ကဗျာ

လင်းသက်ငြိမ် – အလင်း​တေး

လင်းသက်ငြိမ် – အလင်း​တေး
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆

ကြည်​လင်​​တော့မလိုလိုနဲ့
အုံ့မှိုင်းသွားတဲ့​ကောင်းကင်
ရိုးအီ​နေတဲ့ဇာတ်​ကွက်​မှာ ရှက်​​ကြော​တို့​သေ​ကြ
သစ်​ငုတ်​တိုကြီး​တွေက
နေမဝင်​ချင်​​သေးဘူးတဲ့လား။

အနီ​ရောင်​​တွေ​တောက်​​လောင်​​နေရတာနဲ့
အပြာ​ရောင်​ကို​ငါတို့​မေ့​လျော့​နေကြရ
သူတို့ဟာ
တရားကို​ကစားစရာလို​သုံးစွဲ​နေတဲ့သူ​တွေ
ရက်​စက်​တယ်​လို့မ​ပြော​တော့ဘူး
ရူးသွပ်​တယ်​လို့ပဲ အသားတံဆိပ်​နှိပ်​​ပေးလိုက်​မယ်​။

အ​ပြောင်းအလဲက
မြောင်းထဲကတက်​လာမယ့်​ဆဲဆဲ
မိစ္ဆာ​တွေထိတ်​ထိတ်​ပြာပြာ
အလင်းက​နေပုန်းကွယ်​ကြ
ဆူဖြိုးတဲ့​နေ့ရက်​​တွေကုန်​သွား​တော့
အရိုးအရင်း​လေးဆက်​ခဲဖို့
အနားကပ်​လာတဲ့သူ​တွေကို မာန်​ဖီ
အနာ​ဖေးလိုစကားလုံး​တွေကလည်း
အဖတ်​လိုက်​ကွာကွာကျ
အစွယ်​လည်းမသိမ်းနိုင်​​တော့ဘူး
အမြီးကိုလည်း မထိန်းနိုင်​​တော့ဘူး။

ရှိပြီးသားစကားပုံ​တွေနဲ့မလုံ​လောက်​​တော့တဲ့
ဉာဏ်​နီဉာဏ်​နက်​ ဉာဏ်​ပြာဉာဏ်​ဝါ​တွေ
ပိတ်​ကားဟာ ပိတ်​ထားတုန်းပဲ
လည်​ပင်းကိုကြိုးတပ်​ခဲ့ဖူးသူ​တွေ
သူတို့လည်​ပင်းကိုပြန်​စမ်းရင်းဖျားကြ
ဟာသ​တွေလုပ်​လို့ပြီးပြီ
ဆေးသုတ်​ထားတဲ့​တော်​ကီ​တွေလည်းပွားပြီးပြီ။

စဉ်းစား စဉ်းစား
တွန်းလှဲခံရတဲ့ထိုင်​ခုံ​တွေကို​ငေး​ရင်းစဉ်းစား။

ရာဇဝင်​ဟာ တက်​တူးပဲ
လန်းမယ့်​ပန်းဟာ ငွားစွင့်​လို့
လွင့်​​တော့မယ့်​အလံဟာ သစ်​လွင်​လို့
ညကြီးသန်း​ခေါင်​ မှန်​ထကြည့်​သူလို
သူတို့ရုပ်​ကိုသူတို့​ကြောက်​လှန့်​ကြ
မလှ​တော့တဲ့လိပ်​ပြာကိုဘာအ​ရောင်​သုံးမလဲ။

ဆက်​စဉ်းစား… ​​သေချာစဉ်းစား …
မထူးဇာတ်​ကရင်​လည်း
မထူး​တော့တဲ့အ​နေအထားဆိုတာ​မေ့မထားကြနဲ့။

ချောင်းကြည့်​​ပေါက်​က​နေ
ကြိတ်​မနိုင်​ခဲမရ​ငေး​နေကြမယ့်​မျက်​နှာ​တွေ
အလင်း​ရောင်​​ကြောင့်​အ​မှောင်​ဟာ ငြိမ်းသွားပြီ
အ​လင်းကိုရင်​မဆိုင်​ရဲသူများ
ဝေးရာဖယ်​ရှားကြ​တော့ ။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts