သူတို့အာဘော် ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မြန်မာနှစ်သစ်နဲ့ အစိုးရသစ်

 

ဇော်အောင် (မုံရွာ) – မြန်မာနှစ်သစ်နဲ့ အစိုးရသစ်

(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၆

၂၀၁၆ ခုနှစ် သင်္ကြန်ကို မြန်မာလူထု ရွေးကောက်တဲ့ အစိုးရသစ်နဲ့ ဆင်နွဲပြီး နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ကိုင်သူများကို ချီးကျူးမိပါသည်။ ဒါလောက်တိုတောင်းတဲ့အချိန်အတွင်း တိုင်းပြည်အတွက် အတိတ်ကို သင်ပုန်းချေပြီး၊ ၀ိသမ၊ စစ်အာဏာရှင်အများစုကို ဘေးထုတ်ပစ်နိုင်ခြင်းဟာ အံ့ဘွယ် ဖြစ်ပါသည်။ နီးစပ်တဲ့ နိုင်ငံအချို့ကို နှိုင်းယှဉ် ရေးလိုက်ပါတယ်။ ကမ္ဘာကြီးပြားပြီ ဆိုတဲ့ ခေတ်ကာလမှာ ကမ္ဘာထိပ်တန်း တတ်သိပညာရှင်များထံမှ နာခံလိုက်လျောက်ပြီး၊ သူတို့ရဲ့ မှန်ကန်တဲ့ရင်းနှီးမြှတ်နှံမှုများကို မြန်မာပြည်အတွက် အသုံးချဖို့ဖြစ်ပါတယ်။

• ဗီယက်နမ်
သမိုင်းအရ ဗီယက်နမ်များ၏ မျိုးချစ်စိတ်ဓာတ် မြင့်မားလှပါတယ်။ တရုပ်၊ ပြင်သစ်၊ အမေရိကန် စစ်တပ်ကြီးများ ဗီယက်နမ်က ရှုံးနိမ့်ထွက်ခွာလာခဲ့ရတဲ့ ရာဇဝင်ရှိပါတယ်။

ဒါပေမဲ့ စည်ပင်သာယာဝပြောတဲ့ နိုင်ငံအဖြစ်တော့ မြန်မာပြည်ရဲ့ရာဇ၀င်ကို မယှဉ်နိုင်ပါဘူး။ အကျဉ်းရေးရရင် ကုလသမဂ္ဂအကြီးအကဲ ဦးသန့်၊ ဂျပန်ကိုတော်လှန်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ အရှေ့တောင်အာရှမှာ အကြီးဆုံး မြန်မာသင်္ဘောလိုင်း Five Star ၊ ရန်ကုန်ဆိပ်ကမ်း၊ အကြီးဆုံးဖြစ်ခဲ့သော မင်္ဂလာဒုံလေယာဉ်ကွင်း၊ မြန်မာလေကြောင်း BAC စသည်တို့ စန်းပွင့်ခဲ့စဉ်များ … အခုကမ္ဘာတလွှား နာမည်ယူနေတဲ့ စင်ကာပူအဲယားလိုင်း၊ ထိုင်းအဲယားဝေး၊ လေဆိပ်ကြီးများ လုံးဝမပေါ်ထွန်းသေးပါ။ အားကစားမှာလည်း အာရှတိုက်မှာ ဘော်လုံး၊ ပြေးခုန်ပစ်တွေမှာ ကိုးရီးယား၊ ဂျပန်တို့နဲ့ ထိပ်တန်းယှဉ်ပြိုင်နိုင်ခဲ့သည်။ ဒါတွေ ပြန်ဖြစ်လာဖို့ အခု (NLD-Military) အစိုးရသစ်နဲ့ လမ်းစပြုနေပါပြီ။

• ရွှေဗမာ – အကြွားစကားနဲ့ ရေးရလျှင် ဗီယက်နမ်အပါအ၀င် ဘယ်အရှေ့တောင်အာရှနိုင်ငံမှ မြန်မာပြည်ရဲ့ ရာဇ၀င်ကို မမီပါချေ။ သို့သော်လည်း လောလောဆယ်တော့ မြန်မာတို့ ဘိတ်ဆုံးရောက်နေဆဲပါ။

• ကွန်မြူနစ်ဗီယက်နမ်

၁၉၇၅ နောက်ပိုင်း တစ်ပါတီကွန်မြူနစ်လူ့ဘောင်ကို ထူထောင်ရင်း ၁၉၈၉ နောက်ပိုင်း၊ အမေရိကန်နဲ့ ပြန်လည်သင့်မြက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ စတော့အိတ်ချိန်း Ho Chi Minh Stock Exchange HOST စတင်ခဲ့သည်။ ၂၀၁၀ ခုနှစ်၊ ၁၀ နှစ်အကြာမှာ စတော့အိတ်ချိန်းဟာ ကုမ္ပဏီပေါင်း ၂၄၀ ကျော် ပါဝင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၈ ဘီလျှံ ရှိနေပြီဖြစ်သည်။

မြန်မာပြည်က Corruption Index မှာ လောလောဆယ် အဆင့်နိမ့်နေဆဲ ဖြစ်ပေမဲ့ Role Model အဖြစ် အိမ်နီးချင်း ပေါက်ဖေါ်ကြီး တရုတ်နိုင်ငံကိုပဲ စံနမူနာယူဖို့သင့်ပါတယ်။ တရုတ်ပြည်မှာ သူဌေးများ နိုင်ငံအုပ်ချုပ်သူအဆင့် ၀င်မလာအောင် ကာကွယ်ထားပါသည်။

ခြုံကြည့်လိုက်ရင်၊ မြန်မာက ဗီယက်နမ်ရဲ့ပြုပြင်ပြောင်းလဲမှုကို နမူနာယူဖို့ သမ္မတကြီးဦးသိန်းစိန်အဖွဲ့ကြိုးစားခဲ့ကြပါတယ်။ အင်န်အယ်ဒီ အစိုးရက ဆက်လက်ထိမ်းသိမ်း အတုယူရမှာပဲ ဖြစ်ပါတယ်။ – မြန်မာရော်ဘာ၊ လယ်ယာနဲ့သစ်တောထွက်ပစ္စည်းများနှင့် သစ်များ၊ ရေလုပ်ငန်း မြှင့်တင်ရေးများ ဖြစ်ပါတယ်။

• တောင်ကိုးရီယား

ယှဉ်ပြီး စံနမူနာယူရမယ်ဆိုလျှင်၊ ကိုးရီးယားဇတ်ကားပဲကြည့်နေသူများကတော့ အနုပညာလောက်ပဲ ခံစားနိုင်ပါလိမ့်မယ်။ ကိုးရီးယား ဟွန်ဒိုင်းမော်တော်ကား၊ ကိုးရီးယားဆောက်သင်္ဘောများ၊ နောက်ဆုံး ဆမ်ဆောင်း Smart Galaxy Phone, Computer စတဲ့ လူသုံး၊ စက်သုံး အားလုံးကို လူဦးရေ ၄၈ သန်းပဲရှိတဲ့ တောင်ကိုးရီးယားလူမျိုးက ထိုးဖောက်လာလာသည်မှာ အံ့ဘွယ်တပါးဖြစ်သည်။ ကိုးရီးယားရဲ့ အင်တာနက်အမြန်နှုန်းသည် ကမ္ဘာ့အမြန်ဆုံး နေရာမှာယူထားပါတယ်။

ကိုးရီးယားလူမျိုး ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်းကတော့ မြန်မာပြုပြင်ပြောင်းလဲမှုဖြစ်လာလို့ အထူးသဖြင့် ၂၀၁၆ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်ဒီ ပါတီ အာဏာလွှဲယူနိုင်လို့ အရမ်းပျော်ရွှင်နေပုံတွေ့ရသည်။

• ထိုင်းနိုင်ငံ

မြန်မာတွေပြုပြင်ပြောင်းလဲရေးမှာ၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့သွားမှာ သေချာပါတယ်။ ဒါပေမဲ့အဓိက ထိုင်းနိုင်ငံနဲ့ အများဆုံး စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ မြန်မာလူမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံမှာ နိမ့်ကျစွာ လုပ်ကိုင်စားသောက် ပညာယူခဲ့ရပါသည်။ အေအိုင်ဒီအက်စ်ရောဂါလည်း ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ကူးစက်ခံရသည်။ နိုင်ငံတည်ဆောက်ဖို့ သူဌေးများ မလုပ်သင့်ကြောင်း၊ မပါသင့်ကြောင်း၊ သူဌေးကြီးသက်ဆင် မိသားစုကြောင့် ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခြင်းနဲ့ အဆုံးသတ် ခဲ့ရပါတယ်။ Nationalists ဆိုတဲ့ တတ်သိပညာရှင်ဖြစ်ပြီး၊ ငွေကို မတက်မက်တဲ့မြန်မာများ ညီညွတ်စွာလုပ်ကိုင်လျှင် မကြာခင်အချိန်တွင်း ဗီယက်နမ်ကိုမှီပြီး၊ ထိုင်းနိုင်ငံနဲ့ ရင်ဘောင်တန်းမဲ့အခြေနေမျိုး ပြန်ရောက်မှာမလွဲပါ။

• ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ်
၁၉၉၀ နောက်ပိုင်း၊ ရုရှားကွန်မြူနစ်အင်ပါယာပြိုကွဲပြီး၊ အရှေ့ဥရောပနိုင်ငံများ ပြုပြင်ပြောင်းလဲမှုနည်းမျိုးစုံးဖြင့် လုပ်ကိုင်ကြရာတွင်၊ အအောင်မြင်ဆုံးနိုင်ငံမှာ ချက်ကိုစလိုဗီးယားဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး ၁၆ နှစ်အကြာ ၂၀၀၆ တွင် ချက်နှင့် စလိုဗက်၊ နှစ်နိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က ကြေငြာခဲ့ရသည်။ ဦးဆောင်သူ ကဏ္ဍမှာ အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်ကောင်းများ၊ နောက်လိုက်နိုင်ငံသားကောင်းများကြောင့် ထိုနှစ်နိုင်ငံစလုံး အနောက်ဥရောပအဆင့် ဓနဥစ္စာကြွယ်ဝခြင်းကို အနှစ်၂၀ အတွင်း ရောက်ရှိသွားပါတယ်။ Peaceful “Velvet Revolution” ကတ္တီပါတော်လှန်ရေးဟုခေါ်တဲ့ ငြိမ်းချမ်းစွာပြုပြင်ပြောင်းလဲမှုကြောင့်ဖြစ်ပါတယ်။ ဗားကလပ်ဟေဘယ် Václav Havel ခေါင်း ဆောင်ပြီး၊ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ကြပါတယ်။ စစ်မှန်တဲ့၊ တတ်ကြွပြီး နှလုံးသားကြီးမားလှတဲ့ မျိုးချစ်ပုဂ္ဂိုလ်၊ ခွင့်လွှတ်တတ်တဲ့ စိတ်ထားမှန်ရှိသူ ဟာဗဲလ်သည် ဘယ်တော့မှ အာဏာစွဲကိုင်မထားပါ။ ဒီမိုကရေစီနည်းအတိုင်း အာဏာလွှဲပေးခဲ့ပါတယ်။ ဗားကလပ်ဟာဗဲလ်ကို ချက်ပြည်သူများနှင့် ကမ္ဘာ့ခေါင်းဆောင်များက လေးစားဂုဏ်ပြုခဲ့ကြပြီး.. အသက် ၇၅ နှစ်အရွယ်၊ ၂၀၁၁ ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့ ကွယ်လွန်ပါတယ်။

ချက်နိုင်ငံပြုပြင်ပြောင်းလဲလုပ်ခဲ့သူ ဗားကလပ်ဟာဗဲလ်က သူ နိုဘယ်ဆုရမယ် တစ်ပြေးနေချိန်မှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ တိုက်တွန်းခဲ့သူလို့ နာမည်ကြီးပါတယ်။ အခု မြန်မာပြည်မှာ သူမြှင့်တင်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေါင်းဆောင် ဖြစ်နေပါပြီ။

• မြန်မာနိုင်ငံနဲ့ အဆုံးသတ်ပြန်ရေးရရင် …
ကျွန်တော်တို့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ကိုင်သူများကို ချီးကြူးမိပါတယ်။ ဒါလောက်တိုတောင်းတဲ့အချိန်အတွင်း တိုင်းပြည်အတွက် အတိတ်ကိုသင်ပုန်းချေပြီး၊ ၀ိသမလောဘသားများ၊ စစ်အာဏာရှင်အချို့ကို ဘေးထုတ်ပစ်နိုင်ခြင်းမှာ အံ့ဘွယ်ဖြစ် ပါသည်။ နောက်ပြန်မလှည့်စတမ်းဆိုသော်လည်း စိုးရိမ်စရာများစွာ ရှိနေပါသေးသည်။ မြန်မာကျပ်ငွေကို ငွေရှင် လဲလှယ်ပေးမှုစတင်ခဲ့ပြီး၊ ၂၀၁၆ မှာ ဂျပန်အကူဖြင့် စတော့ဈေးကွက် စတင်နိုင်ခဲ့ပါပြီ။ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ လေဆိပ်များမှာ ကျပ်ငွေ တရားဝင် လဲနိုင်ခွင့်မြင်လိုပါသည်။ ဗီယက်နမ်ငွေကြေးကို အရှေ့တောင် အာရှ၊ လေဆိပ်တွေမှာ အခုချိန်ထိ လဲလှယ်ဖို့ ခက်နေဆဲပါ။

မြန်မာနဲ့ညီအစ်ကိုလိုဖြစ်တဲ့ ထိုင်းနိုင်ငံစီးပွားရေး အမှီပြုရင်း လာမဲ့ (၅)နှစ်အတွင်း မြန်မာ့စီးပွားရေး သိသာစွာ ဦးမော့လာမယ် မျှော်လင့်ပါတယ်။ IMF, World Bank မှန်းဆချက်များအရ ၂၀၁၆ မှာ မြန်မာစီးပွားတိုးတက်နှုံး ၈.၅% နဲ့ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်ပါမယ်။ တကမ္ဘာလုံး စီးပွားကျ တိုးတက်နှုံး ၃.၅% နိုမ့်ကျနေချိန်ကို အခွင့်ကောင်းယူပီး မြန်မာနိုင်ငံ တိုးတက်ကြီးပွားဖို့ပါပဲ။

ကမ္ဘာ့လာဘ်အစားဆုံး နိုင်ငံအထဲ ပါသွားနေခြင်းကို ဦးသိန်းစိန်အစိုးရ၀န်ကြီးကိုယ်တိုင်က လက်ခံပြောဆိုပြီး တရားဥပဒေစိုးမိုးမှုအတွက် တရားသူကြီး ၈၀ ရာနှုန်း တိုင်စာများ မှန်ကန်ကြောင်း လွှတ်တော်မှာကြေငြာခြင်း စသည့်အချက်များသည် ထူးကဲသော ပြုပြင်ပြောင်းလဲခြင်းများဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးဟောင်းများရဲ့အစိုးရက အမျိုးသားရေးအတွက် အာဏာငြင်သာစွာ လွှဲပြောင်းပေးခြင်း ရလဒ်ကို ရရှိခဲ့ပါတယ်။

နိဂုံး
မြန်မာနိုင်ငံရဲ့ အလွန်ထူးခြားချက်ကြီးတခုကတော့ “ဗားကလပ်ဟာဗဲလ်ကဲ့သို့ ဖြောင့်မတ်တည်ကြည်သည်” လို့ ကမ္ဘာက သတ်မှတ်ထားတဲ့ “ဒေါ်အောင်ဆန်းစုကြည်” ရှိနေပါတယ်။ မြန်မာပြည်သူသာမက ကမ္ဘာသားများ လေးစားချစ်ခင်မှု မီးရှုးတိုင်တခုပါ။ မှောင်မိုက်တဲ့မြန်မာပြည်ကို အလင်းရောင်ခြည်ရရှိစေလိုပါသည်။ NLD အစိုးရနဲ့ တိုင်းရင်းသားပါတီ အင်အားစုများ ပူပေါင်းဆောင်ရွက်ခြင်းဖြင့်၊ တရားဥပဒေစိုးမိုးရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပြည်တွင်း ထာဝရငြိမ်းချမ်းရေးများကို ပိုမိုလုပ်နိုင်မယ် ဖြစ်ပါတယ်။

မြေပေါ်မြေအောက် သယံဇာတအားကိုးပြီးတော့ မြန်မာနိုင်ငံတိုးတက်ဖို့ မလွယ်ပါဘူး။ လူသား အရင်းအမြစ်၊ မြန်မာပြည်သားစိတ်ဓာတ် Attitude အနေနဲ့ပဲ ကမ္ဘာ့အဆင့်ရောက်ဖို့ မျှော်လင့်ပါသည်။

တခုတည်းသော နည်းလမ်းကတော့ လူထုထောက်ခံမှု ရနေတဲ့ NLD အစိုးရကို ဒီ (၅)နှစ်မှာလည်း အပြက်ထောက်ခံနေကြဖို့ လိုက်နာလုပ်ဆောင်နေဖို့ပါပဲ။

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

ဇော်အောင်(မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts