်ဆောင်ရွက်ပြနေတာကို ရင်သပ်ရှုမောဖွယ်တွေ့မြင်နေရတဲ့ ပြည်သူတွေအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ငွေရောင်ပိတ်ကားကို ဆက်လက် စောင့်ကြည့်ဖို့ စိတ်အားထက်သန်နေကြမှာ အသေအချာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့မိန့်ခွန်းထဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း (၁) ပုဒ်မ (၄) မှာဖော်ပြထားတဲ့ “နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်” ဆိုတဲ့ပြဋ္ဌာန်းချက်ကို သူမရဲ့မိန့်ခွန်းမှာ ကိုးကားပြောဆိုခဲ့ပါသေးတယ်။ ဒီပြဋ္ဌာန်း ချက်ကို ဥပဒေစကားနဲ့မဟုတ်ပဲ အရပ်သားစကားနဲ့ ပြောရရင်တော့ နိုင်ငံတော်ကို ပြည်သူကသာ ပိုင်ဆိုင်ပြီး ပြည်သူကိုယ်တိုင် အုပ်ချုပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါကြောင့်ပဲ “ပြည်သူသာ ပထမ၊ ပြည်သူသာ ဒုတိယ၊ ပြည်သူသာ နောက်ဆုံးအထိ – People are the first, second and till the last” လို့ ဆိုခဲ့တယ်ထင်ပါတယ်။

(၂)

အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့တိုက်ရိုက်ပတ်သက်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ ဒါပေမဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းပြည်တိုးတက်ကြီးဖွားဖို့ဆိုတဲ့အချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ ဆက်စပ်ပတ်သက်မှုရှိသလားဆိုတာ ဆန်းစစ်ဝေဖန်ထိုက်ပါတယ်။

တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ပြောဆိုနေရခြင်းက တန်းတူညီမျှမှုရရှိနိုင်ဖို့ ဖြစ်ပါ တယ်။ စစ်တပ်နဲ့အရပ်ဖက်ကြား၊ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား၊ လူထုလူတန်းစားအသီးသီးကြား တန်း တူညီမျှဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်က အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ က နိုင်ငံသားအားလုံးအတွက် တန်းတူညီမျှမှုကို အာမခံချက်ပေးနိုင်မယ်ဆိုရင်၊ တနည်းအားဖြင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူ့ထံက အမှန်တကယ် ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ တည်နိုင်ပြီဆိုရင် အမျိုး သားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးတို့ဟာ အစဉ်လိုက် ဖြစ်ပေါ်လာမှာပါ။ အဲဒီလိုဖြစ်ပေါ်လာခြင်းရဲ့နောက်မှာ ပြည်သူအားလုံးရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည် တိုးတက်ကြီးပွားမှု၊ နိုင်ငံသားတွေရဲ့စွမ်းဆောင်ရည်မြင့်မားလာမှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ချုပ်ပြီးပြော ရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ တန်းတူညီမျှမှုရှိရေးကို အာမခံချက်ပေးဖို့ဖြစ်ပြီး တန်းတူညီမျှ မှုရှိမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်ပါလိမ့်မယ်။

(၃)

အင်္ဂလန်နိုင်ငံဆိုတာ ၁၅၈၈ ခုနှစ်မတိုင်ခင်အထိ လူမသိသူမသိ နိုင်ငံငယ်လေး တခုဖြစ်ပါတယ်။ အဋ္ဌမ မြောက် ဟန်နရီဘုရင် (Henry VIII) နဲ့ သမီးဖြစ်သူ ပထမမြောက်မေရီဘုရင်မ (Mary I) တို့လက်ထက်၊ ၁၅၀၀ ပြည့်နှစ်ပတ်ဝန်းကျင်တွေမှာ ဘာသာရေးအရ တန်းတူညီမျှမှုမရှိတဲ့အတွက် တိုင်းသူပြည်သားတွေဟာ စိတ်နှလုံးမချမ်းမြေ့ကြရသလို သွေးစည်းညီညွတ်မှုလည်း မရှိခဲ့ပါဘူး။ ရှင်ဘုရင်နဲ့ အယူအဆမတူသူတွေ၊ ဘာ သာရေးယုံကြည်ချက်မတူသူတွေ၊ ဘုရင့်အကြိုက် မလိုက်သူတွေကို ရှင်းလင်းသုတ်သင်ခဲ့ပါတယ်။ မေရီ ဘုရင်မ ဆိုရင် ပရိုတက်စတင့် (Protestant) ဂိုဏ်းဝင်တွေကို သုတ်သင်လွန်းမက သုတ်သင်လွန်းလို့ သွေးစွန်းတဲ့ မေရီ (Bloody Mary) လို့တောင် သမိုင်းမှာ အမည်ရခဲ့ပါတယ်။ ပြောချင်တာကတော့ အဲဒီခေတ် အင်္ဂလန်နိုင်ငံမှာ တန်းတူညီမျှမှုမရှိသလို တိုင်းပြည်ကလည်းလူရာမဝင်တဲ့ ခပ်နုပ်နုပ်တိုင်းပြည်ငယ်လေးပါ။

၁၅၅၈ ခုနှစ်မှာ မေရီကွယ်လွန်ပြီး အဖေတူ အမေကွဲညီမဖြစ်သူ ပထမအဲလီဇဘက်ဘုရင်မ (Elizabeth I) နန်းတက်ပါတယ်။ အဲလီဇဘက်ဘုရင်မကတော့ တိုင်းပြည်မှာ လွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အာမခံ ပေးလိုက်ပါတယ်။ အသက် ၂၅ နှစ်သာရှိသေးတဲ့ ဘုရင်မအဲလီဇဘက်ရဲ့ တန်းတူညီမျှရေး စွမ်းဆောင်ချက် ကြောင့် တိုင်းပြည်မှာ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ သွေးစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီခေတ်ကာလမှာ စပိန်ဘုရင် ဒုတိယဖိလစ် (Phillip II) ဟာ ကြီးမားတဲ့ ရေတပ်အင်အားကို ပိုင် ဆိုင်ထားပြီး ကမ္ဘာမှာလူစွာလုပ်နိုင်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ တန်းတူညီမျှမှုကနေတဆင့် ညီညွတ်မှုကိုဖော်ဆောင်နိုင်ခဲ့တဲ့ အင်္ဂလန်ဘုရင်မဟာ ၁၅၈၇ မှာ စပိန်တို့အတွက်အလွန်အရေးပါလှတဲ့ အတ္တ လန္တိတ်ဆိပ်ကမ်းမြို့ ကေးဒစ် (Cadiz) ကို ရုတ်တရက် ဝင်တိုက်ခဲ့ပါတယ်။ စပိန်တို့အနေနဲ့ ကတုံးပေါ်ထိပ် ကွက်ခံရတာကြောင့် အာမာဒါ (Armada) လို့ခေါ်တဲ့ အလွန်ကြီးမားတဲ့ရေတပ်အုပ်ကြီးနဲ့ အင်္ဂလန်ကို တိုက်ခိုက် ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အာမာဒါမှာ စစ်သင်္ဘော ၁၃၂ စင်း၊ စစ်သည် ၁၇၀၀၀၊ သင်္ဘောသား ၈၀၀၀ အပြင် သင်္ဘောတွေပေါ်မှာ လက်နက်ခဲယမ်း၊ စစ်မြင်း၊ စားနပ်ရိက္ခာ၊ အလုပ်အကျွေး ကျေးကျွန်ရာပေါင်းများစွာအပြင် အင်္ဂလန်မြေကို သိမ်းပိုက်ပြီးတဲ့အခါ ဘာသာရေးလွပ်လပ်ခွင့်ရထားတဲ့တိုင်းပြည်ကို သူတို့ကိုးကွယ်တဲ့ ဘာသာ တရားတခုတည်းသာ သွတ်သွင်းနိုင်ဖို့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေပါ ခေါ်ဆောင်လာခဲ့ပါတယ်။

အဲဒီ အာမန်ဒါစစ်တပ်ကြီးကိုခုခံဖို့ အဲလီဇဘက်ရဲ့ရေတပ်မှာ စစ်သင်္ဘော ၃၆ စီးသာ ရှိပါတယ်။ ဒါပေမဲ့ အဲလီဇဘက်ဘုရင်မက စည်းလုံးညီညွတ်မှုကိုတည်ဆောက်ထားနိုင်ခဲ့တဲ့အတွက် တိုင်းပြည်ထဲက လူစွန့်စား တွေ၊ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေရဲ့အကူအညီနဲ့ သင်္ဘောအစင်း ၁၆၀ ပါတဲ့ရေတပ်ကိုစုဖွဲ့ပြီး ရင်ဆိုင်ခဲ့ပါတယ်။ (၈-၈-၁၅၈၈) ရက်၊ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး မပေါ်ပေါက်မီ နှစ်ပေါင်း ၄၀၀ တိတိအလိုမှာ အဲလီဇဘက်ဘုရင်မဟာ အာမန်ဒါရေတပ်ကြီးကို နလန်မထူနိုင်အောင် အနိုင်ယူခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ကမ္ဘာ့ သမိုင်းမှာ အထူးထင်ရှားတဲ့တိုက်ပွဲတပွဲဖြစ်သလို လူမသိသူမသိ နိုင်ငံငယ်လေးတခုကို ကမ္ဘာ့ထိပ်တန်းနိုင်ငံ တခု၊ နေမဝင်အင်ပါယာတခုအဆင့်ရောက်အောင် ပို့ဆောင်ပေးမယ့် ပထမဆုံးခြေလှမ်း ဖြစ်ခဲ့ပါတယ်။

ပဒေသရာဇ်စနစ်ကို ပြန်လည်တမ်းတနေခြင်း၊ ပဒေသရာဇ် ဧကရီတပါးရဲ့ဘုန်းတော်ဘွဲ့ကို ချီးကျူးလို ခြင်းမဟုတ်ပါဘူး။ တိုင်းပြည်တည်ဆောက်ရေးအတွက် စစ်တပ်အင်အားထက် စည်းလုံးညီညွတ်မှုက အရေး ကြီးကြောင်း၊ စည်းလုံးညီညွတ်မှုအတွက် တန်းတူညီမျှမှုကအရေးကြီးကြောင်း သမိုင်းရဲ့သက်သေတခုကို ဆွဲ ထုတ်ဆင်ခြင်ကြည့်ခြင်းမျှသာဖြစ်ပါတယ်။

(၄)

လူထုခေါင်းဆောင်က ပြည်သူသာပထမ၊ ပြည်သူသာ ဒုတိယ၊ ပြည်သူသာ နောက်ဆုံးအထိလို့ ဆိုပေ မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆(စ) မှာတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” လို့ပြဋ္ဌာန်းထားပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတခုကို တည်ဆောင်ဖို့ဆိုရင်တော့ အစိုးရတရပ်တည်းနဲ့ ဆောင်ရွက် လို့မရပါဘူး။ ပြည်သူတရပ်လုံးက ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ပြည်သူတွေအနေနဲ့ တန်းတူညီမျှမှုရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရေးသည်သာ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ နောက်ဆုံးအထိ ဥိးစားပေးဖြစ်တယ်လို့ မမှိတ်မသုံယုံကြည်ပြီး ပြည်သူ့အစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ဝန်းရံပေးကြဖို့ လို အပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts