မှတ်စုမှတ်တမ်း

ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၃)

ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၃)

ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် နိဂုံးချုပ် သုံးသပ်ချက် (၃၊ ၁၀၊ ၇၇ – ၃၁၊ ၁၀၊ ၇၇)

ပေးပို့သူ – အောင်တင်ထွန်း
(မိုးမခ) မတ် ၂၉၊ ၂၀၁၆

(ခ) နေရာယူခံစစ်၊ စစ်ပရိယာယ် (တိုက်နည်းဗျူဟာ)
၄၃။ ယခု ပန်ကော် ချူးရွှေတိုက်ပွဲစဉ်တွင် ကျွန်တော်တို့သည် စစ်ပရိယာယ် တိုက်နည်းဗျူဟာ အဓိကအားဖြင့် နည်း (၃) နည်းကို ကျင့်သုံးခဲ့သည်။ (က) နေရာစွဲကတုတ်ထိုးစစ် (ခ) နေရာစွဲခံစစ် (ဂ) လှုပ်ရှားစစ် ….. ဟူ၍ဖြစ်သည်။

နောက် (ဃ) ပြောက်ကျားစစ်ကိုလည်း သံလွင်အနောက်ဘက် ကာမုန်းဒေသတွင် တပ်မဟာ ၁၂ ၏ တပ်ရင်း ၉ ကလည်းကောင်း၊ ကိုးကန့်ခရိုင်နှင့် ဝမြောက်ခရိုင်တပ်များကလည်းကောင်း၊ ယခုစစ်ဆင်ရေးကြီး ကို ပေါင်းစပ်သည့်အနေဖြင့် ဆင်နွှဲခဲ့သည်။ ယင်းတိုက်နည်းဗျူဟာ ၄ မျိုးတွင် ကျွန်တော်တို့သည် နေရာစွဲ ခံစစ်ကို အဓိကအလေးထားပြီး အောက်တိုဘာ ၄ ရက်မှ ၂၆ ရက်အထိ ၂၃ ရက်တိုင်ဆင်နွှဲခဲ့သည်။ တိုက်ပွဲ စဉ်တခုလုံးနှင့် အသွင်အပြင်အားလုံးတို့မှာ နေရာယူခံစစ်ဖြစ်သည်။ ရန်ငါထိခိုက်ကျဆုံးစာရင်းများကို နှိုင်း ယှဉ်ကြည့်လျှင် မိမိထိခိုက်မှုနည်း၍ ရန်ဘက်တွင် နှိုင်းယှဉ်ခြင်းကများပြားသည်ကို တွေ့ရသည်။ နောက် အလားတူပင် မိမိကျဆုံး (ထိခိုက်မှု) မှုကိုကြည့်လျှင် ကတုတ်ထိုးစစ်တွင် များပြားပြီး ခံစစ်ကာလတွင် နှိုင်း ယှဉ်ခြင်းအရ အတော်နည်းပေသည်။ အောက်ပါ ရန်ငါထိခိုက်ကျဆုံးစာရင်းကို လေ့လာတွက်ချက်နိုင်မည် ထင်ပါသည်။ (နောက်ဆက်တွဲ -ခ-တွင် ကြည့်ပါ။)

(က) ကတုတ်စစ်ပွဲတွင် ၁း ၀.၃၈ (ခ) နေရာယူခံစစ်တွင် ၁း ၄.၆ (ဂ) လှုပ်ရှားစစ်တွင် ၁း ၃.၇ (ဃ) ပြောက်ကျား စစ်အတွက်မူ မိမိကျဆုံး မသေချာသော်လည်း ရန်သူ စုစုပေါင်း ၇၇ ယောက် ချေမှုန်းနိုင်ခဲ့သည်။

၄၄။ သေနင်္ဂဗျူဟာ အနေဖြင့်ကြည့်လျှင် ရန်သူ့တိုက်စွမ်းရည်ကို တဖြည်းဖြည်း ချိုးနှိမ်နိုင်ပြီး မိမိအတွက်လည်း နောက်ပိုင်းခဲယမ်း အသင့်အတင့်ပို၍ကုန်ကျမှုမှအပ နှိုင်းယှဉ်ခြင်းအားဖြင့် လွယ်ကူသက်သာပြီး ရန်သူအား အတော်များများ ချေမှုန်းနိုင်စွမ်းအားရှိပေသည်၊ ဤနေရာတွင် ယခုစစ်ဆင်ရေးနေရာစွဲခံစစ်ကို မဝေဖန်မီ ယခု စစ်ပွဲ ကျွန်တော်တို့ အချိန်ရှည်နေရာစွဲတိုက်နည်းဗျူဟာကို အဘယ်ကြောင့် အသုံးပြုခဲ့ရသည်နှင့် ယင်း၏ ဖြစ်ပေါ်လာသည့်အခြေအနေနှင့် သဘော တရားအနည်းငယ် ကျွန်တော်သိသမျှ အောက်ပါအတိုင်းတင်ပြအပ် ပါသည်။

ယင်းတိုက်နည်းဗျူဟာ၏ ရည်ရွယ်ချက်
၄၅။ ယင်းနေရာယူခံစစ်ဗျူဟာကို လက်ရှိတည်ရှိနေသော ရန်- ငါ နှင့် သဘာဝမြေအခြေအနေတို့ပေါ်မှီပြီး တွက်ဆပြု လုပ်ခြင်းဖြစ်သည်။ ယင်း၏ရည်ရွယ်ချက်သည် မိမိတို့ အခြေအနေထူးခြားမှုကို ဆုပ်ကိုင်ပြီး ယင်းမှ ရနိုင်မည့် အကျိုး သက်ရောက်မှုဖြင့် ရန်သူကို တဆင့်တိုးချေမှုန်းရန်ဖြစ်သည်။ သို့ဖြင့် မိမိတို့ သေနင်္ဂဗျူဟာ ထိုးစစ်ကြီးသို့ကူးပြောင်းမှု ပို၍ လျင်မြန်ရန်ဖြစ်သည်။

မိမိတို့အခြေအနေ
၄၆။ မိမိတို့အခြေအနေတွင် ကျွန်တော်တို့ တော်လှန်ရေး၏ ထူးခြားသာလွန်မှုတရပ်ဖြစ်သော တော်လှန်သည့် ဆိုရှယ်လစ် တရုတ်ပြည် နှင့် မြစ်ကြီးနားမြောက် ဧရာဝတီအနီးမှ လာအိုနယ်စပ် မဲခေါင်မြစ်အထိ မိုင် ၈၀၀ မျှ ရှည်လျားသည့် နယ်စပ်ဒေ သကြီးတွင် အထူးသဖြင့် သံလွင်အရှေ့တွင် ကျွန်တော်တို့သည် ခိုင်မာသော အခြေခံစခန်းကြီး တည်ထောင်ပြီးဖြစ်ရာ ထူးခြားသည့်သာလွန်ချက်အချို့ ရှိလာပေသည်။ ယင်းတို့အနက် နေရာယူခံစစ်ထိုးနည်းဗျူဟာဖြင့်  ချေမှုန်းစစ်တိုးမြှင့်နိုင်ရေးအတွက် အခွင့်သာနိုင်သည့်အချက်မှာ-

(က) ခဲယမ်းမီးကျောက်နှင့် အချို့သောလက်နက်ပစ္စည်းများဖြည့်တင်းမှုတွင် တစုံတခုသော အတိုင်းအတာ အထိ ချောမောပြေပြစ်နိုင်သည်။ အနည်းဆုံး နောင်အမြတ်ထုတ်နိုင်ရန် ကြိုတင်အရင်းအနှီးအဖြစ် ဖြည့်တင်း သုံးစွဲနိုင်စွမ်းရှိသည်။ ယင်းသည် ရေရှည်နေရာစွဲခံစစ်တိုက်နည်းဗျူဟာအတွက် အဓိကကျသော ပထမ အကြောင်းရင်းတရပ် ဖြစ်လာတော့သည်။

ခိုင်မာသောအခြေခံစခန်း ရှိခြင်း
၄၇။ တိုက်ကွက်များမှာ မိမိတို့အခြေခံစခန်း၏ နှုတ်ခမ်းပတ်ဝန်းကျင်တလျှောက်တွင် လှည့်လည်တိုက်ရ သဖြင့် –

(က) မိမိတို့ခဲယမ်းမီးကျောက်နှင့် ရိက္ခာ၊ လူနာသယ်ပို့ရေးတာဝန်ကို နှိုင်းယှဉ်ချက်အရ ခရီးတိုသဖြင့် လွယ်ကူ ချောမောသည်။

(ခ) မိမိစည်းရုံးထားသော ပြည်သူလူထုနှင့် ပြည်သူ့စစ်များ၊ ဝန်ထမ်း၊ နွား၊ လား၊ မြင်း စသည်တို့ အကူအညီ အလုံးအရင်းနှင့် ရရှိနိုင်ခြင်း

(ဂ) အဓိက မိမိတို့နယ်အတွင်း ချီတက်လှုပ်ရှားရသဖြင့် သတင်းလုံခြုံခြင်း၊ ပြည်သူလူထုအကူအညီဖြင့် ချီတက်မှုနှင့် စစ်ပြင်ဆင်မှု လျင်မြန်နိုင်ခြင်း၊ ထို့ကြောင့် ရန်သူ့အပေါ် အငိုက်မိစေပြီး လက်ဦးမှု ရရှိနိုင်စေသည်။

(ဃ) မိမိတို့အခြေခံစခန်းလူထုအား အဖွဲ့အစည်းအမျိုးမျိုးနှင့် လက်နက်ကိုင်ဒေသတပ်များ ဖွဲ့စည်းထားပြီးဖြစ် ၍ ရန်သူမှ မိမိတို့ခံစစ်မြေ၏ ဝဲယာတောင်ပံနှစ်ဖက် ကွေ့ပတ်ထိုးနှက်ရန်နှင့် အတွင်းမှစိမ့်ဝင်ထိုးဖောက်ရန်တို့ ကို အတော်ကျယ်ပြန့် နက်ရှိုင်းအောင် မလုပ်ရဲ မလုပ်နိုင်ချေ။

၄၈။ ယေဘုယျအားဖြင့် နေရာယူခံစစ်ဆင်ခြင်းသည် ထိုးစစ်ဆင်ခြင်းထက် နှိုင်းယှဉ်ချက်အားဖြင့် စစ်လှုပ်ရှားမှု နှင့် စစ်ကစားမှုနည်းသဖြင့် စစ်အတွေ့အကြုံအရည်အသွေး နုသော်လည်း သင့်လျော်သော ခေါင်းဆောင်မှုဖြင့် ပေါင်းစပ်၍ ချောချောမောမောအကျိုးရှိအောင် ဆောင်ရွက်နိုင်စွမ်းရှိသည်။ မိမိတို့တပ်ဖွဲ့အချို့မှာ အတွေ့အကြုံ အရည်အသွေး နုနယ် သေးသဖြင့် ထိုတပ်မျိုးကိုလည်း ထိရောက်စွာ ရန်သူချေမှုန်းနိုင်ရေးအတွက် ဤတိုက် နည်းဗျူဟာသည် အခန်းဝင်နိုင်သည်။

ရန်သူ့အခြေအနေ
၄၉။ လက်ရှိအချိန်အခါတွင် ရန်သူတို့သည် –

(က) ထိပ်ပိုင်းခေါင်းဆောင်မှု ညံ့ဖျင်းခြင်းနှင့်

(ခ) လောဘကြီးပြီး လူဦးရေအသင့်အတင့်ရှိပြီးရိက္ခာရနိုင်သည့် မြေပြန့်ကလေးများအပါအဝင် ဒေသအနှံ့ အပြားတွင် တပ် စွဲခြင်း

(ဂ) မိမိတို့လှုပ်ရှားစစ်နှင့် ကတုတ်ထိုးစစ်များကို ကြောက်ရွံ့၍ သူတို့ကိုယ်သူတို့ကာကွယ်ရန် အချက်အခြာဟု ယူဆ သည့်နေရာတွင် တပ်စွဲခြင်း

(ဃ) အခြား နိုင်ငံရေး၊ လူမှုရေး အခြေအနေအမျိုးမျိုးကြောင့် မတက်မကြွဖြစ်ခြင်း …..စသည်တို့ကြောင့် ၎င်း တို့ဘက်က အင်အားဖြင့် နယ်စပ်ဝန်းကျင်စစ်မျက်နှာတလျှောက်တွင် ခြေလျင်တပ်ရင်း ၆၀ ကျော်နှင့် တိုက် အင်အား မိမိထက်နှစ်ဆကျော် ရှိနေသော်လည်း စစ်၏ခေါင်းဆောင်မှု လက်ဦးမှုမဲ့နေသည်။

၅၀။ ယင်း၏အကျိုးဆက်ကြောင့် မိမိတို့၏အခြေခံစခန်းနှင့် အနီးအပါးတို့တွင် စစ်ဦးဆောင်မှုနှင့် လက်ဦးမှု လုံးဝလောက်နီးပါး မဲ့နေခဲ့သည်။ ထို့ကြောင့် မိမိတို့အပေါ် လှုပ်ရှားချီတက် နှောင့်ယှက်တိုက်ခိုက်မှုများကို အင် အားအတော်အသင့်နှင့်ပင် တက်တက်ကြွကြွ မလုပ်ရဲပေ။ ၎င်းတို့တပ်ရှိသမျှနီးပါးကို သူ့အခြေခံလမ်းမကြီးနှင့် မြို့ကြီးမြို့ငယ်နှင့် အချို့သောလယ်ကွင်းကွက်လပ်များကိုပင် ကာကွယ်ရန် အနည်းဆုံး လူ ၃-၄ ဆယ်အင် အားလောက်ကို အနိမ့်ဆုံးယူနစ်လုပ်၍ ခံကတုတ်များ အခိုင်အမာဆောက်လုပ် တပ်စွဲနေသည်ကများပေသည်။

၅၁။ ယင်းသို့ ရန်သူလှုပ်ရှားတက်ကြွမှုနည်းသည့် အခြေအနေသည် ကျွန်တော်တို့အတွက် ယေဘုယျအကျိုးရှိ သော်လည်း အချက်အလက်တချို့အရ လှုပ်ရှားရန်သူကို တိုက်ခိုက်ရေးနည်းလမ်းအတွက် အခက်အခဲတချို့ ရှိပေသည်။

၅၂။ ထို့ပြင် ရန်သူ မိမိဒေသအတွင်းနှင့် အနီးအပါး ချီတက်လှုပ်ရှားသည့်အခါ (က) ၎င်းတို့၏ များပြားသော ကတုတ်စခန်း များနှင့် နီးကပ်ပေါင်းစပ်နေမှုကြောင့်လည်းကောင်း (ခ) ကွာလှမ်းသည့်အခါတွင် ကြားမှာ အဆင့်ဆင့် ၎င်းတို့အခေါ်အဝေါ်အရ ဗျူဟာမြောက်ဖားခုန်ခုန်၍ နောက်ပိုင်းလက်နက်ကြီးများအကူအညီ တတ်နိုင်သမျှယူပြီး နှေးကွေးကြောက်ရွံ့စွာနှင့် အငိုက်မခံရအောင် ချီတက်တတ်ကြသည်။ (ဂ) မိမိတို့ဘက်မှ လည်း အချို့သောအခြေအနေများတွင် ဖျတ်လတ်တက်ကြွမှု အားနည်းမှုများ ရှိတတ်၍လည်းကောင်း၊ ယင်း သို့ကြောင့် မိမိအခြေခံဒေသအနီးနှင့် ပတ်ဝန်းကျင်တွင် လှုပ်ရှားစစ်သက် သက်ဖြင့် ချေမှုန်းတိုက်ခိုက်ရေးမှာ အခုအချိန်အခါတွင် တစုံတရာ အခက်အခဲရှိနေပေသည်။

၅၃။ အထက်ပါအတိုင်း ရန်သူက ခံကတုတ်များ မွမွကြဲအောင်ဖြန့်ချထားသဖြင့် ၎င်းတို့၏ ခံကတုတ်စခန်းလေး များကို ချေမှုန်းရန် တိုက်ကွက်ကလေးများ ရှိသော်လည်း ကတုတ်ထိုးစစ်နည်းဖြင့် ချေမှုန်းခြင်းမှာ မိမိတို့ထိခိုက် ကျဆုံးမှုတန်ဖိုးမှာ ကြီးမားလှသည်။ ခဲယမ်းများလည်း အကုန်အကျမသက်သာပေ။ ထို့ကြောင့် ချေမှုန်းရေး အချိုးအစား မကိုက်ညီပေ။ သို့ရာ တွင် နောင် ယခုထက်သက်သာအောင် သုတေသနပြုပြီး တိုက်ခိုက်သည့် တိုင် တန်ဖိုးကြီးလေးမှု ကြီးနေဦးမည်ဖြစ်၍ နေရာ တကာ အချိန်မရွေးမတိုက်အပ်ဘဲ အခြားချေမှုန်းနိုင်ရေး ကွင်းဆက်ပေါင်းစပ်မှုများဖြင့်သာ ဤတိုက်နည်းကိုသုံးသင့်ပေ သည်။

၅၄။ ဤအတိုင်းဆိုက အခြေခံစခန်းဝန်းကျင်တွင် ရန်သူချေမှုန်းနိုင်ရေးအတွက် (က) လှုပ်ရှားစစ်ဖြင့်လည်း ခဲယဉ်း (ခ) ကတုတ်ထိုးစစ်ဖြင့်လည်း တန်ဖိုးကြီးသဖြင့် (အခြားသင့်လျော်သည့် နည်းလမ်းများရှိက ဤ အထက်ပါနယ်ခြားနှင့် အခြေခံစ ခန်း၏ အခွင့်အရေးကိုသုံး၍ ရန်သူ့တိုက်စွမ်းရည်ချ၊ မိမိမြှင့်နိုင်ရေးအတွက် ချေမှုန်းစစ်များများလုပ်နိုင်ရန် ရရှိနိုင်မည့် နည်းလမ်းအသွယ်သွယ်ကို အသုံးချသွားနိုင်ရမည်ဖြစ်ရာ ဤတွင် နေရာစွဲခံစစ်သည် အထက်ပါအတိုင်း မိမိတို့လက်ရှိ အခြေအနေနှင့် သင့်လျော်သည့် နည်းလမ်းကြီးတသွယ်ကို မြင်တွေ့ရသည်။ ယင်းကိုအခြေခံပြီး လှုပ်ရှားလာမည့်ရန်သူကို လှုပ်ရှားစစ်နှင့်လည်းကောင်း အချို့တွင် ပြောက်ကျားစစ်များနှင့်ပါ ပေါင်းစပ်တိုက်ခိုက်ရန် ဖြစ်နိုင်ပေသည်။ သို့ဖြင့် ချေမှုန်း ရေးတဆင့်တိုးမြှင့် မြန်ဆန်လာနိုင်ပေမည်။

၅၅။ နောက်ထပ် ရန်သူ့အားနည်းချက်တရပ်မှာ ရန်သူ့ လေယာဉ်နှင့် အမြောက်တပ်စသည့် လက်နက်ကြီးများ ရှိသော်လည်း ခေါင်းဆောင်မှုညံ့ဖျင်း၍ (က) အကျိုးရှိအောင် သိပ္ပံနည်းကျ ယင်းလက်နက်တို့၏ စွမ်းရည်ရှိ သလောက်လည်း ဖော် ထုတ်အသုံးမပြုနိုင် (ခ) လက်နက်ကြီးအချင်းချင်းနှင့်လည်းကောင်း၊ လေယာဉ်နှင့် လည်းကောင်း မပေါင်းစပ်တတ် (ဂ) အထူးသဖြင့် ခြေလျင်တပ်နှင့် ဟန်ချက်ညီညီမပေါင်းစပ်နိုင်ခြင်းသည် အား အနည်းဆုံးတချက် ဖြစ်နေခြင်း။ ထို့ကြောင့် ခံကတုတ်အသင့်အတင့် ဆောက်လုပ်ပြင်ဆင်နိုင်ပါက ကျွန်တော်တို့အား ရန်သူက လျင်လျင်မြန်မြန်ကြီး ပစ်ခတ်မောင်း ထုတ်နိုင်မည်မဟုတ်။ ၎င်းသည် ခြေလျင်တပ်သက် သက်အားကိုးဖြင့်သာ ယခုခေတ်သစ် “အော်တိုမက်တစ်” လက်နက် ငယ်များ၏ ရှေ့မှောက်တွင် များစွာအကျ အဆုံးခံ၍ မိမိတို့ခံကတုတ်ကို ထိုးရမည်ဖြစ်ရာ ၎င်းတို့ များစွာတန်ဖိုးကြီး ပေးရလိမ့်မည်။ နှိုင်းယှဉ်ခြင်းအရ အလွန်လုံခြုံသော ကတုတ်များအတွင်းမှနေ၍ ပစ်ခတ်သတ်ဖြတ်ရမည့် ကျွန်တော်တို့ ဘက်ကမူ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက များစွာထိခိုက်ကျဆုံးမှု နည်းပါးလိမ့်မည်။ ဤသည်မှာ အဓိကအားဖြင့် ခံစစ်ထိုးသူဘက်က အခွင့်သာချက်ကြီးတရပ်ဖြစ်သည်။

၅၆။ ထို့နောက် ရန်သူနှင့် ပတ်သက်၍ ခံစစ်ထိုးနည်းဗျူဟာအတွက် အကျိုးပြုမည့် အဓိကအချက်ကြီးတရပ်မှာ ယင်းနည်းကို ဖော်ထုတ်တိုက်ခိုက်ရန် ကျွန်တော်တို့သည် တိုက်ကွက်များစွာ လှုပ်ရှားစစ်သက်သက်တိုက် ကွက်ထက် ပိုမိုဖန်တီးနိုင်စွမ်း ရှိခြင်းဖြစ်သည်။ ယင်းမှာ ရန်သူ၏ နုံအ,သောခေါင်းဆောင်မှုကြောင့်လည်း ဖြစ်သည်။

(က) ရန်သူ ပြန်ထွက်၍ မတိုက်မဖြစ်သည့်၊ မိမိအတွက်လည်း လုပ်နိုင်စွမ်းရှိပြီး အကျိုးရှိမည့် ရန်သူ့ကတုတ် စခန်းတခုခုကို ရှေးဦးစွာ အသစ်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ရန်သူကောင်းစွာ လုပ်ထားသည့်ကတုတ်ကို ထပ်မံသင့် လျော်အောင် ပြုပြင်ပြီး၊ ယင်းကို မှီခိုအားထားပြီး အထက်ပါ ခံစစ်ထိုးနည်းဗျူဟာ ကိုကျင့်သုံးခြင်းဖြင့် ရန်သူသက်ရှိအင်အားနဲ့ ရုပ်ပစ္စည်းများကို မိမိအရင်းနည်းပါးစွာဖြင့် များစွာ ချေမှုန်းနိုင် မည်။

ယင်းတွင် ကတုတ်စခန်းပေါ်ရှိ ရန်သူအားလုံးကို ချေမှုန်းနိုင်သော်လည်း ကတုတ်ထိုးစစ်ကို စနစ်တကျ အကျဆုံးနည်းအောင် ပြင်ဆင်ပြီးထိုးသည့်တိုင် မိမိတို့ဘက်တွင် အရှုံးရှိနေဦးမည်ဖြစ်သည်။ သို့ရာတွင် ဒုတိယ အဆင့်ခံစစ်နှင့် နောက်လှုပ်ရှားစစ်၊ ပြောက်ကျားစစ်တို့နှင့် ပူးတွဲလိုက်ပါက များစွာချေမှုန်းနိုင်မည်။

ယခုပြီးခဲ့သည့် ချူးရွှေခံစစ်ပွဲသည် ဤသဘောပင်ဖြစ်သည်။ အကယ်၍ ယခုထက် အတွေ့အကြုံရှိပြီး ကျွမ်းကျင်လိမ်မာ လာပါက ကတုတ်ထိုးရာတွင် ယခုထက်အကျအရှုံးနည်းစေပြီး ခံစစ်ထိုးရာတွင် အချိန်တိုတို နဲ့ များများချေမှုန်း သတ်ဖြတ်နိုင်ပြီး ယင်းမှ တန်ပြန်ထိုးစစ် တို-ရှည်များနှင့် တောင်ပံဝိုက်ပတ်စစ်များဖြင့် ယခု ထက်များစွာ ချေမှုန်းနိုင်မည်။

(ခ) နောက်တိုက်ကွက်တမျိုးမှာ အထက်ပါ အလားတူရန်သူ ထွက်မတိုက်မဖြစ်သည့် အတော်အသင့် အချက် အချာကျသည့်၊ ရန်သူမသိမ်းပိုက်ရသေးသော မိမိတို့လုပ်စွမ်းနိုင်ရည်ဘောင်အတွင်းရှိသည့် ခံစစ်ထိုးနည်း ဗျူဟာလုပ်နိုင်မည့် အချက်အချာ နေ ရာများစွာ ကျွန်တော်တို့၏ အခြေခံစခန်းပတ်လည်တွင် ရှိနေသည်ဖြစ်ရာ ထိုအချက်အချာနေရာကို ရုတ်တရက် ချီတက် အလစ်ဝင်ထိုင်လိုက်ပြီး လျင်မြန်စွာခံစစ်ကတုတ်များ ပြုလုပ်ပြီး အထက်ပါအတိုင်း ခံစစ်ကတုတ် ထိုးနိုင်သည်။ (ဥပမာ-၁၉၇၇ ဇွန်လ မိုင်းရှူးအရှေ့ဘက်ရှိ လွယ်ချိုတောင် တိုက်ပွဲ) ဤကဲ့သို့သောတိုက်ကွက်မျိုး ကျွန်တော်တို့ များစွာဖော်ထုတ် နိုင်သည်။ ထင်ရှားတဲ့နေရာအဖြစ် ပြရလျှင် ရန်သူရဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်နှင့် ယင်းလမ်းကြောင်းအနီးအပါး မိမိလက်နက်ကြီးဖြင့် လက်လှမ်းမှီ နှောင့်ယှက်နိုင်သည့် ကုန်းများတွင် နောက်ပိုင်းမှ မိမိဆက်သွယ်ရေးလမ်းဖွင့်ရန် မခက်ခဲသည့် နေရာများတွင် များစွာ အသုံးပြုနိုင်ပေသည်။

အလားတူ သံလွင်မြစ်အနောက်ဘက်ကို အကူးမခံလိုသည့် ရန်သူ၏ အားနည်းသော ခေါင်းဆောင်မှု၏ စိတ်ဓာတ်ကြောင့် မိမိတို့တပ်များ ယခင်လွယ်ချိုစစ်ဆင်ရေးကဲ့သို့ ရန်သူ မြို့လတ် သို့မဟုတ် အထိမခံနိုင်သည့် နေရာတခုခုကို ချီတက်လုပ်ကြံဖို့ ခြေကုတ်ယူသလိုလို ဝါဒဖြန့်စည်းရုံးပြီး နေရာတခုကို တပ်စွဲလျှင်လည်း ဤ နည်းမျိုးပေါ်လာနိုင်သည်။ နောက်အခြားနည်း ထင်ရှားမှုတရပ်မှာ မိမိတို့အခြေခံစခန်းဝန်းကျင်ရှိ ရန်သူ့ အခြေခံစခန်း သို့မဟုတ် မြို့ငယ်မြို့လတ်ကို ခြိမ်းခြောက်နိုင်သည့်နေရာတခုခုကို ဤနည်းမျိုးဖြင့်လည်း ကောင်း၊ အထက်ပါ (က) အပိုဒ်ပါနည်းမျိုးဖြင့် တိုက်ခိုက်ယူ၍လည်းကောင်း တိုက်ကွက်မျိုး တိုက်ကွက်ဖော် နိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts