သူတို့အာဘော်

ကိုအောင်မှိုင်း – မြန်မာ့ လွန်ပွဲခေတ်

 myanmar-parliament

ကိုအောင်မှိုင်း – မြန်မာ့ လွန်ပွဲခေတ်

(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၆

 

လွန်ဆွဲ၊   ကြိ-၁၊ တစ်ဖက်နှင့် တစ်ဖက်အားပြိုင်ရန် လွန်ကြိုးကို အပြိုင်ဆွဲသည်။ (မိုးခေါင်သောကာလတွင် လွန်ဆွဲကမိုးရွာ တတ်သည်ဟု အယူရှိသည်။)  ၂၊ (ဥပစာ) ဟိုဘက်သည်ဘက် မလိုက်သာဘဲ ဖြစ်နေသည်။ အားပြိုင်နေသည်။

(မြန်မာအဘိဓာန် ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ။)

လွန်ဆွဲပွဲလို့ပြောလိုက်တာနဲ့ မြန်မာလူမျိုးအများစုကြီး ချက်ခြင်းလိုသဘောပေါက်ကြမယ်ထင်ပါတယ်။ မြင်သာထင်သာလဲ ရှိမယ်ထင်ပါတယ်။ လွန်ဆွဲတယ်ဆိုတဲ့ အသုံးအနှုန်းကို မြန်မာလူမျိုးအများစုကြီးအနေနဲ့ ရင်းရင်းနှီးနှီးသုံးစွဲကြသလို လက် တွေ့လုပ်ငန်းတွေမှာလဲ ဖေါ်ပြကြလေ့ရှိပါတယ်။ မိုးခေါင်လို့ လွန်ဆွဲတာကလဲ မကြာခနဆိုသလို နွေရောက်တိုင်းလိုလို လုပ် လေ့ရှိကြပါတယ်။ အညာဒေသကလဲ နွေဆို သေချာတာက မိုးခေါင်တာပါဘဲ။

၂၀၁၀ ခုနှစ်တုန်းက မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်းကြီးကကြီးမှုးပြုလုပ်တဲ့ လွန်ဆွဲပွဲမှာဆိုရင် အဆိုတွေ အက တွေ အလှတွေနဲ့အပြင် အားကြိုးမာန်တက်တအားဆွဲကြပါတယ်။ နိုင်ငံခြားသားတွေပါ စိတ်ပါဝင်စားလာပြီး ၀င်ရောက်ကူညီ အားပေးလိုက်ကြတာ ပျော်စရာလဲကောင်း မောလဲမောပေါ့ဗျာ။ လွန်ကြိုးဆွဲသူက ဆွဲကြသလို အားပေးတဲ့သူတွေကလဲ အားပါးတရရှိလှပါတယ်။

၂၀၁၄ခုနှစ် ဧပြီလမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာအပူချိန်များပြီး မိုးမရွာတဲ့အတွက်မိုးခေါ်လွန်ဆွဲပွဲကို မန္တလေးမြို့ကမ်း နားလမ်း မရမ်းခြံဆိပ်ကမ်းတာရိုးပေါ်မှာ ညနေ ၄ နာရီက ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တဖက်စီ လွန်ဆွဲကြတာ ဖြစ်ပြီး ဒီနေ့ ၄ ပွဲမှာ တဖက် ၂ပွဲစီသရေကျခဲ့ပါတယ်။ လွန်ဆွဲသူက တဖက်ကို လူ ၂၀၀ လောက်စီရှိပြီး လူ ၁၀၀၀ လောက် လာရောက်အားပေးကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက နယ်တွေမှာ မိုးခေါင်တဲ့နှစ်တွေဆိုရင် လွန်ဆွဲပြီးမိုးခေါ်ကြတာဟာ ရိုးရာ ဓလေ့တခုဖြစ်လာပါတယ်။ ဒါတွေက မိုးခေါင်လို့ လွန်ဆွဲတာတွေပါ။

လွန်ဆွဲပွဲကို နိုင်ငံရေးအသုံးအနုံးတွေနဲ့တွဲသုံးလာတာကိုလဲ တွေ့ရပြန်ပါတယ်။ နိုင်ငံရေးလွန်ဆွဲပွဲတို့၊ အဟုန်ပြင်းလာနေတဲ့ ၅၉ (စ) လွန် ဆွဲပွဲတို့ သမ္မတလွန်ဆွဲပွဲတို့ စသဖြင့် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာတာကို ကနေ့ကျနော်တို့တွေ့ကြရမှာ ဖြစ်ပါတယ်။အသုံးလဲ အတော့်ကို တည့်တယ်လို့ပြောရမှာပါ။ ပြောချင်တာနဲ့ဆိုလိုရင်း ဒက်ထိဘဲလို့ ပြောလို့ရမှာဖြစ်ပါတယ်။

ကျနော်တို့အမြင်အရ ကနေ့မြန်မာ့နိုင်ငံရေးမှာ အင်အားစုကြီး ၂ စု အပြင်းအထန် လွန်ဆွဲနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ တဖက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်အစု၊ အခြားတဖက်က စစ်အာဏာရှင်အတွေးအခေါ် ခေါက်ရိုးကျိုးနေတဲ့အစုတွေဘဲဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို တစုထဲထားတာကတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုတာ ခေါင်းနဲ့ပန်းလို တပြိုင်နက်ထဲ သွားကြရမဲ့ လမ်းတူတွေဖြစ်လို့ပါ။ ဒီနေရာမှာ စည်းကမ်းရှိတဲ့ဒီမိုကရေစီတို့ စည်းကမ်းရှိတဲ့ဖက်ဒရယ်တို့ မပါပါဘူး။ ဒီမိုက ရေစီလို့ပြောလိုက်ရင်ဖြစ်ဖြစ် ဖက်ဒရယ်လို့ပြောလိုက်ရင်ဖြစ်ဖြစ် ထပ်ကွန့်စရာမလိုဘူးလို့ထင်ပါတယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေ အခိုင်အမာရှိပြီးသားဖြစ်ပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်တို့ စည်းကမ်းရှိတဲ့ဒီမိုကရေစီတို့ဆိုတာ ဆိုရှယ်လစ်စနစ်နဲ့ဒီမိုကရေစီစနစ်ကို ပုံဖျက်ပြီး စစ်အာဏာရှင်စနစ်ထူထောင်ဘို့ တည်ထွင်ထားတဲ့ ထွင်လုံးသက်သက် သာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် နိုင်ငံရေးသိပ္ပံပညာရှင်များကိုယ်တိုင် နားမလည်နိုင်တဲ့ ပုံဖျက်စနစ်တွေ သက်သက်သာဖြစ် တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဘက်တဘက်ဖြစ်တဲ့ဒီမိုကရေစ်ီနဲ့ ဖက်ဒရယ်အစုဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားပါတီများကတဘက်  စစ်အာ ဏာရှင်အတွေးအခေါ် မစွန့်ချင်သေးတဲ့ စစ်တပ်ခေါင်းဆောင်အချို့ရယ် သူတို့အစွယ်အပွားအချို့ရယ်ကတဘက် အာဏာ ဆိုတဲ့လွန်ကြိုးကြီးကို တဖက်နဲ့တဖက် အပြိုင်ဆွဲနေကြတဲ့ကာလလို့ ကျနော်တို့ ရှင်းရှင်းလင်းလင်းတွေ့ကြရမှာဖြစ်ပါတယ်။ ဘက်တဘက်က အနစ်နာခံမှုတွေ စွန့်လွတ်မှုတွေနဲ့ တိုင်းပြည်ကိုချောက်ထဲကဆွဲတင်ဘို့ ကြိုးစားနေကြသလို ဘက်တဘက် ကလဲ အနိုင်ကျင့်လိုမှုတွေ ဗိုလ်ကျလိုမှုတွေ အခွင့်ထူးခံလိုမှုတွေနဲ့ ကပ်ဖျက်ယပ်ဖျက်လုပ်နေကြတာကို ကျနော်တို့ ပေါ်ပေါ် ထင်ထင်ဆိုသလိုမြင်ကြရမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဟာ တပ်မတော်တရပ်လုံးအတွက် အဓိကအကြီးဆုံး ရန်သူဖြစ်တယ်ဆိုတာ တပ်မတော်မှာရှိကြတဲ့ အရာရှိ အရာခံ အကြပ် တပ်သားတွေ နားလည်သဘောပေါက်လက်ခံလာတဲ့နေ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လုပ်သား ပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျမ္မာဖြစ်ကြမဲ့နေ့လို့ ပြောရမှာဖြစ်ပါတယ်။

ဗမာ့တပ်မတော်ရဲ့  အဓိကပြဿနာက အမိန့်နဲ့အာဏာကွဲကွဲပြားပြား မရှိတာဘဲဖြစ်ပါတယ်။ မရှိအောင်လဲ အသေအချာ လေ့ကျင့်လုပ် ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ တည်ဆောက်ခံ ခဲ့ရတဲ့ တပ်မှူး တပ်သားတွေဟာ အတွေးအခေါ်အရကို ခေါက်ရိုးကျိုးကုန်ကြတာဖြစ်ပါတယ်။ ကျနော့်အမြင်တော့ ကနေ့ အာဏာရှင်ကြီးတွေလုပ်ခဲ့ကြတဲ့ တပ်ခေါင်းဆောင်တွေကိုယ်တိုင် အတွေးအခေါ်အရ ရောရောထွေးထွေးရှိနေကြပုံရပါ တယ်။

အမိန့်နဲ့အဏာဟာ ကွဲကွဲပြားပြားရှိပါတယ်။အမိန့်ဆိုတာမှာ တာဝန်ယူမှု တာဝန်ခံမှုတွေ အခိုင်အမာရှိပါတယ်။တိကျတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ အချိန်ကာလ စည်းကမ်းသတ်မှတ်ချက်တွေကအစ အခိုင်အမာရှိပါတယ်။ တိကျသေချာတဲ့ မှတ်တမ်းတင်မှုတွေကိုလည်း သတ်မှတ်ထားလေ့ရှိပါတယ်။ အာဏာဆိုတဲ့ အ၀န်းအ၀ိုင်းမှာတော့ အနိုင်ကျင့်မှုတွေ ဗိုလ်ကျ မှုတွေ အခွင့်ထူးခံမှုတွေကို အမိန့်ဆိုတဲ့ စကားလုံးနဲ့ရောထွေးသုံးစွဲလေ့ရှိပြီး မတရားမှုတွေကို ဖုံးအုပ်ထားလေ့ရှိကြသလို ရောချလေ့လဲရှိကြပါတယ်။ အာဏာဟာ ဗမာ့တပ်မတော်မှာ အကန့်အသတ်မဲ့ အမိန့်တွေဖြစ်နေလေ့ရှိပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်အတွက် ခိုင်မာတဲ့ဒေါက်တိုင်တွေဘဲဖြစ်ပါတယ်။

ဒီအတွက် တာဝန်ယူမှု တာဝန်ခံမှုတွေကအစ ဘာသတ်မှတ်ချက်မှ မထားတော့ဘဲ ရာထူးကြီးတဲ့သူက လက်အောက်ငယ် သားအပေါ် လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့အမြင်တွေ အယူအဆတွေ သဘောတရားတွေ အခိုင်အမာသွတ်သွင်းအုပ် ချုပ်တော့တာပါဘဲ။ ဗမာ့ တပ်မတော်ရဲ့အုပ်ချုပ်မှုဖြစ်စဉ်တိုင်းလိုလိုမှာ အထက်ဖား အောက်ဖိဆိုတဲ့ စစ်အာဏာရှင်စနစ်ရဲ့  သဏ္ဍာန်များကို တွေ့ရမှာဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ တပ်မတော်ခေါင်းဆောင်အများစုဟာ လက်အောက်ငယ်သား တွေကို အမိန့်ပေးတာလား အာဏာနဲ့အနိုင်ကျင့် ဗိုလ်ကျတာလားဆိုတာ သူတို့ကိုယ်တိုင် ခွဲခွဲခြားခြားသဘောပေါက်ကြပုံမရတော့ပါဘူး။

ဒီမိုကရေစီစနစ်အောက်မှာ ဒါမျိုးတွေလုပ်လို့မရပါဘူး။ အမိန့်ပေးခွင့်ကို စည်းနဲ့ကမ်းနဲ့ပေးခွင့်ရှိပေမဲ့ အကန့်အသတ်မဲ့ အာ ဏာတွေကို တော့လုံးဝသုံးစွဲခွင့်ရမှာမဟုတ်ပါဘူး။ ဒီလိုကျင့်သုံးလာတဲ့အတွက်စစ်တပ်ဟာ စည်းစနစ်ပိုရှိလာမှာဖြစ်ပါတယ်။ ပိုလဲစည်းရုံးလာမှာဖြစ်ပါ တယ်။ အဆင့်အတန်းပိုရှိလာမှာလဲဖြစ်ပါတယ်။ တပ်မတော်မှာရှိတဲ့တပ်မှူး တပ်သားအများစုကြီး ဟာ ကနေ့အုပ်ချုပ်မှုပုံစံကို လုံးဝမကြိုက်ကြမှာသေချာပါတယ်။ အထက်အရာရှိတွေ အကြိုက်ပြောရလုပ်ရတဲ့အောက်မှာ စစ်တပ်အရာရှိအတော်များများဟာ ကိုယ်ရည်ကိုယ်သွေး တွေကျလာကြသလို လိမ်ညာပြောတာတို့ အလစ်လုပ်လိုက်တာတို့ တွေများလာပြီး စစ်တပ်ဟာလဲ စစ်တပ်နဲ့မတူတော့ဘဲ လက်နက် ကိုင်အစုအဖွဲ့တခုသာသာဘဲ ဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ဆိုတာ အာဏာပြဿနာဖြစ်တယ်လို့ ဆရာအောင်သာက သူ့ဆောင်းပါးတစောင်မှာ ထောက်ပြဘူးပါတယ်။

 

စဉ်

 

 

အမည်

 

ဒေသအပြောင်းအလဲ

         ရာထူးအပြောင်းအလဲ
          ယခင်           ယခု ယခင် ယခု
၁။ ဗိုလ်ချူပ် ၀င်းဘိုရှိန် မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ဗိုလ်ချူပ် ဗိုလ်ချူပ်
၂။ ဗိုလ်ချူပ်ညီညီဆွေ စစ်ဆင်ရေးကွပ်ကဲမှုဌာနချူပ် (၂၁) မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် ဗိုလ်ချူပ် ဗိုလ်ချူပ်
၃။ ဗိုလ်ချူပ်စိုးထွဋ် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် စစ်ဥပဒေအရာရှိချူပ်ရုံး ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၎။ ဗိုလ်ချူပ်

အောင်ကျော်ဇော

ကာကွယ်ရေးနှင့်စစ်ဆင်ရေး

အထူးအဖွဲ့ မှုးရုံး(၃)

ကာကွယ်ရေးနှင့်စစ်ဆင်ရေး

အထူးအဖွဲ့ မှုးရုံး(၃) +(၅)

ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၅။ ဗိုလ်ချူပ်

ခင်မောင်ဌေး

တပ်မတော်စာရင်းနှင့်

စစ်ဆေးရေးအရာရှိချူပ်ရုံး

လေကြောင်းရန်

ကာကွယ်ရေးအရာရှိချူပ်ရုံး

ဗိုလ်ချူပ် ဗိုလ်ချူပ်
၆။ ဗိုလ်ချူပ်

သန်းထွန်းဦး

တပ်မတော်စစ်ဆေးရေး

အရာရှိချူပ်ရုံး

တပ်မတော်စစ်ဆေးရေးအ

ရာရှိချူပ်ရုံး။တပ်မတော်စာ ရင်းနှင့်စစ်ဆေးရေးအရာရှိ ချူပ်ရုံး

ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၇။ ဒုတိယဗိုလ်မှုးကြီး

ကျော်ထွန်း

အမှတ်(၃၃)တပ်မဌာနချူပ် စစ်ဆင်ရေးကွပ်ကဲမှု

ဌာနချူပ် (၂၁)

ဒုတိယ

ဗိုလ်မှုးကြီး

ဒုတိယ

ဗိုလ်မှုးကြီး

ဂ။ ဗိုလ်ချူပ်

ထွန်းထွန်းနောင်

ကာကွယ်ရေးနှင့်စစ်ဆင်ရေး

အထူးအဖွဲ့ မှုးရုံး(၁)

ကာကွယ်ရေးနှင့်စစ်ဆင်ရေး

အထူးအဖွဲ့ မှုးရုံး(၁)

ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၉ ။ ဒုတိယဗိုလ်ချူပ်ကြီး

တင်အောင်ဆန်း

တပ်မတော်ကာကွယ်ရေး

ဦးစီးချူပ်ရုံး(ရေ)

တပ်မတော်ကာကွယ်ရေး

ဦးစီးချူပ်ရုံး(ရေ)

ဒုတိယ

ဗိုလ်ချူပ်ကြီး

ဗိုလ်ချူပ်ကြီး
၁၀။ ဗိုလ်ချူပ်

မင်းနောင်

ကာကွယ်ရေးနှင့်စစ်ဆင်ရေး

အထူးအဖွဲ့ မှုးရုံး(၄)

ကာကွယ်ရေးနှင့်စစ်ဆင်ရေး

အထူးအဖွဲ့ မှုးရုံး(၄)

ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၁၁။ ဗိုလ်ချူပ် လူအေး စစ်ရာထူးခန့်ချူပ်ရုံး စစ်ရာထူးခန့်ချူပ်ရုံး ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၁၂။ ဗိုလ်ချူပ်

တင်မောင်ဝင်း

လေကြောင်းရန်

ကာကွယ်ရေးအရာရှိချူပ်ရုံး

လေကြောင်းရန်

ကာကွယ်ရေးအရာရှိချူပ်ရုံး

ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး
၁၃။ ဗိုလ်ချူပ်

မောင်မောင်အေး

တပ်မတော်လေ့ကျင့်ရေး

အရာရှိချူပ်ရုံး

တပ်မတော်လေ့ကျင့်ရေး

အရာရှိချူပ်ရုံး

ဗိုလ်ချူပ် ဒုတိယဗိုလ်ချူပ်ကြီး

စစ်တပ်ဟာ ကြံ့ဖွံ့၊ ကြံ့ဖွံ့ဟာ စစ်တပ်ဖြစ်နေတာကိုက တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေတာဖြစ်ပါတယ်။

ကျနော်ပြော ချင်တာက ကြံ့ဖွံ့ခေါင်းဆောင်အများစုဟာ ပြည်သူ့ချဉ်ပါတ်တွေဖြစ်နေကြလို့ပါ။ အရမ်းချမ်းသာပြီး အရမ်းမိုက်ရိုင်းတဲ့လူ တွေဖြစ်နေကြလို့ပါ။ အခုဟာက တပ်မတော်အနေနဲ့ ဖဲ ၃ ချပ်ရိုက်သလိုဖြစ်နေပါတယ်။ ဖဲလိမ်ရိုက်မဲ့လူရယ်၊ ဒလံတွေရယ်၊ နောက်က လူမိုက်အဖွဲ့ရယ်ပေါင်းပြီး ဖဲ ၃ ချပ်နဲ့ ဖဲလိမ်ရိုက်ကြတာဖြစ်ပါတယ်။ ကနေ့တွေ့ရတဲ့ အခင်းအကျဉ်းက တပ်မတော် ရယ်၊ ကြံ့ဖွံ့ပါတီရယ်၊ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းရယ်က အားလုံးအတူတူဖြစ်နေတော့ ကျနော်တို့အနေနဲ့တော့ ဖဲ ၃ ချပ် လိမ်အရိုက်ခံရသလို ခံစားကြရပါတယ်။ ကျနော်တို့ဖြစ်စေချင်တာ တပ်မတော်က နိုင်ငံရေးနဲ့ ရှင်းရှင်းလင်းလင်းနေစေချင် တယ်။ ဖြစ်နိုင်ရင် အခုလိုမရိုးသားတဲ့ကိစ္စတွေကို ရှောင်စေချင်တယ်။ တပ်မတော်အနေနဲ့ ကြံ့ဖွံ့ပါတီကို ကာကွယ်စရာအ ကြောင်း လုံးဝမရှိပါ။ အကြောင်းကတော့ ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေဟာ သိတ်ကိုချမ်းသာတဲ့ မလိုင်ဆီလူတန်းစားတွေ ဖြစ်နေကြပါပြီ။

တပ်မတော်ပြန်တမ်းတခုကို နမူနာဖေါ်ပြလိုပါတယ်။ အဲဒီပြန်တမ်းမှာ အချို့ ဗိုလ်ချုပ်တွေဟာ တပ်ကအငြိမ်းစားယူပြီး ကြံ့ဖွံ့ က ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။မဲလဲရှုံးရော တပ်ထဲပြန်ရောက် ရာထူးတက်နဲ့အတော်နားလည်ရခက်တဲ့ကိစ္စ တွေကို ကနေ့တပ်မတော်မှာတွေ့နေရတာဖြစ်ပါတယ်။တပ်မတော်နဲ့ကြံ့ဖွံ့အတူတူလို့ ပြောရင်မမှားဘူးလို့ ဒါကြောင့်ပြောကြတာဖြစ်ပါတယ်။

တပ်မတော်ခေါင်းဆောင်များ၏ နေရာပြောင်းရွေ့မှုနှင့် ရာထူးအပြောင်းအလဲအချို့

ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်မှူးဗိုလ်ချုပ်ခင်မောင်ဌေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှ အငြိမ်းစား ယူပြီး ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပါသည်။ ယခု တပ်မတော် ခေါင်းဆောင်ပိုင်းနေရာအပြောင်းအလဲတွင် ဗိုလ်ချုပ်ရာထူးဖြင့် လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ် အနေဖြင့် ပြန်လည်ပါဝင်လာပါသည်။ အခြားသူများကိုတော့ မပြောတော့ပါ။)

ကနေ့တပ်မတော်အစုအဖွဲ့ အနေနဲ့ ရက်သားသာရှိသေးတဲ့ ဒီမိုကရေစီအစိုးရကို သွေးတိုးစမ်းမှုများစွာနဲ့မျက်နှာချင်းဆိုင်နေတာတွေ့ နေရပါတယ်။ အကွက်တွေ့ရင် တွေ့သလို ဆော်မှ နှက်မှဆိုတဲ့ သဘောထားတွေကိုတွေ့နေရပါတယ်။ တကယ်လဲ တွယ်နေတာကိုတွေ့ ရမှာဖြစ်ပါတယ်။ ယခင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းခေတ်က ဥက္ကဌကြီးဆိုတဲ့ စကားလုံးကိုပါးစပ်ကမချပြောနေလေ့ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ကနေ့ပြည်သူ့လွှတ်တော်ဥက္ကဌကို ဟေ့ကောင်ဥက္ကဌလို့မခေါ်ရုံတမယ် ဆက်ဆံ နေတာကလဲ ပြည်သူလူထုတရပ်လုံးကို စော်ကားသလို ဖြစ်နေပါတယ်။ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောချင်တာကတော့ တိုင်းပြည်ချမ်းသာမှ စစ်တပ်ချမ်းသာမှာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ ချမ်းသာလို့ စစ်တပ်မချမ်းသာ ပါဘူး၊ လူထုလဲမချမ်းသာပါဘူးဆိုတာ တပ်မတော်သားတွေ အထူးသတိပြုစေလိုပါတယ်။

ကျနော်တို့ မြင်ရသလောက် ကနေ့တပ်မတော်ရဲ့ သေနင်္ဂဗျူဟာက ဒေါ်စုကိုဦးတည်တိုက်တဲ့ သေနင်္ဂဗျူဟာဖြစ်ပါတယ်။ ဒေါ်စုလဲရင် NLD လဲမယ်ဆိုတဲ့ ယုံကြည်ချက်ကလာတာဖြစ်ပါတယ်။ဒုတိယအချက်က လက်ရှိအစိုးရဟာ အုပ်ချုပ်မှုအတွေ့ အကြုံမရှိဘူးဆိုတာနဲ့ အစိုးရရဲ့ လုပ်ငန်းတွေကို လူထုအယုံအကြည်မရှိအောင် လုပ်တာဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ ဗမာ့တပ်မတော်လောက် အုပ်ချုပ်မှုညံ့ဖျင်းတာ နိုင်ငံတကာမှာ တော်တော်ရှားပါမယ်။ နိုင်ငံကို နှစ် ၆၀ နီးပါး အုပ်ချုပ်လာ လိုက်ကြတာ ကနေ့ကုန်းကောက်စရာမရှိအောင်ဖြစ်ခဲ့ရတာ ဗမာ့တပ်မတော်ရဲ့အုပ်ချုပ်မှုညံ့ဖျင်းမှုလို့ပြောရင် မှားမယ်မထင် ပါ။ တတိယအချက်ကတော့ လူထုမျက်နှာထက် လူတစုမျက်နှာဘက်ကို မျက်နှာမူနေတာဟာ စစ်အာဏာရှင်စနစ်ရဲ့ ခေါက် ရိုးကျိုးနေတဲ့အတွေးအခေါ် အကြွင်းအကျန်တွေလို့ဘဲ ပြောရတော့မှာပါ။

အခြားဘက်တဘက်ဖြစ်တဲ့ ဒီမိုကရေစီအစိုးရသစ်မှာလဲ NLD အစိုးရ တိုင်ပတ်နေပြီလို့ပြောရမလိုဖြစ်နေပါတယ်။ အစိုးရအ ဖွဲ့ရွေးချယ်မှု ပြဿနာ၊ ၀န်ကြီးချုပ်များရွေးချယ်မှုပြဿနာ၊ မျက်နှာဟောင်းများနဲ့ အစိုးရသစ်ပြဿနာ ၊ယခင်အစိုးရဟောင်းက ချန်ရစ်ခဲ့တဲ့ စာချုပ်စာတမ်းများပြဿနာ၊ နိုင်ငံရေးစကားလုံးနဲ့ပြောရရင်တော့ စိမ်ခေါ်မှုပေါင်းထောင်ချီနေပါလိမ့်မယ်။ ကျ နော့် အမြင်ကိုပြောပါဆိုရင်တော့ သူတို့ ကျော်ကြ ဖြတ်ကြရပါလိမ့်မယ်။ ဆေးခါးကြီးတွေလဲ တခါတရံသောက်ကြရပါလိမ့်မယ်။ကျနော်ယုံကြည်တာ တခုကတော့ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့လို့ ထောင်တွေကျ ဘ၀တွေပျက်ခဲ့ပြီး တိုင်းပြည်အတွက်ဆက်လက်တိုက်ပွဲဝင်နေသူတွေ ၁၀၉ ယောက်က လွှတ်တော်ထဲမှာ ရှိနေကြပါတယ်။ ၀န်ကြီးချုပ်ဆိုသူအတော် များများကလဲ ထောင်ထွက်တွေဖြစ်ကြပါတယ်။ဒါဂုဏ်ယူစရာပါ။စစ်အာဏာ ရှင်စနစ်အင်နဲ့အားနဲ့ရှိနေတဲ့ကာလမှာ သူတို့ ကျောက်ဆောင်တွေကို ခေါင်းနဲ့တိုက်ခဲ့ကြတာပါ။ ကျနော် သူတို့ကိုယုံတယ်။ သူတို့ရဲ့ မှတ် ကျောက်တွေကို ယုံတယ်။ရက်ပိုင်း လပိုင်းဘဲရှိသေးတဲ့ သူတို့ရဲ့ ပြင်ဆင်မှုတွေမှာ အားနည်းချက်တွေ အားသာချက်တွေ ရှိမှာ အမှန်ပါဘဲ။ အားနည်းချက်တွေကို ရဲရဲပြင်ပြီး အားသာချက်တွေကို ဆက်ဖွင့်ဖြိုးဘို့ကြိုးစားကြပါလိမ့်မယ်။

ကနေ့အစိုးရကို မျက်စေ့မှိတ်ထောက်ခံဘို့ပြောနေတာမဟုတ်ပါဘူး။ သူတို့ကို အချိန်ပေးဘို့လိုမယ်။ ကျနော်တို့ဆန္ဒနဲ့တထပ် တည်းရှိတာလဲပါမယ်။ တထပ်ထဲမရှိတာလဲရှိမယ်။ ထောက်ပြဘို့လိုပါတယ်။ ဝေဖန်ဘို့လိုတယ်။ အညွန့်ချိုးဘို့ စစ်အုပ်စုဒလံ တွေလုပ်သလို လိုက်မလုပ် ကြဘို့တော့ လိုတယ်။ ဒီမိုကရေစီအညွန့်ကျိုးရင် နောက်တက်လာမဲ့အစိုးရက စစ်အစိုးရဘဲဖြစ်လိမ့်မယ်။ကြံ့ဖွံ့ အစိုးရဘဲဖြစ်လိမ့်မယ်။

ကနေ့ စစ်အာဏာရှင်စနစ်ဟာ ခံစစ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာ စစ်အာဏာရှင်စနစ်ကို နှာခေါင်းရှုံ့ကြသလို မြန်မာလူထုက တော့ အတော့်ကိုရွံ ရှာကြပါတယ်။ စစ်အာဏာရှင်စနစ်အဓိပ္ဗါယ်ကို ဘ၀ထဲက လေ့လာသင်ယူခဲ့ကြရတာဖြစ်ပါတယ်။ ကျား သေ ကို  အသက် မသွင်းကြစေလိုတော့ပါ။ကနေ့ဗမာ့တပ်မတော်ဟာ အရင်ထက်စာရင် ပွင့်လင်းလာတယ်လို့မြင်ပါတယ်။ ဒါကိုလဲ ကျနော်တို့ ဒါ့ထက်ပိုမို ပွင့်လင်းလာဘို့ တွန်းအားပေးဘို့လိုပါမယ်။ ဒီနှစ်သင်္ကြန်မှာ ရဲတပ်ဖွဲ့ရဲ့ အမှန်တကယ် ပြောင်းလဲမှုကိုလဲ အသိအမှတ်ပြုရမယ်။ ကြိုဆိုရမယ်လို့ ကျနော်ထင်ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူုကိုမိတ်တွေဖြစ်အောင်လုပ်ရတာဖြစ်ပါတယ်။ ကျနော်တို့ ရန်/ငါစည်းပြတ်ဘို့လိုပါတယ်။ ဒါပေမဲ့ မိတ်ဆွေကိုတော့ ရန်သူလုပ်လို့မရဘူးထင်ပါတယ်။ ကျနော်တို့ ကနေ့လွန်ပွဲမှာ လွန်ဆွဲနေကြတာဆိုတာ မမေ့ကြ စေလိုကြောင်းပါဗျာ။

ကိုအောင်မှိုင်း (၁၆ ရက် ဧပြီလ ၂၀၁၆ခုနှစ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts