ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ပြည်သူ့အစိုးရသစ်၏ ပထမခြေလှမ်းများ

 မောင်မိုးသူ – ပြည်သူ့အစိုးရသစ်၏ ပထမခြေလှမ်းများ
(မိုးမခ) ဧပြီ ၂၃၊ ၂၀၁၆မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်သည်။

ဧပြီလဆန်း ၁ ရက်နေ့က အစပြုလိုက်တဲ့ ပြည်သူ့အစိုးရရဲ့ ပထမခြေလှမ်းကတော့ …

၁။ အကျဉ်းသားများကို စတင်လွှတ်ပေးခြင်း
၂။ သင်္ကြန်ကို ရင်ဆိုင်ခြင်း
၃။ နှစ်ဆန်း ၁ ရက်နေ့ အကျဉ်းသားထပ်လွှတ်ခြင်း
၎။ သင်္ကြန်ကို ထိုက်တန်သလောက် ယဉ်ကျေးအောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ချီးကျူးစကားပြော ခဲ့ကြပါတယ်။

သင်္ကြန်မှာ ထူးခြားချက်နှစ်ခုကတော့ သံချပ်အသင်းများ လွတ်လပ်စွာ သံချပ်ဆိုခွင့်၊ ကခွင့်ရတဲ့အပြင်  ထောင်ထဲကနေ သံချပ်တွေရေးပေးခဲ့ရတယ်ဆိုတဲ့သူတွေ လွတ်မြောက်လာပြီး သံချပ်အဖွဲ့မှာ ပါဝင်လာတာ ဖြစ်ပါတယ်။

ရဲနဲ့ တာဝန်ရှိသူများ၊ ပြည်သူ့အဖွဲ့အစည်းများရဲ့ ထိန်းသိမ်းမှုကောင်းမွန်တဲ့အတွက် အရက်သေစာ၊ မူးယစ်ဆေးဝါးများ လမ်းဘေးရောင်းချမှုဟာ မရှိသလောက်ဖြစ်သွားပြီး အရက်၊ ဘီယာပုလင်းများကို ပလတ်စတစ်အိပ်များထဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုများ၊ ရာဇဝတ်မှုများ နည်းပါးခဲ့ပါတယ်။

၅။ သင်္ကြန်ပွဲဆင်နွဲစဉ် သမ္မတကြီးက စစ်တပ်နဲ့ပြည်သူကြားမှာ တံတိုင်းကြီးခြားမနေသင့်ဘူးလို့ ပြောပါတယ်။
၆။ ရန်ကုန်က သံချပ်သင်္ကြန်ဖြစ်ခဲ့သလို မန္တလေးက အလှ၊ အကသင်္ကြန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
၇။ သင်္ကြန်ရက် နယ်ခရီးသွားတွေများခဲ့ပြီး၊ သင်္ကြန်အပြီး ရန်ကုန်အပြန်ခရီးမှာ ပုံမှန်ကားခ ၁၀၀၀၀ ရှိရာကနေ ၁၅၀၀၀ အ ထိ တက်သွားတယ်လို့ဆိုကြပါတယ်။
၈။ အစိုးရသစ်ရဲ့ ရက် ၁၀၀ ပထမခြေလှမ်းမှာ ရင်ကြားစေ့ရေးဦးတည်မယ်ဆိုတာ ငြိမ်းချမ်းရေးကို ဦး တည်တယ်လို့ဆိုကြ ပေမယ့် သင်္ကြန်ရုံးပိတ်ရက်တွေပဲရှိနေတာမို့ လက်တွေ့လုပ်ဆောင်နိုင်တာကတော့ မတွေ့ရသေးပါဘူး။

– လွှတ်တော်ဥက္ကဌက ရင်ကြားစေ့ရေးပေါ်လစီကျင့်သုံးရမှာဖြစ်တဲ့အပြင် မည်သည့်အဖွဲ့အစည်းမဆို လွတ်လပ်မှုရစေမယ် လို့ ဆိုထားပါတယ်။

– ရန်ကုန်တိုင်းဝန်ကြီးချုပ်က အရေးပါတဲ့စကားတစ်ခွန်း ပြောကြားပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ခက်ခဲတဲ့သင်္ကြန်ကို ကျော်ဖြတ်လာနိုင်တဲ့သူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သူပြောကြားတဲ့စကားက သူတို့အစိုးရကတော့ ပြောင်းလဲသွားပါပြီ၊ ပြောင်းလဲနေပါပြီ။ ဒါကြောင့် အစိုးရကို လာဘ်ပေး လာဘ်ယူလုပ်ပြီး အခွင့်အရေးယူတဲ့ စီးပွားရေးပုံစံမျိုးတွေဟာ မဖြစ်နိုင် တော့တာမို့ စီးပွားရေးလုပ်ငန်းရှင်များရဲ့ လုပ်ဆောင်ချက်ကလည်း ပြုပြင်ပြောင်းလဲဖို့လိုအပ်ပြီဖြစ်ကြောင်း ပြောပါတယ်။

– တစ်ချိန်တည်းမှာ မကြာမှီ ယှဉ်ပြိုင်ဖို့ရောက်ရှိလာမယ့် နိုင်ငံခြားလုပ်ငန်းရှင်များနဲ့ ပြိုင်ဆိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်များ ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒါတွေ ဒါတွေကတော့ ပြည်သူ့အစိုးရသစ်ရဲ့ ပထမရက် ၁၀၀ ခြေလှမ်းအစများ ဖြစ်ပါတယ်။ ရုံးပိတ်ရက်များနဲ့ ရင်ဆိုင်နေရ လေတော့ စတင်လုပ်ဆောင်နေပြီလို့တော့ မဆိုနိုင်သေးပါဘူးပြည်သူ့အစိုးရသစ်ရဲ့ ထူးခြားကောင်းမွန်တဲ့ အချက်နှစ်ချက်က တော့ ကတိတွေ လွယ်လွယ်နဲ့မပေး တက်တာရယ်၊ လုပ်နိုင်တဲ့အလုပ်တွေကို ကြိုးပမ်းလုပ်မယ်လို့ ပြောတဲ့အချက်ရယ်၊ မိန့်ခွန်းတွေကို လိုတိုရှင်းပဲ ပြောဆိုတက်တာတွေဟာ ထူးခြားကောင်းမွန်တဲ့အချက်တွေဖြစ်ပါတယ်။

ဘာဖြစ်လို့ ထူးခြားကောင်းမွန်တာ ဖြစ်ရသလဲဆိုတော့ ပြီးခဲ့တဲ့ ငါးနှစ်အစိုးရလက်ထက်က ချိုသာပျော့ ပျောင်းတဲ့စကားတွေ ထပ်ခါထပါခါပြော၊ ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာတွေပြော၊ လက်တွေ့ ဘာမှဖြစ်မလာတာတွေ ကြုံတွေ့ခဲ့ရတဲ့ ပြည်သူ လူထုအတွက်တော့ ထူးခြးကောင်းမွန်တဲ့ လက္ခဏာဖြစ် နေတာတွေ့ရပါတယ်။

တကယ့်ဖြစ်ရပ်မှန်ကတော့ အလွန့်အလွန်ဆိုးရွားတဲ့ အမှိုက်ပုံကြီးကို ဖြေရှင်းရာမှာ မလွယ်ကူလှကြောင်း သိသာစွာ တွေ့မြင်နေရပါတယ်။

တိုင်းပြည်တစ်ခုကို တိုးတက်အောင် ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်ရာမှာအစိုးရက စီမံကိန်းချရုံနဲ့ မရပါဘူး။ စီမံကိန်းချမှတ် သလို အကောင်အထည်ဖော်တဲ့ လုပ်ဆောင်မှုမျိုး၊ လိုအပ်သလို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှုများကလည်း အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သည်အစိုးရဟာ ပြည်သူ့ဆန္ဒအရ တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည် သူက အစိုးရရဲ့လုပ်ဆောင်မှုများမှာ ပါဝင်လုပ်ဆောင်မှုတွေ တော်တော်များများ တွေ့နေရပါတယ်။

၂၀၁၆ ဟာ အယ်လ်နီညို ရာသီဥတုနဲ့ အဆိုးရွားဆုံး ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်

၁။ အပူလွန်ကဲမယ်၊
၂။ ရေရှားမယ်၊
၃။ ရေရားပြီး အပူလွန်ကဲလို့ သီးနှံအထွက်နည်းပါးမယ်။

အဲသည် သဘာဝဘေးရန်ကိုလည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ပြည်သူ့အစိုးရသစ်၏ ပထမခြေလှမ်းများပါပဲ။

မောင်မိုးသူ
၂၂ ဧပြီလ၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts