ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – လုပ်ပြဖို့ပဲ လိုတယ်နှင့် ဘကြီးမိုး

မောင်မိုးသူ – လုပ်ပြဖို့ပဲ လိုတယ်နှင့် ဘကြီးမိုး
(မိုးမခ) မတ် ၂၂၊ ၂၀၁၆

ကုမုဒြာ သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်သည်။

အရင်အစိုးရလက်ထက်က ဝန်ကြီးဌာနပေါင်း ၃၆၊ ဝန်ကြီးနဲ့ ဒု ဝန်ကြီးပေါင်း ၉၆ ဦး၊ နေအိမ်၊ မော်တော်ကား၊ ယာဉ်မောင်း၊ အခြွေအရံပေါင်းများစွာနဲ့ ခမ်းနားထည် ဝါကြီးကျယ်စွာ နေထိုင်လုပ်ကိုင်လာခဲ့ကြခြင်း ဖြစ်ပါတယ်။

၂၀၁၅ နို ဝင်ဘာ ရွေးကောက်ပွဲမှာ `ပြောင်းလဲချိန်တန်ပြီ´ ဆိုတဲ့ အင်န်အယ်လ်ဒီဟာ တောင်ပြိုကမ်းပြို အနိုင်ရပြီး မတ်လ ၁၅ ရက်နေ့မှာတော့ ၅၄ နှစ်ကြာ စစ်ဗိုလ်ကြီးများပဲ အုပ်ချုပ်မှုနေရာယူခဲ့ကြတဲ့ သမ္မတရာထူးကို ပြည်သူ့ဆန္ဒနဲ့အတူ အရပ် သားစစ်စစ် ဦးထင်ကျော်က သမ္မတသစ် ဖြစ်လာပါတော့တယ်။

ပြည်သူ့သမ္မတကြီး ဦးထင်ကျော်ဟာ သူ သမ္မတတာဝန်ယူပြီးသည်နဲ့ ယခင်က ၃၆ နေရာ ဝန်ကြီးဌာနများကို ၂၁ ဌာန သာ ထားရှိတော့မှာဖြစ်ကြောင်း ကြေညာပါတယ်။ တကယ်တမ်းက သမ္မတဦးထင်ကျော်နဲ့ လွှတ်တော်ရဲ့ ခန့်ပိုင်ခွင့်ဟာ ၂၁ နေ ရာမဟုတ်ပါဘူး။ ၁၈ နေရာသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က ကာကွယ်ရေး၊ နယ်စပ်နဲ့ ပြည်ထဲရေးကို ခန့်အပ်မှာ ဖြစ်လို့ပါပဲ။

သည်တော့ မူလ ၃၆ နေရာကနေ ၁၈ နေရာဆိုတော့ ထက်ဝက်လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ သည်မှာတင် ဝန်ကြီး ဌာနတခုတည်းအောက်ကို ရောက်သွားတာတို့၊ ဝန်ကြီးဌာနတွေ ပျောက်သွားတာတို့ ရှိတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုနှစ်မျိုး ဖြစ်ပေါ်လာပါတယ်။ တခုကတော့ ဝန်ကြီးဌာနမရှိတော့တဲ့ ဥပမာ သမဝါယမက ဝန်ထမ်းတွေ ဘာဖြစ်မလဲ၊ ဘာလုပ်ရမလဲ ဆိုတာမျိုးပေါ့။ ဝန်ထမ်းကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းများကို လျှော့ချမှာမဟုတ်ဘူးလို့ ပြောဆိုပြီး သားပါ။ တချိန်တည်းမှာ ယခင်ဝန်ကြီးသုံးဦး၊ ဒုဝန်ကြီးများနဲ့ ဝန်ထမ်းတွေလုပ်တာတောင် အဆင်မပြေဖြစ်နေရတဲ့အထဲ သုံးဌာနပေါင်း တဌာနလုပ်လိုက်ရင် ဖြစ်ပါ့မလားလို့ စိုးရိမ်ပူပန်မှုရှိကြောင်း ပြောကြတာတွေလည်းရှိပါတယ်။ ဒါကတော့ လုပ်ငန်းမကျွမ်းကျင်တဲ့ လူအယောက် ၃၀၀ လုပ်နေတာထက် ကျွမ်းကျင်တဲ့ လူ ၁၀၀ လုပ်တာက ပိုပြီး ထိရောက်မှာ ဖြစ်ပါ တယ်။

ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာ တပ်မတော်က အုပ်ချုပ်မှုအာဏာရယူပြီးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကပဲ ဌာနအားလုံးမှာ တပ်က မိုးကျရွှေကိုယ်အဖြစ် အထက်အရာရှိအဖြစ် ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်ဝန်ကြီးဌာန ဘယ်နေရာမှာမဆို တပ်ကပုဂ္ဂိုလ်များ ထိပ်ကနေရောက်လာပြီး စီမံအုပ်ချုပ်မှု တာဝန်ယူခဲ့ကြတာပဲ ဖြစ်ပါ တယ်။

မဆလခေတ် ပြည်သူပိုင်သိမ်းလိုက်တဲ့ လုပ်ငန်းအဝဝဟာ ဘယ်လုပ်ငန်းမှ မအောင်မြင်ဘဲ အရှုံးပေါ်ခဲ့တာ အထင်အရှားပါပဲ။

ဘကြီးမိုးကိုယ်တွေ့ကတော့ ရဲများနဲ့ ထောင်ဝန်ထမ်းများပါပဲ။ ဟဲ ဟဲ ဘကြီးမိုးထောင်ထဲမှာ ခုနစ်နှစ်လောက် နေခဲ့ရတာကိုး။ ရိုးရိုးသာမန်ထောင်မှူးတယောက်ရဲ့ အနာဂတ်ဟာ တန်းဆုံးနေပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောင်မှူးကြီးတို့ ၊ထောင်ပိုင်ရာထူးနေရာကို တပ်ထွက်တွေကရောက်လာတာကိုး။ ထို့အတူပဲ ရဲများလည်း အတူတူပါပဲ။ အခုလက်ရှိ ရဲချုပ်ရာ ထူးကိုပဲ ကြည့်လေ။ ရဲချုပ်ရာထူးကို တပ်က ယူထားတယ်မဟုတ်လား။ သည်ထက်ပိုဆိုးတာက ကိုယ့်လူတွေကို ရာထူးပေး ချင်လို့ ရာထူးအသစ်တွေ တိုးခန့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီး ၃၆ ဌာနမှာ ဝန်ကြီးနဲ့ ဒုဝန်ကြီးပေါင်း ၉၆ဦး အထိ ရှိပြီး သူတို့အတွက် သုံးခဲ့ရတဲ့ကား၊ ဝန်ထမ်းစတာတွေပေါင်းလိုက်ရင် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ ဘီလျံနဲ့ချီပြီး ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးအဖွဲ့ ၂၁ ဖွဲ့ပဲ ရှိသွားတော့ အစိုးရအသုံးစရိတ် ဘီလျံပေါင်းများစွာ သက်သာသွားတာ အမှန်ပါပဲ။

အင်န်အယ်လ်ဒီက တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ရက်ပေါင်း ၁၀၀ အတွင်း မြင်သာအောင် လုပ်ပြမယ်လို့ ဆိုထား တယ်လေ။ အရေးကြီးတာက လုပ်ပြကြဖို့ပဲ ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှုအလွဲ၊ လုပ်ငန်းကျွမ်းကျင်အလွဲတွေနဲ့  အလွဲအမှားများကို စနစ်တကျလုပ်ကိုင်ကြရင် ဘာမှ မဖြစ်နိုင်စရာ မရှိပါဘူး။ ပြောထားတဲ့အတိုင်း လုပ်ပြဖို့ပဲလိုတာ ဖြစ်ပါတယ်။

ဝန်ကြီး ၂၁ ဖွဲ့ထဲမှာ ထူးခြားမှုတွေကတော့ တော်တော်များများ ဝန်ကြီးဌာနတွေ ပေါင်းလိုက်တာမျိုးတွေရှိသလို ထူးထူးခြား ခြား ဝန်ကြီးဌာနသစ်တခု ပါဝင်လာတာကိုလည်းတွေ့ရပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ သည် ဝန်ကြီးဌာန ဖြစ်ပေါ်လာကတည်းကလည်း ပြီးခဲ့တဲ့လွှတ်တော်လက်ထက်တွေကတည်းက လုပ်ကြဖို့ ကြိုးစားကြပေမဲ့ မဖြစ် မြောက်ခဲ့ရာက အခုပြည်သူ့သမ္မတဦးထင်ကျော်လက်ထက်မှာ ၃၆ ဝန်ကြီးဌာနများကို ပေါင်းစုပြီး ၂၁ ဌာနသာ ထားတော့ မယ်လို့ ကြေညာခဲ့ပါတယ်။ တပ်မတော်ကခန့်တဲ့ သုံးဌာနနှုတ်လိုက်ရင် ၁၈ ဌာန ဖြစ်ပါတယ်။ အဲသည် ၁၈ ဌာနထဲမှာမှ အသစ်ဖြစ်ပေါ်လာတာ တိုင်းရင်းသားရေးရာဌာနဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အများကြီးမှ အများကြီးရှိတဲ့ နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေလည်း အများကြီးပဲ။ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရာမှာလည်း ထက်ဝက်က လက် မှတ်ထိုး၊ ထက်ဝက်လောက်က လက်မှတ်မထိုး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သမ္မတဦးထင်ကျော် ဦးဆောင်သော အရပ်သား အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ကြိုးပမ်းမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ကေအိုင်အို အပါအဝင် အပစ်အခတ်ရပ်စဲရေးစာချုပ် (CAN) လက်မှတ်မထိုးသေးတဲ့ အဖွဲ့များက ကြေညာချက် ထုတ်ပြန်တာကို တွေ့ရပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဟာ တိုင်းရင်းသားများရဲ့ လိုအပ်ချက်၊ ဘတ်ဂျက်မှအစ မဖွံ့ဖြိုး မတိုးတက်တဲ့ လမ်းပန်း ဆက်သွယ်ရေး ၊ပညာရေး၊စီးပွားရေးတို့ကို တင်ပြဆွေးနွေး လုပ်ဆောင်သွားကြမယ်လို့ ယူဆရပါတယ်။

အားလုံးပေါင်းလိုက်ရင် ပြည်သူ့အစိုးရသစ်ဟာ လုပ်ပြလိုက်ဖို့ပဲ လိုကြောင်းပါ။

လုပ်ပြဖို့ပဲ လိုတယ်နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts