ရသဆောင်းပါးစုံ မောင်လူရေး

မောင်လူရေး – ကလေးတွေ လွတ်လွတ်လပ်လပ် ပျော်ပါစေ ကိုငြိမ်းမောင်


ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်)

 

မောင်လူရေး – ကလေးတွေ လွတ်လွတ်လပ်လပ် ပျော်ပါစေ ကိုငြိမ်းမောင်

(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၆

ဟိုတုန်းက မန်းသင်္ကြန်လည်ကားတွေမှာပါသည့် ဆိုင်းဘုတ်လေးတွေကို သတိရသည်။ သင်္ကြန်လည်တော့မည်ဆိုလျှင် ကားငှားခြင်းနှင့်အတူ ဆိုင်းဘုတ်စာသားနှင့်ပုံကို စဉ်းစားလုပ်ဆောင်ရသည်ကလည်း အရေးကြီးလှသည်။ စာကဖြစ်ဖြစ် ပုံကဖြစ်ဖြစ် အဓိပ္ပါယ်နှစ်ခွရစေရသည်။ အဓိပ္ပါယ်ကလည်း ခါးအောက်ဘက် နွယ်သည်ကများသည်။

ဥပမာ အပ်ချိပ်ပုံနှင့် “တွယ်လိုက်လို့” ဟူသည့်စာ၊ လူတယောက် တံမျက်လှည်းနေသည့်ပုံနှင့် စာက “တောင်လေတိုက်လေ မောင်မောလေ” ၊ မသေးမျှင်က ကိုတွတ်ပီကို သနပ်ခါးတုံးနှင့်ရွယ်ပြီး “ရှင်မတောင်နဲ့ ထုလိုက်မယ်” လို့ ရေးထားသည်။ ဖတ်လိုက်ရသည်နှင့် ရွှင်သွားသည်၊ ပြုံးသွားသည်။

ဒီလိုစာသားတွေ ပုံတွေကလည်း သံချပ်ကား အလှပြကားတွေ နားထောင်ရ ကြည့်ရသည်နှင့်အပြိုင် လိုက်ဖတ်ရသည်။

အလှပြကားတွေမှာ အကအဖွဲ့နှင့် သင်္ကြန်သီချင်းအသစ်များပါသည်။ ကိုယ်ပိုင်သီချင်း မပါလို့မဖြစ်။ ရပ်ရွာတေးရေးဆရာများ  ကြွားရရွားနိုင်သော ကာလတည်း။ ဟောတော့ သီချင်းဆိုလျှင် ကျောက်ပန်းတောင်းအလှပြကားက သီချင်းပင်။ သင်္ကြန်ကတဆင့် ထင်ပေါ်လို့ စင်တော်ကောက်ခံရသူတွေ အများကြီး။ သင်္ကြန်ကား အလှပြကားမှာ ရေးဆွဲထားသော အနုပညာပုံရိပ်များကိုလည်း ဘာ့ကြောင့် ဘယ်လို ဖွင့်ဆိုရှင်းလင်းပြသေးသည်။ ရပ်ကွက်ပန်းချီဆရာများလည်း မနားရ။

သံချပ်တွေလည်း ရပ်ကွက်လိုက် မြို့နယ်လိုက် အုံးအုံးထ ခေတ်ကြီးကို ပြင်ကြ သကြ၊ ကိုယ့်မြို့ ကိုယ့်ရွာက အလွဲများကို သရော်ကြ ဆော်ကြ။ ဆော်သည်ဆိုပေမင့် ဟာသနှင့်။ ရီစေ မောစေသည်။

အဓိကက သင်္ကြန်သည် ရပ်ရွာ၏ညီညွတ်မှု ရပ်သူရွာသားများ၏ဖန်တည်းမှု ရပ်ချစ် ရွာချစ်စိတ်တွေကို အခြေခံထားသည့် မြန်မာ့ပျော်ရွှင်မှုများစွာထဲက ပျော်ရွှင်မှုကြီးတခုဖြစ်သည်။

ယင်းအရာများအားလုံး စစ်အာဏာရှင်အစိုးရ၏ မျိုးတုံးခြင်းကို ခံလိုက်ရသည်။ ယခု ဒီမိုကရေစီခေတ်ပြောင်းသင်္ကြန်တွင် ယင်းအနံ့အသက်လေးတချို့  ပြန်လည် ရှူရှိုက်ရသယောင်ရှိသေး၊ တချို့လူငယ်အုပ်စုများ ကျိုးပမ်းပုံဖော်လာသော ပါဖောမင့်တချို့ကို ပြစ်မှုသဖွယ် ဖမ်းဆီးအရေးယူ ပြစ်တင်လာကြသည်ကို တွေ့ရသည်။ သူတို့ ဘယ်လောက် ကြံစည် ကျိုးစား စိုက်ထုတ်ထားခဲ့ကြသနည်း။ မြင်ရသူတွေ ခံစားမှုတစုံတရာရစေရန်ရည်ရွယ်ခဲ့သည့် သူတို့၏ သင်္ကြန်ပါဖောမင့်များ အလကားဖြစ်တော့မည်။ အကျိုးဆက်က နောက်နောင် ဖန်တည်းလုပ်ဆောင်သူတွေ လျော့သွားမည်။

ဤအရာမျိုးကိုတွေ့ရတော့ ယခုဖေ့ဘွတ်မှာ တင်လာသည့် “ကလေးတွေ လွတ်လွတ်လပ်လပ် ပျော်ပါစေ ကိုငြိမ်းမောင်” ဆိုသည့် သင်္ကြန်မိုးဇာတ်ကားထဲက စကားကို ဆိုင်းဘုတ်တင်ပြီး ကားဖြင့် လည်ပတ်ရင်းပဲ ကမ်ပိမ်းလုပ်ရမလိုလို။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts