ရသဆောင်းပါးစုံ

မင်းခိုင် – ကင်ဆာ (သို့မဟုတ်) ဗီဇအားဖြင့် ဖောက်ပြန်နေသော … …

 မင်းခိုင် – ကင်ဆာ (သို့မဟုတ်) ဗီဇအားဖြင့် ဖောက်ပြန်နေသော … …
(မိုးမခ) မတ် ၁၈၊ ၂၀၁၆

ကင်ဆာဆိုတဲ့ရောဂါမျိုးက ကြောက်စရာကောင်းသလို အံ့သြဖို့ စိတ်ဝင်စားဖို့လည်း အလွန်ကောင်းသဗျ။  ကင်ဆာဆိုတာ ဆဲလ်တွေ မူမမှန် မျိုးပွားခြင်းလို့ တော်တော်များများ နားလည်ထားပါတယ်။  ဟုတ်ပါတယ်၊ ကင်ဆာရဲ့ကြောက်စရာအကောင်းဆုံးအချက်ကလည်း အဲဒါပါပဲ။  မူမမှန်မျိုးပွားတဲ့အပြင် သတ်လို့မသေတဲ့ ဖုတ်ကောင်တွေလည်း ဖြစ်တယ်။  အဲလိုနဲ့ ထိန်းချုပ်လို့လည်း မရ၊ သတ်လို့လည်း မသေတဲ့ ဆဲလ်တွေဟာ သူ့ရဲ့မူရင်းတာဝန်ကိုလည်း မလုပ်တော့ဘဲ ခန္ဓာကိုယ် တခုလုံးရဲ့ အဟာရတွေကို ပါးဖြဲနားဖြဲ စားသုံးရှင်သန်ပြီး ခန္ဓာကိုယ်တခုလုံးကို ဖုံးလွှမ်းသိမ်းပိုက် ဖျက်ဆီးပျက်လိုက် ပါတော့တယ်။  အံ့သြဖို့ကောင်းတာက အဲဒီ့ကင်ဆာဖြစ်သွားတဲ့ဆဲလ်တွေဆိုတာ ပြင်ပက ရောက်လာတဲ့ဆဲလ်တွေ မဟုတ် ဘူး၊ ခန္ဓာကိုယ်ထဲမှာ နဂိုကတည်းက ရှိနေတဲ့ ဌာနေဆဲလ်တွေကနေ အသွင်ပြောင်းသွားတာ။  ခန္ဓာကိုယ်ထဲက ဘယ်ဆဲလ် မဆို ကင်ဆာဆဲလ်ဖြစ်သွားနိုင်တယ်။  အဓိပ္ပာယ်က ဘယ်အင်္ဂါတစ်သျှုးဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်တယ်ဆိုတာပါပဲ။

ကင်ဆာထဲမှာတော့ လူကီးမီးယားလို့ခေါ်တဲ့ သွေးကင်ဆာကတော့ လူသိတော်တော်များမယ်ထင်ပါတယ်။  (ရုပ်ရှင်ဇာတ် လမ်းတွေမှာလည်း သူက (နှလုံးရောဂါနဲ့အပြိုင်) ဇာတ်လိုက်ကျော်ကိုး..) လူမှာ သွေးနီဥနဲ့ သွေးဖြူဥလို့ နှစ်မျိုးရှိရာမှာ သွေးနီဥက အောက်ဆီဂျင်ကို သယ်ပေးတဲ့ကောင်။  သူက အားလုံးရဲ့ ၉၉% ရှိတယ်။  သွေးဖြူဥကတော့ ၁ % ပဲ ရှိတယ်။   ၁ % ပဲ ရှိပေမယ့် သူက ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးတာဝန်လို့ ပြောလို့ရတဲ့ ခုခံချေမှုန်းရေးတာဝန်ကို ထမ်းဆောင်ရ ပါတယ်။  ခန္ဓာကိုယ်ခုခံရေးစနစ်ကြီးရဲ့ အရေးကြီးဆုံးတပ်သားတွေဖြစ်တယ်။  ခန္ဓာကိုယ်ထဲ တစိမ်းတွေ (ရောဂါပိုးမွှားတွေ) ၀င်လာတာနဲ့ ဒီကောင်တွေက ချေမှုန်းပစ်ပါတယ်။  တော်ရုံတန်ရုံ ရောဂါပိုးတွေဟာ သွေးဖြူဥခံတပ်ကို မကျော်နိုင်ပါဘူး။

ဒါပေမဲ့ သွးကင်ဆာဖြစ်လာရင် အဲဒီ့သွေးဖြူဥတွေက အဆမတန်ပွားလာပါတယ်။  အဆမတန်ပွားလာတဲ့ သွေးဖြူဥတွေက ပြင်ပရန်ကို ချေမှုန်းရမယ့်အစား အချင်းချင်းဖြစ်တဲ့ သွေးနီဥတွေကို ပြန်တိုက်ပါတယ်။  ဒါကြောင့် လူကီးမီးယား သွေးကင် ဆာဖြစ်ရင် သွေးထဲမှာ သွေးဖြူဥပါဝင်တဲ့ အချိုးအဆက အရမ်းမြင့်လာပြီး သွေးနီဥပါဝင်တဲ့ အချိုးအဆက ကျကျလာပါတယ်။ (လူကီးမီးယားဆိုတာ ဂရိစကားကလာတာဖြစ်ပြီး အဓိပ္ပာယ်က ဖြူသောသွေး (white blood)လို့ အမည်ရပါသတဲ့) ကိုယ့်ကို ကာကွယ်စောင့်ရှောက်ရမယ့် သူက ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးတာဆိုတော့ တွေးကြည့်ရင် ရင်နာစရာကြီးပေါ့ဗျာ။

တကယ်တော့ ကျနော်တို့ရဲ့ ဇီဝစက် (Bio Machine) ဆိုတာကြီးက အလိုအလျောက် ခုခံကာကွယ်ရေးစနစ်တွေ၊ ပြန်လည် ကုစားရေးစနစ်တွေ၊ ပြန်လည်ထိန်းညှိရေးစနစ်တွေနဲ့ အလွန်အံ့သြဖို့ ကောင်းပါတယ်။  ဥပမာ ဆဲလ်တွေ ပွားဖို့လိုအပ်လာ ပြီဆိုရင် ဆဲလ်ရဲ့နယူးကလီးယပ်စ်ဆီ Growth Factor Message ခေါ်တဲ့ အကြောင်းကြားစာ ပို့ရပါတယ်။ အဲဒိမက်ဆေ့ခ်ျက မှန်လား.. မှားလား .. အထပ်ထပ်စစ်ဆေးပါတယ်။  မှားနေရင် အ၀င်မခံပါဘူး။  ပြောချင်တာက ဆဲလ်တွေ ပွားချင်တိုင်း ပွားလို့မရအောင် အသေအချာ ထိန်းချုပ်ထားပါတယ်။  တကယ်လို့ မူမမှန် ပွားခဲ့ရင်တောင် ၀န်းကျင်ကဆဲလ်တွေက လက်မ ခံ ဖျက်ဆီးပစ်ပါတယ်။  ဒါမှမဟုတ် မူမမှန်ဆဲလ်ရဲ့ နယူးကလီးယပ်စ်ဆီ “မင်းရဲ့ဆဲလ်ကတော့ မူမမှန်ဘူး..” လို့ သတင်းပို့ပါ တယ်။  အဲဒီ့အခါ နယူးကလီးယပ်စက ပရိုတိန်းတမျိုးကို ထုတ်ပေးပြီး အဲဒီ့ဆဲလ်ကို ထပ်မပွားအောင် တားပါတယ်။  ဒါမှမ ဟုတ် မူမမှန်တဲ့ DNA ကို ပြင်ဖို့ ခိုင်းပါတယ်။  ပြင်လို့မရရင် အဲဒိဆဲလ်ကို သတ်ဖို့ ညွှန်ကြားပါတယ်။

ကင်ဆာဟာ အဲဒါတွေကို ကျော်နိုင်ဖို့ မျက်လှည့်နှစ်မျိုးကို ပြရပါတယ်။  ပထမမျက်လှည့်က သူတို့ကို တားမြစ်တဲ့ ပရိုတိန်း တွေကို ဆန့်ကျင်ဖက် လုပ်ဆောင်လာအောင် လှည့်စားပါတယ်။  အဲဒီအခါ ပရိုတိန်းက တားမြစ်ရမယ့်အစား ထပ်ခါထပ်ခါ မျိုးပွားဖို့ ညွှန်ကြားပါတော့တယ်။  ဒုတိယမျက်လှည့်က ပညာပိုပါပါတယ်။  သာမန်ဆဲလ်လို အယောင်ဆောင်တာ (အရေခွံခြုံ တာ)ပါ။  အဲဒိအခါ ဖျက်ဆီးမယ့်ဆဲလ်က မူမမှန်ဆဲလ်လို့ မသိတော့ဘဲ လွတ်သွားပါတယ်။  ဒီနည်းနဲ့ ကင်ဆာဟာ ရှင် သန်သွားပါတယ်။

– တိုင်းပြည်နဲ့စာရင် စစ်တပ်အရွယ်အစားဟာ အာရှမှာ ဒုတိယအကြီးဆုံးလို့ သိလိုက်ရတဲ့အခါ၊

– ဒုတိယအချမ်းသာဆုံးတိုင်းပြည် တရုတ်နိုင်ငံမှာ လူ ၇၀၀ က စစ်သားတယောက်ကို တင်ကျွေးပေမယ့် အာရှအဆင်းရဲဆုံး တိုင်းပြည် ရွှေပြည်မှာ လူ ၁၀၀ က စစ်သားတယောက်ကို တင်ကျွေးနေရတယ်လို့ သိတဲ့အခါ၊

– အဲလိုမဟားတရားကြီးထွားနေတဲ့ စစ်တပ်ကို ထောက်ပံ့ဖို့ တိုင်းပြည်ရဲ့အာဟာရတွေ (ရင်းမြစ်တွေ) အားလုံးနီးပါးလောက်ကို သုံးနေရတယ်လို့ သိရတဲ့အခါ၊

– နောက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်က တိုင်းပြည်ဝင်ငွေရဲ့ ၃၀% အထိ ရှိတယ်လို့ သိရတဲ့အခါ၊

– ကာချုပ်ကလွဲလို့ တပ်ရဲ့ကိစ္စအ၀၀ကို ဘယ်သူမှ ၀င်စွက်ခွင့်မရှိ (ဥပဒေကအစ ကာချုပ်ရဲ့အဆုံးအဖြတ်သာ အတည်လို့) ၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းလို့ (ကာချုပ်ကို) သက်ဦးဆံပိုင်အာဏာ အပ်နှင်းထားတယ်လို့ သိရတဲ့အခါ၊

– ပြီးခဲ့တဲ့ အစိုးရတက်ခါနီး (၂၀၁၁ ဇန်န၀ါရီ ၂၇ ရက်)မှာ စစ်တပ်အတွက် အထူးရန်ပုံငွေဥပဒေဆိုတာကြီးကို ပြဋ္ဌာန်းပြီး ဘတ်ဂျက်ကအစ အတိုင်းအဆမရှိ သုံးခွင့်ပေးထားတယ်လို့ သိလိုက်ရတဲ့အခါ

(ဗိုလ်သန်းရွှေရဲ့ လက်ရာ ဒီဥပဒေရဲ့ နာမည်အပြည့်အစုံက နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေဖြစ်ပြီး ဒီဥပဒေအရ ကာချုပ်တောင်းသမျှကို သမ္မတက ဖြည့်ပေးရမှာဖြည့်ပြီး ငြင်းခွင့်မရှိပါဘူး။  ငြင်းခွင့်မရှိတဲ့အပြင် ဘယ်သူကမှ မေးမြန်းခြင်း၊ စာရင်းစစ်ခြင်းမလုပ်ရလို့ ပုဒ်မ ၅ မှာ အတိအကျ တားထားပါတယ်။  တကယ့်စစ်အသုံးစရိတ်ကို ပြည်တွေ ဘယ်တော့မှ သိခွင့်မရှိဘူး။ ငါတို့လိုသလောက် မင်းတို့ကုန်းခံဆိုတဲ့ အဓိပ္ပာယ်ပါပဲ။)

– စစ်တက္ကသိုလ်အပါအ၀င် ဘယ်နိုင်ငံမှာမှ မရှိတဲ့ စစ်ဆေး၊ စစ်စက်မှု၊ စစ်သူနာပြု .. ဆိုတဲ့ ကျောင်းတွေကို ထောင်ပြီး အတောမသတ် ပွားများကြီးထွားနေတာကို သိရတဲ့အခါ၊

– အတောမသတ် ပွားများပြီး မူရင်းတာဝန်ကို ကျော်လွန်လို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးပါမကျှန် နယ်ပုံစုံကို လွှမ်းမိုးဖျက်ဆီးလာတာကို မြင်လာတဲ့အခါ

(ဘယ်လောက်တောင်လဲဆို သန်းငါးဆယ်က မကြိုက်ပါစေ … ကာချုပ်ကြိုက်ရင် သူတောင်းစား၊ ဒါမှမဟုတ် သူခိုးလူသတ်ဓားပြတောင် ဒုသမ္မတသေချာပေါက် ဖြစ်ပါတယ်။)

– တခွန်းတည်းပြောရရင် ထိန်းချုပ်ပရိုတိန်းတွေကို တစမကျန် ဖျက်ဆီးထားပြီး အတိုင်းမဆရှိ ပွားခွင့်ရှိနေတာ သိရတဲ့အခါ၊

– နောက် … အမျိုးဘာသာ အရေခွံခြုံလို့ ငါတို့ကို အကျိုးပြုမယ့်သူတွေပဲလို့ (မူမှန်ဆဲလ်လို့) အထင်ခံရအောင် လှည့်စားနိုင် တာကို မြင်ရတဲ့အခါ၊

ကျနော့်မျက်စိထဲ ကင်ဆာဆဲလ်တွေကိုပဲ မြင်ယောင်လာမိတယ်။  ဗီဇဖောက်ပြန်နေတဲ့ ကြောက်စရာ ဆဲလ်ကြီးတွေကို မြင်ယောင်နေမိတယ်။  ထိန်းချုပ်မရ ပွားချင်တိုင်း ပွားပြီး ကျန်အင်္ဂါအစိတ်အပိုင်းတွေကို ကျူးကျော်ဖျက်ဆီးနေတဲ့ ကင်ဆာ ဆဲလ်တွေကို မြင်မိပါတယ်။

သြော် … ကျနော်တို့ သွေးတွေလား … ။

ကျနော်တို့သွေးတွေ …. ဖြူခဲ့တာ ကြာပါပြီ … တော်တော့်ကို ကြာခဲ့ပါပြီ။

ကျနော်တို့ သွေးသစ်လဲမှ ဖြစ်မယ် …. ။

သွေးသစ်လဲမှ ဖြစ်တော့မယ်။

မင်းခိုင်
မတ်လ ၁၇၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts