ဓာတ်ပုံသတင်း ကျော်ဟုန်း

ဗန်ကူးဗား ဘီစီ၊ ကနေဒါမှ နှစ်သစ်ကူး မြန်မာ့သင်္ကြန်

 

 ဗန်ကူးဗား ဘီစီ၊ ကနေဒါမှ နှစ်သစ်ကူး မြန်မာ့သင်္ကြန်
ကျော်ဟုန်း (မိုးမခ) ဧပြီ ၂၁၊  ၂၀၁၆

ကနေဒါနိုင်ငံ ဗန်ကူးဗား ဘီစီ မြို့ မှာ ၁၆၊ ဧပြီ၊ ၂၀၁၆ နေ့ က မြန်မာ့ရိုးရာသင်္ကြန်ပွဲကို 487 Alexander st , Vancouver BC ရှိ Japanese Language School ခန်းမမှာ ညနေ ၅ နာရီမှ ၉ နာရီအထိ မြန်မာမိသားစုများက ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားကို ညနေ ၅ နာရီမှာ စတင်ပြီး ကြွရောက်လာတဲ့ ပိရိသတ်များက အလှူငွေများ ထည့်ဝင်လှူဒါန်းကြသလို ဒေသခံ ကနေဒီးယမ်း တချို့ ကလည်း မြန်မာ့သနပ်ခါးကို နှစ်ချိုက်စွာသွေးလိမ်းနေကြတဲ့ မြင်ကွင်းလည်းတွေ့ ခဲ့ရပါတယ်။ အလှူငွေများကို  သမီးငယ် ရွှေဇင်ထွန်းနဲ့  ကိုဇော်ဝမ်းတို့ မှ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စား ကောက်ယူပေးပါတယ်။ ပိတောက်ပန်းခက် အတုများကို ဝေငှပန်ဆင်နေတဲ့သူတွေမြင်ရပြန်တော့ အဝေးမြေက မြန်မာ့မလေးများကို ကရုဏာသက်မိရပါတယ်။ ဒီလိုပဲ အလွမ်း တွေနဲ့ အစားထိုးရပေမယ့် အဝေးမြေကမြန်မာတွေရဲ့ ရိုးရာထိန်းသိမ်းမှုတွေကိုတော့ ချီးကျူးမိပါတယ်။

သင်္ကြန်ပွဲတော်အတွက် အခမ်းအနားမှူးအဖြစ် ကိုတင်နွယ်က ဆောင်ရွက်ပေးပါတယ်။ သင်္ကြန်ပွဲနဲ့  ဒိုးပတ်အကြောင်း၊ သံချပ်များ အကြောင်းကို ဒေသခံ ကနေဒီးယမ်းများသိအောင် အင်္ဂလိပ်လို ရှင်းပြပေးပြီး အစီအစဉ်များကို ကြေညာတင်ဆက်ပါတယ်။

ပထမဆုံးဧည့်ခံတီးလုံးကို FNG တေးဂီတနဲ့ ဒိုးအဖွဲ့ သားများဖြစ်တဲ့ ကိုမြင့်ဝင်း၊ ကိုကျော်စိုး၊ ကိုတင်ကိုကို၊ ကိုသန်းထိုက်၊ ကိုတင့် လွင်၊ ကိုအေးလွင်၊ ကိုထွန်းထွန်းဦးတို့ မှတီးခတ်ဖြေဖျော်အပြီး သင်္ကြန်သီချင်းများဖြင့် မျိုးဆက်သစ်ကလေးငယ်လေးများကဖြေဖျော် ကြပါတယ်။

သမီးငယ် မေသဇင်လှ(ပန်းဝါပိတောက်မင်း)၊ သမီးငယ် ချယ်ရီ၊ နာတာရှာ( ပိတောက်လက်ဆောင်၊ တူးပို့ တူးပို့ )၊ သမီးငယ် – ဟီလာရီ ဟန်( စန္ဒရားတီးလုံး)၊ သားငယ်တဦးမှ အင်္ဂလိပ်သီချင်း ၂ ပုဒ်နဲ့ ဖြေဖျော်ကြပြီး မမျိုးမျိုးအေးအဖွဲ့ မှ (မန်းတောင်ရိပ်ခို)၊ ကိုခိုင်စိုး ( နှစ်သစ်ချစ်ဦး) သီဆိုအပြီး မြန်မာများစွဲမက်ကြတဲ့ ဦးရွှေရိုးအကကို ကိုအောင်မြင့်(ဘစ်ရှော့)မှ တကိုယ်တော်ဖြေဖျော်ခဲ့  ပါတယ်။ ပထမဖြေဖျော်မှုအပြီး ညနေ ၆း၃၀ နာရီမှာ ဧည့်ပိရိသတ်များကို မြန်မာထမင်းဟင်း၊ မုံ့ ဟင်းခါး၊ အချိုမုံ့ စုံ၊ သစ်သီးများ၊  အဖျော်ရည်များဖြင့် နှစ်သစ်အလှူအဖြစ် တည်ခင်းဧည့်ခံ လှူဒါန်းကြပါတယ်။

ဒုတိယပိုင်း တင်ဆက်မှုအဖြစ် မြန်မာ့ရိုးရာသံချပ်ကို ဖြေဖျော်ပါတယ်။ သံချပ်ဟာ ခေတ်သစ်မြန်မာ့သင်္ကြန်ရဲ့ ဟစ်တိုင်ပဲဖြစ်ပါတယ်။ သံချပ်ပါ အတိုင်အဖောက်များကလည်း ဝေဆာမြူးတူးပြီး မှတ်သားစရာ၊ ကျင့်ကြံဖွယ်ရာများနဲ့ ဆော်သြထားတာတွေ့ ရပါတယ်။ “ တိုင်းတပါးနေ မြန်မာ မျိုးဆက်သစ်များကို မြန်မာ့ရိုးရာယဉ်ကျေးမှုများ လက်ဆင့် ကမ်းနိုင်ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများကို  လူမှုရေး၊ ဘာသာရေး၊ ရိုးရာပွဲများတွင် စည်းလုံးညီညွတ်စွာ စုပေါင်းလုပ်ဆောင်ရေး၊ ပြည်ပ နိုင်ငံရေးသမားဆိုသူများကို အမျိုးသား ရေးလုပ်ဆောင်သည်မှာနိုင်ငံရေးဖြစ်ကြောင်း” တိုက်တွန်းထားချက်များ စုံလင်စွာနဲ့  အချိန်တိုအတွင်း တင်ဆက်သွားနိုင်ခဲ့တာ ချီးကျူး စရာဖြစ်ပါတယ်။ သံချပ်၊ ဒိုးပတ်နဲ့ ရိုးရာကဟန်များကို သင်္ကြန်ပွဲလာ ဧည့်သည်နိုင်ငံခြားသားတွေ အထူးနှစ်ချိုက်တာတွေ့ ရပြီး မှတ်တမ်း ရုပ်သံတွေ ရိုက်ကူးနေကြတာလည်း တွေ့ ခဲ့ရပါသေးတယ်။ ( မိုးမခပရိသတ်အတွက်လည်း သံချပ်ရုပ်သံ ဆောင်းပါးနဲ့ အတူ ဖော်ပြပေးလိုက်ပါတယ်။)

 

သည့်နောက်မှာ တဦးချင်းနဲ့  အုပ်စုသီဆိုဖြေဖျော်မှုများ ပြုလုပ်ကြပါတယ်။ ချင်းတိုင်းရင်းသူ ညီမလေးများဖြစ်ကြတဲ့ မအက်ဆာ၊ မနီလာတို့ အတွဲမှ (သင်္ကြန်မိုး)၊ ကရင်တိုင်းရင်းသူ နော်အေးမြသန်းက ကရင်ဘာသာဖြင့်(ချမ်းပါတယ်၊ ဘသုသာခွီး=ပျော်စေချင် တယ်) သီချင်းများနဲ့ မြူးမြူးကြွကြွ တင်ဆက်သွားကြပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများလည်း မြန်မာ့ရိုးရာသင်္ကြန်ပွဲကို
စုပေါင်းပါဝင် ပျော်ရွှင်ကြတဲ့မြင်ကွင်းဟာ အားရစရာပါပဲ။

ထို့ နောက်မှာ ကိုတင်နွယ်၊ မမာလာဝင်း(ရှာပုံတော်မင်းသားကြီး)ကို စုံတွဲသီဆိုပါတယ်။ ကိုစိုးမင်း(နွေဦးကဗျာ)၊ မသီတာ(ပိတောက် လက်ဆောင်)၊ မမော်မော်၊ မသူသူပို၊ မမိုးမိုးချိုလွင်၊ မအေးလွင်မိုးတို့ မှ (ညိုမြ)၊ မမီးမီး (တနှစ်ဆန်းတနှစ်နွမ်း)၊ ကိုထွန်းထွန်းဦး(ဘယ်သူ ဖန်ဆင်းပေးတာလဲ)၊ ကိုတင်နွယ်(စိတ်ရောင်စုံ) သီချင်းများနဲ့  ဧည့်သည်များပျော်ရွှင်နှစ်သက်စေခဲ့တာ တွေ့ ရပါတယ်။

ဧည့်သည်များအာလုံးအတွက် နှစ်ဦးစတုဒီသာကျွေးမွေးခဲ့သူများကတော့ မလေးလေးနွယ် မိသားစု (မုံ့ ဟင်းခါး)၊ ကိုသိန်းတန်မိသားစု (ကြက်သားဟင်း)၊ ကိုမျိုးမင်း၊ ကိုငှက်ကြီး၊ ကိုမျိုးမင်းထွန်း(အမဲနှပ်)၊ မချိုမာ-နေပြည်တော်စတိုး (သစ်သီးစုံ)၊ ကိုအောင်အောင်၊ မမိုးမိုးခိုင်( ဆမူဆာ-ရေ)၊ အမေ့အိမ် စားသောက်ဆိုင် (စမူဆာ)၊ ကိုဌေးအောင်၊ မမေ(ငါးဖယ်ဟင်း)၊ တိုင်းရင်းသား အင်အားစုများအဖွဲ့ မှ-  ကိုစိုင်းအောင်၊ ကိုဆလိုင်းပိတု၊ ကိုမြတ်ထွန်း၊ မကေကေ၊ မင်းမြင့်ဦး(ရေနှင့်အချိုရည်အစုံ)၊ ကိုကျော်ဇေယျမိသားစု (ထမင်းဖြူ)၊ ကိုသန်းဝင်း၊ မမိငယ်(ရေ၊ အအေးစုံ)၊ ကိုမြင့်ဝင်း၊ မတရုတ်မ (ထမင်းကြော်၊ ခေါက်ဆွဲကြော်)၊ ကိုသန်းထိုက်၊ မနန်း(ရွှေရင်အေး)၊ ကျော် ဇေယျ၊ အင်ယု (မုံ့ လက်ဆောင်း) စသဖြင့် အမယ်စုံလင်စွာ ကျွေးမွေး ဒါနပြုခဲ့ကြပါတယ်။

ဗန်ကူးဗားနေမြန်မာမိသားစုတို့ ရဲ့ ၂၀၁၆ သင်္ကြန်ပွဲဟာ လာရောက်ခဲ့သူ ၃၀၀ ကျော်ခန့် ရှိပြီး တိုင်းရင်းသားများ၊ ဒေသခံ ကနေဒီးယမ်း များနှင့်အတူ မြန်မာမိသားစုများ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး ညနေ ၉ နာရီမှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ။

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts