ကဗျာ

ငမိုဃ်း – အမဲသားဟင်းဆိုင်

From Maung Luu Yay’s Illustration

ငမိုဃ်း  – အမဲသားဟင်းဆိုင်

(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆

ပြီးခဲ့တဲ့ ကြာသပတေးနေ့က
သူငယ်ချင်းက အမဲသားဟင်းနဲ့ နေ့လည်စာလိုက်ကျွေးပါတယ်
ကျနော်တို့ဆိုင်ထဲမှာထိုင်ပြီး အမဲသားအစိတ်အပိုင်းတွေ
မှာလိုက်ကြတယ်။

အနက်ရောင်သားရေအိတ်ကြီး ချိုင်းကြားညှပ်ထားတဲ့
သူငယ်ချင်းက နေကာမျက်မှန်ပေါ်ကနေ
ကျနော့်ကိုကြည့်ပြီး ပြောပါတယ်
ဟရောင် တဲ့ …
ဒီ ဘိုကလေးဈေးလမ်းက အမဲသားဟင်းဆိုင်ဟာ
ရန်ကုန်မှာ ဒုတိယအကောင်းဆုံးပဲတဲ့
အားရပါးရစားကွာ တဲ့
ဒါဆို အကောင်းဆုံးဆိုင်က ဘယ်ဆိုင်လဲ လို့
ကျနော် သူ့ကို ပြန်မမေးဖြစ်လိုက်ဘူး။

ပဲဟင်းမွှေးမွှေး
ဘလာချောင်ကြော်
သံပုရာရည်ရွှဲရွှဲညှစ်ထားတဲ့ ကြက်သွန်နီ ငရုပ်သီးစိမ်းသုပ်တွေဟာ
စားပွဲပေါ်မှာ
ပြည့်ကျပ်နေတယ်
အလကားချပေးထားတဲ့ ဒန်ချိုင့်ထဲကရေကို ဒန်ခွက်နှစ်ခွက်ထဲ
ကျနော်ဖြည့်ထားလိုက်တယ်။

ပွက်ပွက်ဆူနေတဲ့ဟင်းအိုးထဲကခပ်လာတဲ့ အမဲသားဟင်းတွေတွေဟာ
အငွေ့တထောင်းထောင်းထပြီး
အမဲသားဟင်းဟာ နူးအိနေတာပါပဲ။

စားကွာ ဟရောင်တဲ့
ဒီဆိုင်က အမဲသားဟင်းက ရန်ကုန်မှာ ဒုတိယအကောင်းဆုံးပဲ တဲ့
အမဲသားဟင်းကိုကြည့်တဲ့အကြည့်နဲ့ ကျနော့်ကို

ကြည့်ပြီးထပ်ပြောတယ်။

ပါးစပ်ထဲကို ထမင်းတွေ အမဲသားဟင်းတွေ ထည့်နေရတာနဲ့
ကျနော်တို့ စကားဆက်မပြောဖြစ်ကြဘူး။

အပြင်ဖက် ဘိုကလေးဈေးလမ်းပေါ်မှာ နေရောင်ဟာပွက်ပွက်ဆူ နေတယ်
လေပူပူထဲမှာ ကြွပ်ကြွပ်အိတ်တွေ လွှင့်လို့
လွှင့်နေတဲ့ ဖြတ်သွားဖြတ်လာသူတွေဟာ နူးအိလို့။

အမဲသားဟင်းစားပြီး
ရေသောက်ပြီး
သွားကြားထိုးပြီး
သိပ်မရယ်ရတဲ့ ဟာသတွေပြောပြီး
ကျနော်တို့နှစ်ယောက်
အမဲသားဟင်းဆိုင်ထဲက
ပြန်ထွက်လာခဲ့တယ်။

မရောက်ဖြစ်တဲ့
ဘိုကလေးဈေးလမ်းကို
ကျနော်လှည့်ကြည့်မိတယ်
ဘိုကလေးဈေးလမ်းဟာ
ချက်လက်စ အမဲသားဟင်းအိုးတအိုးလို
ပွက်ပွက်ဆူလို့
ဘိုကလေးဈေးလမ်းဟာ
အမဲသားဟင်းအိုးတအိုးလို
အငွေ့ တထောင်းထောင်းထလို့
ဘိုကလေးဈေးလမ်းဟာ နူးအိလို့ ။ ။

ငမိုဃ်း
26.4.16


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts