သူတို့အာဘော် မောင်မိုးသူ

NLD သမိုင်းမှတ်တမ်း နှင့် ဘကြီးမိုး

Photo – Yan Naung (Bo Ta Htaung)


NLD သမိုင်းမှတ်တမ်း နှင့် ဘကြီးမိုး
ဘကြီးမိုး ကုမုဒြာသတင်းဂျာနယ် (မိုးမခ) ဧပြီ ၆၊ ၂၀၁၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ်တမ်း (၁၉၈၈- ၂၀၁၀) စာအုပ်ကို မုံရွာအောင်ရှင် ပြုစုပြီး ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ ၃ ရက် ၁၀း၃၀ နာရီ တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမမှာ ပြုလုပ်တယ်။ အခမ်းအနားမှာ နာယက ဦးတင်ဦး၊ဦးအောင်သိန်း၊ဦးဟံသာမြင့်၊ ဦးမိုးသူ၊ မောင်စိမ်းနီ၊ မုံရွာအောင်ရှင်တို့ တက်ရောက်ကြပါတယ်။

စာအုပ်ကတော့ အင်န်အယ်လ်ဒီရဲ့ ၁၉၈၈ မှ ၂၀၁၀ သမိုင်းမှတ်တမ်းပဲ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ရဲ့ ၂၇ နှစ် ခရီးလမ်းဟာ ကြမ်းတမ်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ် အချုပ်ခံရ၊ အကြမ်းဖက်ခံရ၊ ဦးတင်ဦး ၊ဦးဝင်းတင်နဲ့ ခေါင်းဆောင်ပိုင်းအားလုံး အကြိမ်ကြိမ် အဖမ်းခံရတဲ့အပြင် စစ်ကြောရေးမှာ ဆုံးပါးရသူ၊ ထောင်တွင်းမှာ ကျဆုံးရသူ၊ ဆေးကု၍ မရနိုင်တော့မှ အပြင်ထုတ်ပေးပြီး အပြင်မှာ ကွယ်လွန်သူများရှိသလို ရှစ်လေးလုံး အရေးတော်ပုံကတဆင့် တောတွင်းရောက်သွားတဲ့ ကျောင်းသားရဲဘော်တွေ အများကြီး အများကြီး ၊ကွယ်လွန်ရသည်ကလည်း အများကြီး ဖြစ်ပါတယ်။

သည် ၂၇ နှစ် သမိုင်းကြီးကို ပြီးပြည့်စုံအောင် ပြုစုမှတ်တမ်းတင်ဖို့ကတော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။ မှတ်တမ်းပြုစုရတဲ့ မုံရွာအောင်ရှင်ကတော့ အင်န်အယ်လ်ဒီရဲ့ ဝိညာဉ်ကို ရအောင် ကြိုးစားတင်ပြထားတယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ နာယက ဦးတင်ဦးက အဖွင့်စကားပြောကြားပါတယ်။ နာယကကြီး ဦးတင်ဦး ကိုယ်တိုင် အကြိမ်ကြိမ် အဖမ်းခံရ၊ ဒီပဲယင်းမှာလည်း အကြမ်းဖက်ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဦးတင်ဦးဟာ အင်န်အယ်လ်ဒီ စတင်တည်ထောင်စဉ်က စပြီး အတူလုပ်ခဲ့ဖူးတဲ့ ဦးဝင်းတင်ကို သတိတရ စကားပြောပါတယ်။ တခါတခါ အဖမ်းခံကြရတိုင်း သိမ်းဆည်းခံရတဲ့ မှတ်တမ်းမှတ်ရာများ အကြောင်းကိုလည်း သတိတရ ပြောပါတယ်။ မှတ်မှတ်ရရ ထောင်တွင်းက ရရာအဝတ်စများပေါ်မှာ သွေးနဲ့ ရေးလိုက်ကြတဲ့ မှတ်တမ်းတွေ မရှိတော့ဘဲ ဆုံးရှုံးရတဲ့ အကြောင်း ပြောပါတယ်။ ဆရာတော် သံဃာတော်ကြီးများကိုလည်း အာဏာအသိမ်းခံရပုံများကို ပြောပါတယ်။

နာယကကြီးဦးတင်ဦးဟာ ယခုဆိုရင် ၈၉ နှစ် ပြည့်ခဲ့ပြီမို့ ၉၀ ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။ အကြောင်းအားလျော်စွာ တိုက်ဆိုင်မှုကို ဘကြီးမိုး ပြောရမယ်ဆိုရင် အန်ကယ်ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားကြသူများ ဖြစ်ပါတယ်။

သည်တော်ဝင်နှင်းဆီရဲ့ ငြိမ်းချမ်းခန်းမမှာပဲ ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားများနဲ့ ဘဝတူ အနုပညာသည်များ ထောက်ပံ့ကူညီမှု အလှူပွဲတွေမှာလည်း ဦးတင်ဦးဟာ အမြဲဦးဝင်းတင်နဲ့ အတူရှိခဲသူဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ မှတ်တမ်းစာအုပ်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာ၊ နာယက ဦးတင်ဦးရဲ့ အမှာ ၊ဟံသာဝတီဦးဝင်းတင်ရဲ့ အမှာများပါသလို ဘကြီးမိုးလည်း ရေးရပါတယ်။ ထိုနည်းတူ ပြုစုတဲ့ မုံရွာအောင်ရှင်ကလည်း သူဘယ်လို ပြုစုခဲ့တယ်ဆိုတာကို ပြောပါတယ်။ ထူးခြားတာကတော့ မုံရွာအောင်ရှင်က ကဗျာဆရာလေ။သည်တော့ ကဗျာဆရာမောင်စိမ်းနီကလည်း သူ့ရေးဖော်ကဗျာဆရာမုံရွာအောင်ရှင်ကို ချီးကျူးစကား ပြောကြားပေးတယ်။ ဘကြီးမိုးလည်း စကားပြောရတာပေါ့။

တကယ့် တကယ် သည်မှတ်တမ်းစာအုပ်ကြီးဟာ ပြီးပြည့်စုံတာတော့ မဟုတ်သေးပါဘူး။ အန်ကယ်ဦးတင်ဦး ပြောသလိုပါပဲ။ အချက်အလက်များစွာဟာ သိမ်းဆည်းခြင်းခံရ၊ ဖျက်ဆီးခြင်းခံရလို့ပါပဲ။

ဘကြီးမိုးကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကပဲ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ သမိုင်းကို ပြန်ပြောရရင် အင်န်အယ်လ်ဒီဟာ ရှစ်လေးလုံး အရေးတော်ပုံက ပေါက်ဖွားလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဦးဆောင်ခဲ့ကြတဲ့ မင်းကိုနိုင်၊ကိုကိုကြီးတို့ကိုလည်း သတိရလာပါတယ်။ တကယ်တော့ သူတိုနဲ့လည်း ထောင်အတူတူကျဖူးတာကိုး။ သူတို့ဦးဆောင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးထဲကို မောင်သော်က၊ဦးဝင်းတင် နဲ့ ဘကြီးမိုး ပါဝင်လာကြတာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်နဲ့အတူလမ်းပေါ်ထွက်ခဲ့ကြရာက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့၊ အင်န်အယ်လ်ဒီ စတင်ဖွဲ့စည်းရာမှာလည်း အတူတကွ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဆရာသော်(မောင်သော်က) ကတော့ ဘကြီးမိုးနဲ့ ထောင်ထဲမှာ အတူရှိစဉ်မှာပဲ ကွယ်လွန်ခဲသူဖြစ်ပါတယ်။ ဦးဝင်းတင်ကတော့ ကွယ်လွန်တာ နှစ်နှစ်ပဲ ရှိတော့မှာ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီကို အစိုးရက ဂျာနယ်ထုတ်ခွင့်ပေးလိုက်တော့ ချက်ချင်းပဲ ဦးဝင်းတင်က ဖျာပုံနီလုံဦး၊မုံရွာအောင်ရှင်၊ ငြိမ်းသစ် တို့ကို အယ်ဒီတာအဖြစ် တာဝန်ပေးပြီး ဦးဝင်းတင်နဲ့ ဘကြီးမိုးတို့က အတိုင်ပင်ခံလုပ်ပြီး ` ဒီလှိုင်း´ ဂျာနယ် စတင် ထုတ်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ` ဒီလှိုင်း ´ ဆိုတဲ့ နာမည်ကလည်း ဦးဝင်းတင် ထောင်ထဲက ရွေးခဲ့ ပေးခဲ့တဲ့ နာမည်ဖြစ်ပါတယ်။ ဒီလှိုင်း မှာပဲ မုံရွာအောင်ရှင်က သမိုင်းမှတ်တမ်းကို စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းစာအုပ်ကိုလေ့လာ ဖတ်ရှုသူတွေလက်ထဲကို ထည့်နိုင်တဲ့အတွက်လည်း ဝမ်းသာရပါတယ်။ အင်န်အယ်လ်ဒီ သမိုင်းမှတ်တမ်းနှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts