ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ကျောက်စိမ်းဈေးကွက် ၁၉၉၀-၂၀၁၆

ဇော်အောင် (မုံရွာ) – ကျောက်စိမ်းဈေးကွက် ၁၉၉၀-၂၀၁၆

(မိုးမခ) ဧပြီ ၃၊ ၂၀၁၆

မြန်မာပြည် ဖားကန့် လုံးခင်း ဆိုင်းတောင်နဲ့ တရုတ်ပြည် ရွှေလီ ယင်းကျန်း မံချီ ထန်ချုန်း ကြယ်ဂေါင် ကူမင်း စတဲ့မြို့များက ကျောက်စိမ်းတူးဖေါ်ခြင်း ရောင်းဝယ်ကူးသန်းခြင်းတွေ ”ဘီဇက်ဇော်လီ (ကချင်ပြည်)” ၂၃ အုပ်မြောက်စာအုပ် (220 pages) ၂၀၁၅ မှာ ထွက်လာပါတယ်။

တရုတ်ပြည် ယူနန်ပြည်နယ်မြို့တော် ကူမင်းမှာပြပွဲလုပ်ရင် ကျောက်စိမ်းတုံးများကို တရုတ်မြန်မာ ကုမ္ပဏီများက ခင်းကျင်းပြ သကြပြီး တိုင်ဝမ်နဲ့ ဟောင်ကောင်ကုမ္ပဏီများကတော့ တန်ဖိုးကြီး ကျောက်စိမ်းလက်ဝတ်ရတနာ အချောထည်များကို ပြသ ရောင်းချကြပါတယ်။

တရုတ်မြို့အုပ်ချုပ်ရေးအဖွဲ့တွေကလဲ သူတို့မြို့မှာ ကျောက်စိမ်းဈေးကွက်ရောက်လာဖို့ အပြိုင်အဆိုင် ဈေးချိုတဲ့ပြခန်းများ ပြပွဲများ လုပ်ပေးခဲ့ပါတယ်။

● ကျောက်စိမ်းသမိုင်း
”၁၉၉၀ မတိုင်မီ ရွှေလီမှာ ဈေးအကောင်းဆုံးရခဲ့ပါတယ်။
”၁၉၉၅ အထိ ဈေးကောင်းရဆဲ ရွှေလီရောက်တဲ့ ကျောက်သမားတိုင်း မရောင်းရ မရှိခဲ့ပါ။
”၂၀၀၀ နောက်ပိုင်း မြန်မာဘက်က ကျောက်များ သိပ်အရောင်း မကောင်းတော့။
”၂၀၀၈ တရုတ်ပြည်အိုလံပစ် မတိုင်မီ ဈေးကွက်ကောင်းခဲ့ပြီး တဖြေးဖြေးကျဆင်းလာပါတယ်။

”၂၀၀၉-၂၀၁၀ မှာတော့ ကုမ္ပဏီခေတ် ရောက်လာပါတယ်။ ကုမ္ပဏီများကို အစိုးရက ကျောက်စိမ်းတန်ဖိုး ၅၀ % – ၅၀ % အစိုးရနဲ့ ကုမ္ပဏီ ခွဲဝေယူတဲ့ခေတ် ရောက်လာပါတယ်။ မြန်မာတပြည်လုံးက အလုပ်လက်မဲ့တွေ သူဌေးဖြစ်လိုသူတွေ ရေမ ဆေးကျောက်ဆိုတဲ့ ကုမ္ပဏီ စွန့်ပစ်မြေစာများက လုယက်ရှာဖွေသူ သိန်းနဲ့ချီပြီး ရှိလာပါတယ်။

”ရေမဆေးကျောက် အများစုက တန်ဖိုးနည်းပါတယ်။ ယခင် ၁ ကီလိုဂရမ်ကို ယွမ် ၄၀၀ လောက် ရပေမဲ့ အခု ၂၀၁၅ မှာ ၁ ကီလိုဂရမ်ကို ယွမ် ၅၀ ဖြစ်နေပါတယ်။ တရုတ်ပြည်မှာ စုပုံပြီး (၁) တန်ကို ၁ တန်ကို ယွမ် ၄၀၀၀ – ၁၀၀၀၀ နဲ့ ရောင်းနေ ပါတယ်။ (၁ ယွမ် = ၁၆၅ ကျပ်၊ ၂၀၁၆ မတ်)

”၂၀၁၂ -၂၀၁၃ မှာ ကချင် KIA နဲ့ အစိုးရစစ်တပ် အပြင်းထန်တိုက်ပွဲများကြောင့် ကျောက်စိမ်းဈေးကွက် အေးသွားပါတယ်။ တရေုတ်ပြည်မှာ ၅ နှစ်စာလောက် ကျောက်စိမ်း အလုံလောက်ဝယ်ယူထားပြီးဖြစ်လို့ မြန်မာကျောက်စိမ်းများ ဈေးကောင်းမ ရနိုင်ပဲ ဈေးကိုင်လို့လဲ မရပါ။ စစ်ပွဲအေးသွားပြီး ၂၀၁၃ ဖားကန့် – မန္တလေး ကျောက်စိမ်းယာဉ်တန်း ၂၀၀ ကျော် မောင်းနှင် ယူလာပြီး မြန်မာနိုင်ငံတွင်း ကျောက်စိမ်းဈေးကွက်ကြီး စတင်လာပါတော့တယ်။ တရုတ်ပြည် ဝယ်လက်များ (ကျောက်စိမ်း ဝယ်ရောင်းသမားများ) မန္တလေးမြို့ ရောက်လာကြပါတယ်။

အခုဆိုရင် ဖားကန့် မန္တလေး နေပြည်တော် ရန်ကုန်ဗိုလ်ချုပ်ဈေးနဲ့ မြစ်ကြီးနားမြို့အထိ ကျောက်စိမ်းပြပွဲ ဈေးကွက်လုပ်နေ ပါတယ်။ မစည်ကားသေးပေမဲ့ တရုတ်ဈေးကိုကွက်ပြိုင်ဖို့ မြန်မာ့ကျောက်စိမ်းဈေးကွက် မြန်မာပြည်ရောက်လာနေပြီဖြစ်ပါ တယ်။

● ၂၀၁၄-၂၀၁၆ ကျောက်စိမ်းဈေးကွက် ကျဆင်း
တရုတ်အစိုးရ ပေါ်လစီပြောင်းသွားပါတယ်။ တရုတ်ဘဏ်တွေက မြန်မာပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ကျောက်စိမ်း လုပ်ခွင့်ပါမစ်ရ ကုမ္ပဏီများကို ငွေထုတ်မချေးတော့ခြင်းက အဓိကဖြစ်ပါတယ်။

(လက်ပတောင်းတောင်ကြေးနီ.. ရွှေဂတ်စ်ဓါတ်ငွေ့. ကျောက်ဖြူစက်မှုဇုံ.. မိုဘိုင်းဖုန်းလုပ်ငန်း..လျှပ်စစ်ဓါတ်အားလုပ်ငန်း ..မြို့ပြစီမံကိန်းဆောက်လုပ်ရေးများ .. စတဲ့ ဗဟိုအစိုးရ ပါမစ်များရထားရင် တရုတ်ဘဏ်များက ငွေထုတ်ချေးပါတယ်)။

ပိုပြီးအဓိကကျတာကတော့ တရုတ်အစိုးရ သမတသစ် ရှီကျင်ဖန်တက်လာပြီး လာဘ်စားမှုများ ဖမ်းဆီး ထောင်ချ ပိုဆိုင် ပစ္စည်းသိမ်းတဲ့အပြင် ပြည်ပထွက်ပြေးသူများထဲက (နိုင်ငံခြားသားခံယူပြီးသူအပါဝင်) ၃၇၀ ယောက် တရုတ်ပြည် ပြန်ခေါ် International Police နဲ့ အရေးယူနိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာကျောက်စိမ်း ဝယ်သူတရုတ်နိုင်ငံသား အများစုက တရုတ်အစိုး ရ ဌာဆိုင်ရာဝန်ထမ်းများ ဖြစ်ပါတယ်။ ဌာနတခုမှာ အရာရှိကြီးဖြစ်ရင် သူဌေးကြီး ဖြစ်လာပါတယ်။ အခုတော့ တရုတ်ပြည် လာဘ်စားမှု တိုက်ဖျက်ရေးကြောင့် မအိပ်မစားနိုင်ဖြစ်နေပြီး ငွေပိုတွေကို အိမ်ခြံမြေ ဝယ်ကြတာကြောင့် တရုတ်ပြည်လဲ အိမ်ခြံမြေဈေးကြီးသွားခဲ့ပါတယ်။ အခု ဈေးကျသွားပါပြီ။

တရုတ်အစိုးရက ကုန်ထုတ်လုပ်ငန်းမဟုတ်တဲ့ ကျောက်စိမ်းအရောင်းဝယ်ကို အားမပေးတော့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့စီးပွား အရမ်းကျဆင်းနေချိန် တရုတ်နိုင်ငံစီးပွားရေး ထိုင်းသွားပါတယ်။ အရောင်းအဝယ်ထက် ကုန်ထုတ်လုပ်ငန်းကို တရုတ်အစိုးရ က ပိုဦးစားပေးလာပါတယ်။

တရုတ်ပြည်တွင်းက အိမ်ခြံရောင်းပြီး ကျောက်စိမ်းဈေးကွက်ဝင်လာသူများ မြန်မာပြည်က မြန်မာ ကချင် ကျောက်သမားများ အရင်လို ခေတ်မကောင်းတော့ပါ။ အများအားဖြင့် ကျောက်လောကလုပ်ကိုင်သူများ ယုံကြည်စိတ်ချမှုရှိကြပေမဲ့ နောက်ပိုင်း ကျောက်စိမ်းရောင်းမရရင် အပေါင်ထားတဲ့လုပ်ငန်းပါ ဝင်လာပါတယ်။ လူလိမ်ပွဲစားအပြင် တရုတ်ပြည်တွင်းဘဏ်များက တလ  ၃ % အတိုးနဲ့ယူပြီး ကျောက်စိမ်းအပေါင် လုပ်ငန်းမှာ တလ ၁၀ % ကနေ ၁၅ % အထိ အတိုးယူ ငွေချေးစားခြင်းတွေ ပေါ်လာပါတယ်။

”တရုတ်အစိုးရ အခွန်ဌာနက ကျောက်စိမ်းသယ်သူတွေကို ဖမ်းဆီးသိမ်းဆည်း ကျောက်စိမ်းပြန်ရလိုရင် အလွန်များပြား တဲ့ငွေနဲ့ ပြန်ရွေးရတဲ့ လာဘ်စားမှုကြီးတွေ ကြီးစိုးခဲ့ပါတယ်။ အခု တရုတ်အစိုးရသစ်မှာ လာဘ်စားသူ ရဲ အခွန်ဝန်ထမ်းတွေ အကုန်ဖမ်းဆီးလိုက်လို့ ၂၀၁၅ နောက်ပိုင်း တရုတ်ပြည်ဖက်မှာတော့ ကျောက်စိမ်း အဖမ်းဆီးမရှိတော့ပါ။

”ဦးသိန်းစိန်အစိုးရ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ပြီးနောက်ပိုင်း တပ်မတော် ထိုးစစ်တွေ – KIA ခံရခြင်း နဲ့အတူ တရုတ်ဘဏ်များက ကျောက်စိမ်းလုပ်ငန်းများအတွက် ငွေမချေးတော့ခြင်း စတင်ပါတယ်။ ကိုးကန့်တိုက်ပွဲများလဲ ဖြစ်ခဲ့ပြီး တရုတ်-မြန်မာ ဆက် ဆံရေး တင်းမာခဲ့ပါတယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမတရဲ့ နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ကြား လာရောက်ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး အခြေနေ ပိုကောင်းလာပါတော့တယ်။

● မြန်မာပြည်အခြေအနေ
တရုတ် အခွန်နဲ့ ရဲအဖွဲ့ လုပ်နည်းအတိုင်း သမတဦးသိန်းစိန် လက်ထက်မှာ မြန်မာပြည် မိုဘိုင်းအဖွဲ့ ဆိုပြီး အကုန်လိုက်ဖမ်းဆီး ခဲ့ဘူးပါတယ်။ အမှုပေါင်း ၁၅၀၀ ကျော် ဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။ ၂၀၁၅ ဒီဇင်ဘာလမှာ ” ဖမ်းရသမျှရဲ့ ၃၅ % မိုဘိုင်း အဖွဲ့ ယူစေသတည်း” ဆိုတဲ့ မူဝါဒနဲ့ မိုဘိုင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပါပြီ။

ရေမဆေးကျောက်လို့ခေါ်တဲ့ ကုမဏီစွန့်ပစ်တဲ့ မြေစာထဲက ကျောက်ရိုင်းတုံးကောက်တဲ့ခေတ်မှာ ကျောက်ကြည့် တတ်သူ များ ကားကြီဘက်ဖိုးမောင်းတတ်သူများကို ကုမ္ပဏီဝန်ထမ်းအဖြစ် လစာ ၂ သိန်းလောက် ပေးပါတယ်။ ကုမ္ပဏီအလုပ် မရ သူအများစု သိန်းချီတဲ့ အောက်မြန်မာပြည်က ဗမာ ရခိုင်များစွာ ရေမဆေးကျောက် လုပ်နေကြပါတယ်။ ဗမာလူငယ်များစွာ ကုမဏီအလုပ်ကြိုးစားကြတယ်။ ထမင်းထုပ်လက်ဆွဲ တနေကုန် မနားမနေ အရမ်းအလုပ်ကြိုးစားကြတာ တွေ့ရတယ်လို့ ဘီဇက်ဇော်လီ ရေးသားထားပါတယ်။ ၂၀၁၅ မှာ ကုမဏီကြီးများ မြေစာပုံပြိုကျပြီး ရာပေါင်းများစွာသော လူငယ်များစွာ သေဆုံးသွာခဲ့တာ ဝမ်းနည်းစရာပါ။

၁၉၉၀ အချိန်က ”လောပန်လောင်း” ဆိုတဲ့သီချင်းကို KIA စစ်သားဖြစ်ခဲ့သူ ကိုအောင်ဆန်း စတင်သီဆိုခဲ့ပြီး ယနေ့တိုင် အဆိုတော်အသီးသီးက ထပ်မံသီဆို ဆန်းသစ်နေဆဲဖြစ်ပါတယ်။ ဖားကန့်နယ်ရောက်ရင် ဒီသီချင်းသံ ကြားရပါလိမ့်မယ်။

မူးရစ်ဆေးဝါး ဘိန်ဖြူ ဘိန်းမဲ ဆေးပြားတွေ .. အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ လူငယ် အမြောက်အများ ဖားကန့်နယ် ကတဆင့် ကချင်ပြည်နယ်မြို့ရွာ အားလုံးမှာ ပျက်စီးကုန်ပါတယ်။ သယံဇာတကို မသုံးစွဲတတ်တော့ ကျိန်စာသင့်နေပါတယ်။ မြစ်ကြီးနားအခြေပြု ”ပတ်ဂျဆန်” မူးယစ်တိုက်ဖြတ်ရေးအဖွဲ့ ၂၀၁၁ ကတည်းက အပြင်းထန် လှုပ်ရှားနေပါတယ်။ သယံဇာ တနဲ့ စစ်ပွဲများရလဒ် ဘုရားထံပဲ ကယ်တင်ဖို့ ဆုတောင်းလုပ်ဆောင်နေကြရပါတယ်။

● အစိုရသစ် ဘာလုပ်မလဲ..
အခုဆို တရုတ်ပြည်မှာ ရောင်းမရလို့ မန္တလေး နေပြည်တော်မှာ ပြန်သယ်လာရောင်းမှ အဆင်ပြေသွားတာတွေ ရှိနေပါပြီ။ ကယ်ရီသယ်တဲ့အခက်ခဲကြောင့် ကျောက်စိမ်း အလုံးငယ်များပဲ မြန်မာပြည်ကို ပြန်သယ်ယူကြပါတယ်။ ကျောက်သမား ၃၀ % ကတော့ ရွှေလီမနေတော့ပဲ ဖားကန့်မှာ ပြန်နေထိုင် လုပ်ကိုင်နေပါပြီ။ တရုတ်နိုင်ငံသား ဝယ်လက်များစွာ ဖားကန့် မန္တ လေးတွေမှာ လာနေကြပြီး တချို့ (၁၀) နှစ် နေထိုင်ခွင့်ပါမစ်တွေတောင် ရထားကြတယ်လို့ ဆိုကြပါတယ်။

”Eleven Media” ၂၈ မတ်၊ ၂၀၁၆ ဆောင်းပါးအရဆိုရင် တူးဖော်ရေး ပါမစ်ရထားတဲ့ ကုမ္ပဏီပေါင်း (၆၂၇) ခုမှာ လုပ်ကွက် ဧရိယာ ၂၂၅၅၈ ဧက လုပ်ခွင့်ပေးထားပါတယ်။ Global Witness အဖွဲ့က ၂၀၁၄ တနှစ်တည်း ကန်ဒေါ်လာ ၁၂ ဘီလျံ တရုတ်ပြည်ကိုတင်ပို့ခဲ့တယ် ဆိုပါတယ်။ မြန်မာဘက်က စာရင်းမမှန်ပေမဲ့ တရုတ်အစိုးရစာရင်းကတော့ မှန်မှာပါ။ EITI အစီရင်ခံစာမှာ ၂၀၁၃-၂၀၁၄ ကျောက်စိမ်းရောင်းချ အခွန် ကန်ဒေါ်လာ ၄၅ သန်း (ကျပ် ၅၃၅၂၃ သန်း) သာ ရှိတယ် ဆို တော့ ကုမ္ပဏီတူးလို့ ရတဲ့ကျောက်စိမ်းတန်ဖိုးကို နိုင်ငံတော်တဝက် ကုမ္ပဏီတဝက် ယူရမယ်ဆိုတဲ့ ပေါ်လစီက မဖြစ်နိုင်တဲ့ ရယ်စရာ ဖြစ်နေပါတယ်။

ရောင်းရငွေတန်ဖိုး လိမ်လည်ပြမှာ ၁၀၀ % သေချာပါတယ်။ အစိုးရရောင်းခွန် ၅ % နဲ့ ကျောက်စိမ်းတွင်း ထုတ်ကုန်တန်လ ဘိုးရဲ့ ၅၀ % ကို အစိုးရ တကယ်ရှိဖို့ လိုပါတယ်။

ဂန့်ဂေါ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှရွှေ ဖေ့ဘုတ်မှာတောင် သူပါဝင်တဲ့လွှတ်တော် ကျောက်မျက်ရတနာ ကော် မတီ အဓိပ္ပါယ်မရှိ ကုမ္ပဏီနဲ့ အာဏာပိုင် လုပ်စားရပ်တွေ ဖော်ထုတ်ရေးထားပါတယ်။

အစိုးရဟောင်း သက်တမ်းမကုန်ခင် မြေစာပုံပြိုပြီး လူရာပေါင်းများစွာသေဆုံးခြင်း နဲ့အတူ ဧရာမ ဘက်ဖိုးကြီး ထောင်ပေါင်းများစွာ တရားမဝင် တင်သွင်းလာမှုကို ပြည်သူလူထုနဲ့ လွှတော်မှာ မေးလာပါတယ်။ ကုမ္ပဏီပေါင်း (၆၂၇) ခုမှာ ငွေရင်းအကြီးဆုံး (၃၀) ကို စစ်ဆေးရာမှာ တပ်မတော်ပိုင်ဆိုင်တဲ့ ကုမဏီက အဆင့်(၂၃) ပဲ ရှိပါတယ်။ နိုင်ငံတကာ Global Witness အဖွဲ့ကတော့ အမေရိကန်အစိုးရက သတင်းပေးဖမ်းနိုင်ရင် ဆုငွေ ကန်ဒေါ်လာ ၂သန်း ထုတ်ထားတဲ့ ဘိန်းဘုရင် ဝေဆူးကျန် (ဝေရှောက်ခန်) ဆိုသူရှိပါတယ်။ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီများစွာ ပါဝင်တယ် လို့ အမည်နဲ့ ထုတ်ပြန်ပါတယ်။ Ever Winner, KBZ. Htoo. Skynet, Asia.World တွေလည်း ပါဝင်တယ်လို့ အီလဲဗင်းမီဒီယာ က ဖော်ပြထားပါတဟ်။

အရင်က ၃/၄ လ လောက် လုပ်ရမဲ အစား စက်ကြီးတွေနဲ့ ၃/၄ ရက်နဲ့ လုပ်နေပါပြီ။ မြေစာစွန်ပစ်ရေးလဲ ပြဿနာကြီး ဖြစ်နေ ပြီး ပတ်ဝန်းကျင်ပျက်စီးမှု များစွာနဲ့ပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို သတိပေးခြင်း ညွန်ချုပ်၂ ဦးနဲ့ အကြီးတန်းဌာန ဆိုင်ရာ အရာရှိများကို အရေးယူ အလုပ်ထုတ်ပယ်ခဲ့ပါတယ်။ ထုံးစံအတိုင်း တရားရုံး မရောက်ပါဘူး။

ဖားကန့်ဒေသဟာ အရေးပေါ် ကယ်ဆယ်ရမဲ့အခြေအနေ ဖြစ်နေပါပြီ။

● နိဂုံး
ငွေအမြောက်အများရှိနေတဲ့ ဖားကန့်ဒေသ ကျောက်စိမ်းတွေ …

”ဆက်ပြီးလုပ်ခွင့်ပေးနေဦးမလား။ နိုငံအတွက် တကယ်အကျိုးရှိသလား။ တရုတ်အစိုးရကတော့ အကျိုးမဲ့လို့ အားမပေး တော့ပါ။

”အဲဒီကုမ္ပဏီတွေ အစုရှယ်ယာပိုင်ဆိုင်မှု (ဘိန်းမူးရစ်ဘုရင် မဖြစ်ရေး)
”အစိုးရ အခွန် အမှန်ကန်ရဖို့ ပွင့်လင်းမြင်သာရေး
”ဧရာမစက်ကြီးတွေသုံးလုပ်နေတဲ့ကုမ္မဏီများကို တရုတ်အစိုရလို အမှန်ကန် ရာဖြတ်တွေနဲ့ တန်ဖိုးတွက်ပေးဖို့..
”နောက်ဆုံး ကျောက်စိမ်းဈေးကွက်နဲ့ ကျောက်စိမ်းလက်ဝတ်ရတနာ လုပ်ငန်းတွေ မြန်မာပြည် လာရောက်ရင်းနှီရေး ..

လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ တပ်မတော်နယ်ခြားစောင့်တပ်နဲ့ ကေအိုင်အေအဖွဲ့တွေ ၂ ဖက်စလုံး ကျောက်စိမ်း အခွန်ကောက် နေကြပါတယ်။

NLD-Military ညွန့်ပေါင်းအစိုးရအဖို့ တပ်မတော်နဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး တနည်းအားဖြင့် နိုင်ငံရေးနည်းသာမက အကျိုးအမြတ် မှန်ကန်စွာခွဲဝေရေး အလွန်အရေးကြီးနေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts