စာစုတို ဆောင်းလူ

ဆောင်းလူ – ငဖား ဖားရိုက်ခြင်း

ဆောင်းလူ – ငဖား ဖားရိုက်ခြင်း

(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

ခုတလော ငဖား၏စိတ်တို့သည် ဖားရိုက်ချင်စိတ်တို့ဖြင့် ကြီးစိုးလျှက်ရှိသည်။

ဖားမရိုက်ခင် ဖားမျိုးစိတ်ကို စူးစမ်းကြည့်မိသည်။ ဖားမဖြစ်ခင်က ယင်းတို့ကိုယ် ယင်းတို့ ငါးဟု ထင်နေကြပုံရသည်။ အချိန် ကာလရွေ့လျားလာမှု ဆင့်ကဲဖြစ်စဉ်များမှသာ ဖားသည် ဖားဖြစ်သည်ဟုသာ လက်ခံလိုပုံရသည်။

ဖားတို့သည် ရေကြိုက်သော သတ္တ၀ါဟု ယေဘုယျ မှတ်ချက်ချနိုင်သည်။ ထို့အတူ ဖားတိုင်း ရေကူးနိုင်ကြပြန်သည်။ ရေကူး နိုင်သလို့ ကုန်းပေါ်တွင်လည်း ခုန်ဆွ ခုန်ဆွဖြင့် လိုရာရောက်အောင် ပြုမူနိုင်ကြပြန်သည်။

ဖားတို့သည် လျှာရှည်သည်ဟု ထင်မိပြန်သည်။ ယင်းတို့ အနီးတ၀ိုက်သို့ မျက်စေ့လည်လမ်းမှားလာသော အစာများကို သူ တို့၏ လျှာရှည်ရှည်ဖြင့် လှစ်ကနဲ ဖမ်းယူစားသောက်နိုင်ကြပြန်သဖြင့် ရှည်ရုံမက မြန်သည်ဟုပင် ဆိုနိုင်ပြန်သည်။

ဖားတို့သည်လည်း အခြားသော သက်ရှိသတ္တ၀ါတို့ကဲ့သို့ပင် … မျိုးစိတ်အဖုံဖုံ သဏ္ဌာန်အစုံစုံဖြစ်သည်။

ပုပုဝိုင်းဝိုင်းနှင့် စားဖားများ
ဟိုပျံ ဒီလွှားနဲ့ ကျော်စံကေးများ
ထိလျှင် ပွ ရွ လာသည့် ဖားခုံညင်းများ
ရုပ်ဆိုးဆိုး ဗီလိန်ဇာတ်ရုပ်နှင့်ဆင်သည့် ဖားပြုတ်များ …
ဖားကပ်များ ….
ဖားပျံများ ….
ဟိုဖားများ …
ဒီဖားများ …

ဖားတို့တွင် ခန္ဓာကိုယ်တခုလုံး ပုံအိနေအောင်နေပြီး ဇိမ်ခံလိုသော ဖားများရှိနိုင်သည်။
ဟိုခုန် ဒီလွှား ကခုန်ပေါက်နေရမှ နေသာထိုင်သာရှိနိုင်သည့် ဖားများ ရှိနိုင်သည်။
ဗလမရှိပေမယ့် ပွယောင်းယောင်း ခန္ဓာကိုယ်ကို ခွန်အားဟုပြကာ ဇ ရှိသည်ဟု ပြချင်သည့် ဖားများရှိနိုင်သည်။
ဂိုက်ပေးကြမ်းကြမ်းနှင့် ဟန်တကိုယ်နှင့် ဗီလိန်ဖားများရှိနိုင်သည်။

ထို့အတူ …
ဟိုကပ် သည်ကပ်
ဟိုပျံ သည်ပျံနေရမှ ကျေနပ်နေသည့် ဖားများလည်း ရှိနိုင်သည်။

ဖားတို့သည် နွေကဲ့သို့သော ပူအိုက်သောရာသီတို့တွင် အသံမပေးရုံမက ကိုယ်ယောင်ပါ ဖျောက်နေကြပြန်သည်။ မိုးကဲ့သို့ အေးမြ စိုစွတ်သောရာသီ နေသာထိုင်သာသော အချိန်တို့တွင်သာ အသံမျိုးစုံတို့ဖြင့် မြူးတူးပျော်ပါးကြကုန်ပြန်သည်။

ဖားတို့၏ ၀သီ ဇီဝဖြစ်စဉ် အကြောင်းအချင်းအရာတို့ကို အသေးစိတ်မသိရှိနိုင်သည့်တိုင် ဖားရှိသော ရာသီတွင် ငဖား ဖား ရိုက်ထွက်မည်ဖြစ်သည်။

ငဖား ရိုက်မည့်ဖားများသည်
ခုန်ဆွ ခုန်ဆွလည်း ဖြစ်နေနိုင်သည် …။
ယက်ကန် ယက်ကန်လည်း ဖြစ်နေနိုင်သည် …။
ဟိုကပ် သည်ကပ် ဟိုပျံ သည်ပျံလည်း ဖြစ်နေနိုင်သည် ….။
ငဖားအတွက်က ဖားတို့သည် အသားသာဖြစ်သည်။

ဧပြီ ၆၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts