သူတို့အာဘော် မောင်ရစ်

မောင်ရစ် – သမိုင်းဇာတ်သိမ်း မသိမ်း များစွာ နိုင်ငံရေးသတ္တ၀ါ

ကာတွန်း စောငို (၂၀၁၁)

 

မောင်ရစ် – သမိုင်းဇာတ်သိမ်း မသိမ်း များစွာ နိုင်ငံရေးသတ္တ၀ါ
(အယ်ဒီတာ့လက်ရေး) မတ် ၂၉၊ ၂၀၁၆

မြန်မာပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်က ၂၀၁၅ ပါတီစုံရွေးကောက်ပွဲကြီးကတော့ အမှန်တကယ် ပြီးဆုံးခဲ့ပါပြီ။ ၂၀၁၅ နိုဝင်ဘာလမှာ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၆ မတ်လကုန်မှာ အမှန်တကယ်ကိုပဲ အနိုင်ရပါတီကိုယ်တိုင် လွှတ်တော်ပေါ် တက်နိုင်ခဲ့တယ်၊ အနိုင်ရပါတီကိုယ်တိုင် ပြည်ထောင်စုနဲ့ တိုင်းပြည်နယ် အစိုးရခေါင်းဆောင်တွေ အဆိုပြု တင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စည်းကမ်းသေ၀ပ်စွာ စောင့်ကြည့်နေကြကုန်သော ပြည်တွင်း ပြည်ပက မဲဆန္ဒရှင်များ၊ ပြည်သူလူထုများလည်း အခုချိန်မှာတော့ဖြင့် “ဟင်း” ချနိုင်ကြရပြီလို့ ဆိုရမှာပါ။၂၀၁၆ ဧပြီလဆန်းက စတင်ပြီးတော့ အမှန်တကယ်ကို မြန်မာပြည်ရဲ့ နိုင်ငံရေးစာမျက်နှာသစ် လှန်လိုက်နိုင်ပြီလို့ ပြောနိုင်ကြတော့မှာ ဖြစ်ပါတယ်။

နိုင်ငံရေးစာမျက်နှာသစ်ကို လှစ်ဟ ဖွင့်လှစ်နိုင်ကြပြီလို့ ဆိုကြရင် စာမျက်နှာဟောင်းမှာ ဘယ်သူတွေ ဘယ်အဖွဲ့များ ကျန်ရစ်ခဲ့ကြပြီလဲဆိုတာကို စောကြောကြည့်ကြဖွယ် ရှိပါတယ်။ စာမျက်နှာအသစ်ထဲ ဆက်မလိုက်နိုင်ကြတော့ရင် စာမျက်နှာဟောင်းထဲမှာ (၀ါ) ရာဇ၀င်ထဲမှာ ကျန်ရစ်ခဲ့ကြသူတွေက ဘယ်သူတွေများပါလိမ့်ဗျာ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဒီရေမြင့်သစ်ခဲ့ပြီးနောက် သမိုင်းရေလှိုင်းကြီးအောက်မှာ တိုက်စား ပျေက်ကွယ်သွားခဲ့ကြသူတွေက အာဏာရှင်ဦးနေ၀င်းနဲ့ အပေါင်းအပါတွေ၊ မဆလပါတီတို့ ဖြစ်ကြပါတယ်။ ၁၉၉၀ သမိုင်းဝင်ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးအပြီး စာမျက်နှာဟောင်းထဲ ကျန်ရစ်ခဲ့ကြသူတွေကတော့ တဆညနဲ့ အပေါင်းအပါ မဟာမိတ်ပါတီတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းရေစီး လှိုင်းကြီးလေထန်မှာ အမြဲတန်း လှိုင်းနဲ့အတူ လူးလှိမ့် ရုန်းကန် ကူးခတ် တိုက်ပွဲဝင်နေကြသူတွေကတော့ ဒီမိုကရေစီိလိုလားတဲ့ မြန်မာပြည်သူတွေ၊ တော်လှန်တဲ့ ကျောင်းသား လူငယ်တွေ၊ အင်န်အယ်ဒီကဲ့သို့သော နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အစုအဖွဲ့တွေလို့ ယေဘူယျ သတ်မှတ်ရပါလိမ့်မယ်။ အာဏာရှင် လက်နက်ကိုင် စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲတို့နဲ့ သူတို့စိတ်တိုင်းကျ ရေးထိုးချင်တဲ့ သမိုင်းစာမျက်နှာသစ်တွေ ဖွင့်လှစ်ဖို့ အစွမ်းကုန် ကြိုးစားပြီး ဒီမိုကရေစီအင်အားစုကို ချေဖျောက် လွင့်စင်သွားစေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ ယခု ၂၀၁၅ ရွေးကောက်ပွဲမှာတော့ဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီပါတီ၊ ဒီမိုကရေစီအင်အားစုများနဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီး တရပ်လုံးရဲ့ တခဲနက်သော အင်အားကြီးဖြင့် မြန်မာပြည်သူအလိုကျ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဆိုနိုင်ပြီ ဖြစ်ပါတော့တယ်။

ဒီတခါ သမိုင်းရေလှိုင်းလုံးကြီးကိုယ်တိုင် ဆွဲချသွားတာကတော့ စစ်အုပ်စု ကျေထောက်နောက်ခံနဲ့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရခဲ့ကြတဲ့ ပြည်ခိုင်းဖြိုးပါတီနဲ့ အပေါင်းအပါတွေလို့ ဆိုရပါလိမ့်မယ်။ သူတို့တတွေ သမိုင်းစာမျက်နှာဟောင်းထဲမှာ အမှန်တကယ် နေရစ် ကျန်ရစ်ခဲ့ကြပြီလားဆိုတာ ဆက်လက် စောင့်ကြည့် သတိထားနေရမှာလဲ ဖြစ်ပါတယ်။ လက်ရှိ အာဏာရ တပ်မတော်ခေါင်းဆောင်တွေကိုယ်တိုင်က ရှေ့ဆက်ပြီး မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းသေ၀ပ်သော ဒီမိုကရေစီနိုင်ငံတော် ဆက်လက်ထူထောင်ကြရေးအတွက် တပ်မတော်သားတွေအပေါ် မိန့်ခွန်းတွေ ချွေနေကြချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲရှုံးခဲ့ကြတဲ့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက တပ်မတော်နေ့အခမ်းအနားမှာ စစ်ဝတ်စုံတွေဝတ်ပြီး အငြိမ်းစားစစ်သားကြီးများအဖြင့် ပွဲတက်နေကြတာကို ကြည့်ခြင်းအားဖြင့် သူတို့တွေ ဘယ်လိုဇာတ်သိမ်းနေကြပြီလဲဆိုတာ ခန့်မှန်းနိုင်ပြီ ဖြစ်ပါတော့တယ်။

ဒီအချိန်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ၂၀၁၂ ဧပြီ ၁၀ တုန်းက မိုးမခအင်တာဗျူးမှာ ပြောကြားခဲ့တဲ့ စကားနဲ့ပဲ နိဂုံးချုပ်လိုက်ပါမယ်။ အဲသည်အချိန်တုန်းက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးခါစ ကာလပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တဆုပ်စာ အင်န်အယ်ဒီအမတ်များ လွှတ်တော်ထဲ ၀င်ရောက်သွားတဲ့အချိန် အငြင်းပွားကြ၊ ငြင်းခုန်ကြတွေ ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။ အဲသည်အချိန်ကာလကို ဆရာက ဒီလို သုံးသပ်ခဲ့ပြီး ၂၀၁၅ အတွက်လည်း အောက်ပါအတိုင်း ကြိုတင် သဘောထားပေးခဲ့ပါတယ် ခင်ဗျား။

“ဒါက အင်္ဂလိပ်လိုပြောရရင် back wash movement ရဲ့ အကြိုလို့ ပြောချင်တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာလည်း သည်လိုမျိုး သမိုင်းရေလှိုင်းကြီး ပြန်ဆင်းသွားတဲ့အခါမှာ ရှင်းကုန်တာမျိုးပေါ့။ လာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးကျရင် အကုန်လုံး သိမ်းကျုံးပြီးတော့ သမိုင်းအမှိုက်လှဲတဲ့ကာလကြီး ကြုံလိမ့်မယ်လို့ ပြောချင်တယ်။”

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts