သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ကြေးမုံနှင့် မြန်မာ့အလင်း

 

မောင်မောင်စိုး – ကြေးမုံနှင့် မြန်မာ့အလင်း

(မိုးမခ) ဧပြီ ၄၊ ၂၀၁၆

NLD အစိုးရသစ်တက်လာပြီးနောက် အစိုးရထုတ်သတင်းစာများဖြစ်ကြသည့် ကြေးမုံနှင့် မြန်မာ့အလင်းတို့ပြောင်းလဲသွားကြပြီဟုဆိုသူကဆိုကြသည်။ တကယ်က ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူပိုင်သိမ်းရာတွင် ထိုသတင်းစာ ၂ စောင်လဲပါဝင်သွားပြီး ယနေ့တိုင် အစိုးရပိုင် သတင်းစာများဖြစ်သွားခဲ့ကြသည်။

ယနေ့ကာလတွင် ထိုသတင်းစာများ ပြောင်းလဲသွားပြီလောဟု ဆိုခြင်းနှင့် ပတ်သက်၍ မိမိအမြင်ကိုပြောရလျင် မပြောင်းလဲဟုဆိုရမည်ဖြစ်သည်။ ပြောင်းသွားသည်က အစိုးရသာလျင်ဖြစ်သည်။ အစိုးရပိုင်သတင်းစာများ ဖြစ်သည့်အားလျော်စွာ အစိုးရအာဘော်သာ ဖေါ်ပြမည်သာဖြစ်သည်။ စစ်အစိုးရတက်လျင် စစ်အစိုးရ အာဘော်ကိုဖေါ်ပြမည်။ ကြံ့ခိုင်ရေးအစိုးရတက်လျင် ကြံ့ခိုင်အစိုးရအာဘော်ကိုဖေါ်ပြမည်။ NLD အစိုးရတက်လျင် NLD  အစိုးရ အာဘော်ကိုကိုဖေါ်ပြမည်သာဖြစ်သည်။ သို့သော် နှစ်ပေါင်း ၅၀ ကျော်အတွင်း လူထုအများစု ထောက်ခံသည့် အရပ်သားအစိုးရသစ် တက်ရောက်လာသည်ဖြစ်ရာ ယခင်ကနှင့်မတူသည့် လူထု၏၏ လိုလားထောက်ခံမှု ရမည်သာဖြစ်သည်။

ထိုပြင် ယခင်ကာလများနှင့်မတူဘဲ မတူကွဲပြားသောအမြင်များ အခြေအနေများကို ဖေါ်ပြနိုင်လိမ့်မည်ဟု မျှော်လင့်၍ ရနိုင်သည်။ ယခင်ကကဲ့သို့ တဖက်သတ်ဆန်သော သတင်းများ အမြင်များ လျော့ပါးလိမ့်မည်ဟု ယူဆရပေသည်။ လက်ရှိပြန်ကြားရေးဝန်ကြီးမှာလည်း ဆေးကျောင်းသားဘဝမှာကတည်းက ဘာသာပြန်စာရေးဆရာတစ်ဦးအဖြစ် ဘဝကိုစတင်ခဲ့သူတစ်ဦးလည်းဖြစ် သတင်းဂျာနယ် စာအုပ် ထုတ်ဝေရေးအတွေ့အကြုံရှိသူတစ်ဦးလည်းဖြစ် လူထုကြားမှ လာသူတစ်ဦးလည်းဖြစ်ပေရာ လက်ရှိအစိုးရပိုင် သတင်းစာများဖြစ်ကြသည့် မြန်မာ့အလင်းနှင့်ကြေးမုံတို့သည် လူထု နှင့်ပို၍ နီးစပ်နိုင်လိမ့်ဟု မျှော်လင့်ရပေသည်။

သို့သော် သတင်းစာမူဝါဒကား မပြောင်းလဲသေးဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီနှင့် ပြန်ကြားရေးဝန်ကြီးဌာန အစိုးရပိုင်သတင်းစာတို့ဆိုသည်မှာ သဟာဇာတမဖြစ်လှချေ။ ဒီမိုကရေစီနိုင်ငံများအဖို့ ပြန်ကြားရေးဝန်ကြီးဌာနှင့် အစိုးရပိုင်သတင်းစာ မလိုအပ်ပေ။ အစိုးရပိုင်သတင်းစာဆိုသည်မှာ အာဏာရှင်စနစ်၏အမွေသာဖြစ်သည်။ နှစ်ငါးဆယ်ကျော်ကြာ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ကြီးမားသော ယန္တယားကြီးအဖြစ်ရှိနေခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန အသံလွှင့်ဌာန ရုပ်မြင်သံကြားဌာန အစိုးရပိုင်သတင်းစာတိုကို အစိုးရသစ်အနေနှင့် လျင်မြန်စွာပြောင်းလဲရန်လွယ်ကူလှသည်မဟုတ်ပေ။ အချိန်ယူ၍ ပြောင်းလဲရန်လိုအပ်ပေမည်။ ထို့ကာလအတွင်း NLD အစိုးရသစ်၏မူဝါဒများကို လူထုဆီရောက်စေရန် အသုံးပြုသွားမည် ဟုဆိုသည်။

မည်သို့ဆိုစေ လက်ရှိအစိုးရပိုင်သတင်းစာများဖြစ်သည် မြန်မာ့အလင်း၊ ကြေးမုံစသည့် သတင်းစာများ အား ပုဂ္ဂလိကပိုင် သို့မဟုတ်အများပိုင် အဖြစ်၎င်း အစိုးရ၏ အာဘော်ကိုလည်း အစိုးရအာဘော်အဖြစ် သီးခြား
ဖေါ်ပြပေးသည့် လွတ်လပ်သည့် သတင်းစာ သတင်းဌာနအဖြစ်၎င်း ပြောင်းလဲနိုင်မှသာ ကြေးမုံနှင့်မြန်မာ့အလင်း မူဝါဒတကယ်ပြောင်းပြီဟုဆိုရပေမည်။ ထိုအပြောင်းအလဲ ချက်ခြင်းပြောင်းလဲဖို့လွယ်မည်မဟုတ်သော်လည်း NLD အစိုးရသစ် သက်တမ်း ၅ နှစ်တာအတွင်း တဆင့်ချင်းပြောင်းလဲသွားရန် ဦးတည်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ သို့မှသာ မြန်မာ့အလင်းနှင့်ကြေးမုံ သည်လည်း လွတ်လပ်သော သတင်းစာများအဖြစ် ဒီမိုကရေစီ လမ်းကြောင်းတွင် ရေရှည်သိက္ခာရှိစွာရပ်တည်နိုင်ပေလိမ့်မည်။

သို့မဟုတ်လျင် အစိုးရပိုင်သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းသည် တက်သည့်အစိုးရ ဒို့အစိုးရအဖြစ်ရပ်တည်နေမည့် သတင်းစာများသာ ဖြစ်နေပေလိမ့်မည်။ အာဏာရှင်များအတွက် အစိုးရသတင်းစာလိုအပ်မည်ဖြစ်သော်လည်း ဒီမိုကရေစီအစိုးရအတွက် အစိုးရသတင်းစာမ လိုအပ်ပေ။ စစ်အစိုးရတခေတ်လုံး အဆိုပါသတင်းစာများသည် NLD နှင့် လူထုအား မမှန်သတင်းလွှင့်ခဲ့သည်။ ယနေ့ NLD အစိုးရသစ် အာဏာရလာသည်မှာ ထိုသတင်းစာ ၂စောင်၏အကူအညီ မလိုအပ်ခဲ့ပေ။မကူညီခဲ့သည့်ပြင် နည်းမျိုးစုံနှင့် အပုတ်ချခဲ့သည်မဟုတ်ပါလော။ ဖိနှိပ်ခံရစဉ်ပင် မလိုအပ်သည့် သတင်းစာ ၂ စောင်ကို NLD အစိုးရအဖြစ်ရှိနေစဉ် ပို၍ မလိုအပ်ပေ။ ထိုကဲ့သို့သော အစိုးရသတင်းစာကို လိုအပ်သည်မှာ အာဏာရှင် အစိုးရများသာဖြစ်သည်။

လက်ရှိဒီမိုကရေစီအစိုးရလက်ထက်တွင် နောက်နောင် အာဏာရှင်များ လက်နက်အဖြစ်အသုံးပြုနိုင်သည့် အစိုးရပိုင် ပြန်ကြားရေး ရုပ်သံနှင့်သတင်းစာများနှင့် ပတ်သက်ပြီး ဒီမိုကရေစီကျသည့် မူဝါဒအပြောင်းအလဲများအား လာမည့် ၅ နှစ်သက်တမ်းအတွင်း တဆင့်ချင်း ပြောင်းလဲသွားရန် လိုအပ်ပေလိမ့်မည်။ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ရပေသည်။ ဒီမိုကရေစီစနစ် နှင့် အံဝင်ဂွင်ကျဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ ၂ စောင်၏ မူဝါဒအပြောင်းအလဲကား မဝေးလှဟူ၍သာ မျှော်မှန်းရပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts