ရသဆောင်းပါးစုံ

လှကျော်ဇော – တောင်ဖြိုနေကြသူများ

 လှကျော်ဇော – တောင်ဖြိုနေကြသူများ
(မိုးမခ) မတ် ၂၂၊ ၂၀၁၆

၂၀၁၆ မတ်လ (၁၅) ရက်နေ့ လွှတ်တော်တွင်း သမ္မတရွေးကောက်ပွဲအပြီး ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရကြောင်း ကြေညာအပြီးမှာ လွှတ်တော်တွင်းလက်ခုပ်သြဘာသံများ ဆူညံသွားပါတော့တယ်။ လက်ခုပ်သံဟာ စက္ကန့် ၂၀ အထိတောင်ကြာတယ်လို့ မီဒီယာတွေကဆိုပါတယ်။ တိုက်ရိုက် ရုပ်သံလွှင့်အစီအစဉ်ကို ကြည့်နေသူများအနေနဲ့ အဲဒီအချိန် မှာ လွှတ်တော်ကိုယ်စားလှယ်များထိုင်တဲ့ခုံတန်း ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်လင်ရွှင်လန်းစွာ အားရပါးရ လက်ခုပ်တီးနေတာတွေ့လိုက်ကြရပါတယ်။

သြော် … ဒေါ်စုအနေနဲ့  ပြည်သူတရပ်လုံးရဲ့ နဂိုရရှိပြီးသား  မေတ္တာစေတနာတွေအပြင် အခု လောလောဆယ်ဖြစ်ရပ်ကြောင့် ပြည်သူတွေရဲ့ သနားကြင်နာမှုတွေပါ ထပ်ရရှိလာတော့မှာပါ။

ဒေါ်စုအဖြစ်ကလည်း ကြည့်လေ။ ကျွန်မတို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဇာတ်ပွဲတွေထဲက ပုဏ္ဏားအနှိပ်စက်ခံရတဲ့ မင်းသမီးလေး အတိုင်းပဲ။ ဇာတ်ဆရာက ဇာတ်နာအောင် အမျိုးမျိုးနှိပ်စက်ပြလေလေ ပွဲကြည့်ပရိသတ်က မင်းသမီးလေးအပေါ် အကြင်နာ တရားတွေ ပုံလာလေလေ ဖြစ်ရတာ။

ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်က ဇာတ်ဆရာများကိုလည်း စေတနာမှန်နဲ့ သတိပေးလိုက်ပါရစေ။ ဇာတ်နာသထက်နာအောင် မင်းသမီးလေးကို နှိပ်စက်ပြနေလေလေ ပွဲကြည့်ပရိသတ်က နှိပ်စက်တဲ့ ပုဏ္ဏားအပေါ်မုန်းတီး နာကျည်းလေလေပဲ ဆိုတာ ပါ။ ပညာရှိ သတိဖြစ်ခဲ ဆိုမဟုတ်လား။

ကျွန်မလည်း တောင်တောင်အီအီတွေလျှောက်တွေးနေရင်းက တော်လှန်ရေးထဲရောက်ခါစက ဖတ်ဖူးလေ့လာဖူးတဲ့ ဆောင်း ပါးတစောင်ကို သွားသတိရလိုက်မိပါတယ်။

၁၉၇၆ ခုနှစ် ကျွန်မတို့တတွေ (မဆလခေတ် ၁၉၇၄-၇၅-၇၆ မြို့ပေါ်အုံ၏ကြွမှုများ အဖြိုခွဲခံရအပြီး) ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အရှေ့မြောက်စစ်ဒေသ လက်နက်ကိုင်တိုက်ပွဲတွင်း တပြုံကြီး ၀င်ရောက်လာကြပါတယ်။ ပါတီက ရဲဘော်သစ်များ လေ့လာဖို့ စာအုပ်စာတမ်းများ ဝေပေးပါတယ်။ အဲဒီထဲမှာ တရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုံးရဲ့ ဆောင်းပါး (၅) စောင်ဆိုတဲ့ စာအုပ်တအုပ် ပါပါတယ်။ တော်လှန်ရေးထဲရောက်ခါစ (စစ်ထောက်လှမ်းရေးတွေလက်ထဲက လွတ်လာခါစ) တက်ကြွမှု၊ လန်းဆန်း ပျော်ရွှင်မှုအပြည့်နဲ့ လေ့လာခဲ့ရတာဆိုတော့ ခေါင်းထဲစွဲနေပါတော့တယ်။

အဲဒီဆောင်းပါးတွေထဲက တခုဖြစ်တဲ့ ယွီကုန်းတောင်ဖြိုခြင်း ဆိုတဲ့ဆောင်းပါးကို သတိရမိတာပါ။

ဒီနေရာမှာကြုံကြိုက်တုံး ဥက္ကဋ္ဌမော်အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်။ ဥက္ကဋ္ဌမော်ဟာ စာအလွန်အရေးကောင်း၊ အရေးရှင်းသူပါ။ အနှစ် (၅၀၀၀) သက်တမ်းရှိတဲ့ တရုတ်သမိုင်းကိုလည်း ကျေပါတယ်။ တရုတ်လူမျိုးတွေရဲ့ အခြေခံ စိတ်နေ စိတ်ထားကိုလည်း နားလည်သူပါ။ ဒါတွေကြောင့်ပဲ တရုတ်လူမျိုးတွေရဲ့လက္ခဏာနဲ့ကိုက်ညီတဲ့ မာက်စ်ဝါဒ (မော်အတွေး အခေါ်) ကို တီထွင်ဖန်တီး ဖော်စပ်နိုင်ပြီး ပြည်သူတရပ်လုံးကို စည်းရုံး- နောက်ဆုံး တရုတ်တပြည်လုံး လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။

ရှည်ကြာလှတဲ့ တော်လှန်ရေးခရီးစဉ်အတွင်း သူက မရေမတွက်နိုင်တဲ့ ဆောင်းပါးများရေးပြီး ပြည်သူလူထုကို အဆက်မပြတ် လှုံ့ဆော်ခဲ့ပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာ အဆင်သင့်တဲ့နေရာတိုင်း တရုတ်ရှေးဟောင်းပုံပြင်တွေ စကားပုံတွေ ထည့် သွင်းရေးတတ်ပါတယ်။ ဒီလိုနည်းနဲ့သာမန်တရုတ်ပြည်သူတွေအကြား နိုင်ငံရေးအသိတွေ (မာ့က်စ်ဝါဒအခြေခံတွေ) ၀င် သွားစေခဲ့ပါတယ်။

အခုကျွန်မပြောပြမယ့် “ယွီကုံးတောင်ဖြိုခြင်း” ဆိုတဲ့ ဆောင်းပါးဟာ ၁၉၄၅ ခုနှစ် ဇွန်လက ဥက္ကဋ္ဌမော်ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ဂျပန်ခုခံရေးစစ်ပွဲပြီးခါနီးမှာ တရုတ်ကွန်မြူနစ်ပါတီက ကျင်းပတဲ့ သတ္တမ ပြည်လုံးကျွတ်ကွန်ဂရက်အပြီးမှာ ပြောတာပါ။ အဲဒီ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့တဲ့ တရုတ်ရှေးဟောင်းပုံပြင်လေးကို အဓိကထား ပြောပြချင်ပါတယ်။

ပုံပြင်လေးကတော့ ရှေးတုန်းက တရုတ်နိုင်ငံမြောက်ပိုင်းမှာ အဘိုးအိုတယောက်ရှိသတဲ့။ သူ့ကိုအားလုံးက ယွီကုံး (ကုံးဆို တာ ဗမာလိုဆိုယင်တော့ ဘကြီး အဘိုးလို့ အဓိပွာယ်ရတယ်။ ဘကြီးယွီပေါ့) လို့ ခေါ်ကြတယ်။ သူ့အိမ်တံခါးဝရှေ့မှာ အ သွားအလာခက်လှအောင် တောင်ကြီးနှစ်လုံးက ကာဆီးနေသတဲ့။

ဒါကြောင့် ဘကြီးယွီကသန္နိဋ္ဌာန်ချပြီး သားတွေကိုဦးစီး ပေါက်တူးကိုယ်စီနဲ့တောင်တွေကို တူးဖြိုတော့တာပါပဲ။ တချို့က လှောင်ပြောင်ကြပါတယ်။ မင်းတို့သားအဖတွေလောက်နဲ့ ဒီတောင်ကြီးနှစ်လုံးကို တူးပစ်လို့ဘယ်ရမှာလဲ။ မိုက်လှချည့်လား လို့ဆိုကြပါတယ်။ ဘကြီးယွီက ငါသေရင်ငါ့သားရှိတယ်။ ငါ့သားသေလည်း ငါ့မြေးရှိသေးတယ်။ သားမြေးမြစ်မပြတ် ပွားများ နေတယ်။ ဒီတောင်ကြီးနှစ်လုံးဟာ အတော်ကြီးမြင့်တယ်ဆိုပေမဲ့ နောက်ထပ်တိုးမမြင့်နိုင်တော့ဘူး။ နည်းနည်း တူးပစ်ရင် နဲနဲလျော့သွားမယ်။ ဒီတော့ ဘာပြုလို့ ပြိုသွားအောင် မဖြိုနိုင်ရမှာလဲလို့ ပြန်ပြောပြီး ဇွဲနဘဲနဲ့ မယိမ်းမယိုင် နေ့စဉ်မနားမနေ ဆက်တူးသွားတယ်။ ဒီအဖြစ်ကို သိကြားမင်းသိတော့ စိတ်ထိခိုက်သွားတယ်။ (ဗမာလိုဆိုယင်တော့-ပဏ္ဍုကမွလာမြ ကျောက်ဖြာ တင်းတာပေါ့။) နတ်သားနှစ်ပါးလွှတ်ပြီး တောင်တွေကိုရွှေ့ခိုင်းလိုက်တယ် တဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒါပေမဲ့ ဥက္ကဋ္ဌ မော်ကဒီပုံပြင်ကိုဆွယ်ပြီး တရုတ်ပြည်ရဲ့ အခိုင်အမာအခြေအနေနဲ့ပေါင်း စပ်လိုက်ပြီး ဆက်ရေးထားတာက- အခုလည်း တရုတ်ပြည်သူတွေကို နယ်ချဲ့စနစ်နဲ့ ပဒေသရာဇ်စနစ်လို့ခေါ်တဲ့ တောင်ကြီး နှစ်လုံးကဖိထားတယ်။ တရုတ်ပြည် ကွန်မြူနစ်ပါတီဟာ ဒီတောင်နှစ်လုံးကို ဖြိုပစ်ဖို့အစောကြီးကတည်းက စိတ်ပိုင်းဖြတ်ထား တယ်။ ကျွန်တော်တို့ဟာ မုချဇွဲနဲ့ လုပ်သွားကြရမယ်။ အဆက်မပြတ်ကြိုးစားရမယ်။ ကျွန်တော်တို့ အတွက် သိကြားမင်းလည်း စိတ်ထိခိုက်လာမယ်။ ဒီသိကြားမင်းဟာ တခြားမဟုတ်ဘူး။ တရုတ်တနိုင်ငံလုံးက ပြည်သူလူထုကြီး ဖြစ်တယ်။ ပြည်သူလူ ထုကြီးတရပ်လုံး အုံကြွပြီး ကျွန်တော်တို့နဲ့အတူ ဒီတောင်နှစ်လုံးကို ဖြိုပစ်ရင် ဘာကြောင့် မပြိုရမှာလဲတဲ့။

အဲဒီဆောင်းပါးထွက်လာပြီးကတဲက တရုတ်ပြည်တော်လှန်ရေးမှာ ယွီကုံးတောင်ဖြိုတဲ့စိတ်ဓာတ်ဆိုတဲ့ နိုင်ငံရေးဝေါဟာရ သစ်ပေါ်ထွက်ခဲ့ပါတယ်။   စစ်အာဏာရှင်စနစ် တောင်ကြီးရဲ့ နှစ်ရာစုဝက်ကျော်ဖိနှိပ်မှုကိုခံထားရတဲ့ ကျွန်မတို့ ဗမာပြည်သူ လူထုကြီးတရပ်လုံးလဲ ဒီလိုမျိုး တောင်ဖြိုတဲ့စိတ်ဓာတ်ကို စိုက်ထူပြီး ဇွဲနဘဲနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် ဒီတောင်ကြီးပြို မှာပါ။ ပြည်တင်း မင်းမခံနိုင်လို့ ဘုရားလောင်းအရင့်အမာကြီး ဝေသန္တရာတောင် ထီးနန်းစွန့်ခဲ့ရသေးတာပဲ။(ဆရာကြီးမှိုင်းရဲ့လက်သုံးစကားပါ။)

ဒါကြောင့် ဒေါ်စုအပါအ၀င်ခေတ်အဆက်ဆက် တောင်ဖြိုနေကြသူများအားလုံး တစုတစည်းတည်းဝိုင်းဝန်းကြိုးစားကြရင် ဖြင့် ဒီတောင်ကြီးပြိုပါလိမ့်မယ်။ ပြိုအောင်လည်း ပြည်သူလူထုကြီးက ဒေါ်စုဘက်ကို ရပ်တည်အားဖြည့်ပေးပြီးရင်း အားဖြည့် ပေးနေပါပြီ။

ဒီတော့ ဇွဲနဘဲနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ဖို့ ဒီချုပ်အပါအ၀င် နည်းသဏ္ဌာန်မျိုးစုံနဲ့ လုံးပန်းတိုက်ပွဲဝင်နေတဲ့ အင်အားစုအားလုံး တညီတညွတ်တည်း ၀ိုင်းဝန်း ဆက်လက်ကြိုးစားသွားကြရင် ဒီစစ်အာဏာရှင် စနစ်ကို အာမခံထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးလည်း ဘာလို့ မဖြိုနိုင်ရမှာလဲ။

ကျွန်မတို့အားလုံး ဒီတောင်ဖြိုစိတ်ဓာတ်မျိုးဖြစ်တဲ့ မဟာဇနက္ကမင်းသားထုံး နှလုံးမူနိုင်ရင် သန်းခေါင်ထက်တော့ ညဥ့်မနက် နိုင်တော့ပါဘူး။

လှကျော်ဇော
(၁၇၊ ၃၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လှကျော်ဇော – တောင်ဖြိုနေကြသူများ
  1. I do agree with you Ah Ma”HLA”(Dr.HlaKyaw Zaw). Not only Chairman “Mao’s Thought & traditional ancient Chinese story but also Buddha’s Teaching Philosophy( nothing is constant and permanent-Anicca) are in line with story. Even the toughest, hardest rocks can be crumbled by Nature’s forces- such as Wind, Water. There is no never sunset EMPIRE in Human History

Comments are closed.