တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား သမ္မတကြီး ခင်ဗျာ

Photo – ကွမ်းခြံကုန်း NLD


တူမောင်ညို – ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား သမ္မတကြီး ခင်ဗျာ
မိုးမခ။ မတ် ၁၆၊ ၂၀၁၆ 

သမ္မတ ရွေးချယ်ခဲ့ကြပြီ။ ကျမ်းသစ္စာဆိုပြီးရင် သမ္မတဖြစ်လာပါတော့မယ်။

အများသူငါ ကြိုတင် တွက်ချက်ခန့်မှန်းထားသူ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်ခံရပါတယ်။ ပြည်သူတွေရွေးချယ်ပေး လိုက်တဲ့ ကိုယ်စားလှယ်တွေက ဦးထင်ကျော် တစ်ဦးထဲကိုပဲ ပုံအောရွေးချယ်ခဲ့ကြရတာပါ။ ရွေးကောက်ပွဲမဲပေးတာနဲ့ သမ္မတရွေးချယ် တာကို သင်မြတ်ရေးအမြင်နဲ့မေတ္တာရှေ့ထားပြီးလုပ်လို့မရဘူးဆိုတဲ့အချက်ကိုလည်း သတိပြုမိလိုက်ပါတယ်။

ဒါဟာ “၂၀၀၈အခြေခံဥပဒေ” ဆိုတဲ့ စင်မြင့်ပေါ်မှာ ကပြနေတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ပြီးဆုံးသွားခြင်းသာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေက ဆက်လာနေအုံးမှာပါ။ ဇာတ်ဝင်ခန်းတစ်ခန်းပြီးတိုင်း ပညာရပါတယ်။ ပြီးသွားတဲ့ ဇာတ်ဝင်ခန်းကနေ ကျနော်တို့ကို အခုလို ပညာပေးသွားပါတယ်။

၂၀၀၈ အခြေခံဥပဒေ တည်မြဲနေသမျှ ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့မှ သမ္မတမဖြစ်နိုင်ဘူး။ ပုဒ်မ ၅၉(စ) ကို ပြင်မ ပေးနိုင်ဘူး၊သမ္မတဖြစ်ချင်ရင် “ဗိုလ်မြင့်ဆွေလမ်းကြောင်း” လိုက်ရလိမ့်မယ်။

ဒါ့အပြင် ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ ဒီချုပ်ကိုယ်စားလှယ်တွေဟာ တစ်ဖက်မှာ သူတို့နှစ်ခြိုက်လိုလားတဲ့ သမ္မတကို ရွေးချယ်နိုင်ခဲ့ပေမယ့် အခြားတစ်ဖက်မှာတော့ သူတို့လိုလားပုံမရတဲ့သူ(ဗိုလ်မြင့်ဆွေ)ကို ဘယ်လိုမှ လွှဲရှောင်ခြင်းမပြုနိုင်ဘဲ “ဒုတိယ သမ္မတအဖြစ်” လက်ခံအသိအမှတ်ပြုလိုက်ကြရပါတယ်။

ဒီအချက်ဟာ “၂၀၀၈အခြေခံဥပဒေ” အသိအမှတ်ပြုထားသူတိုင်း၊ “၂၀၀၈အခြေခံဥပဒေ”ကို လေးစားလိုက်နာထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါမယ် လို့ ကျိမ်းသစ္စာပြုထားကြရသူတိုင်း ဘယ်လိုမှ ငြင်းပယ်လို့ မရနိုင်တဲ့ အချက်ဖြစ်ပါတယ်။

ဒီအချက်တစ်ခုထဲမကပါဘူး။

လွှတ်တော်ထဲမှာ အခန့်သားဝင်ထိုင်နေတဲ့ စစ်ဗိုလ် ၁၆၆ ဦး၊ အစိုးရအဖွဲ့ထဲကပြည်ထောင်စုဝန်ကြီး ၃ ဦး (ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေး) စတဲ့အချက်တွေကို ဘယ်လိုမှ ငြင်းပယ်လို့မရပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အသိအမှတ် ပြု လက်ခံထားကြရပါတယ်။

ဒါတွေကိုပြောင်းလဲဖို့ဆိုရင်လည်း “ပုဒ်မ ၄၃၆” မှာပြဋ္ဌာန်းထားတဲ့ နည်းလမ်းနဲ့သာ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (က)နဲ့(ခ) ဆိုပြီး ထွေလီကာလီ ရေးသားထားပေမယ့် တကယ့်အနှစ်သာရက ၂၀၀၈ အခြေခံဥပဒေထဲမှာပါတဲ့ ဘယ်ပုဒ်မကို မဆို ပယ် ဖျက်မယ်၊ ပြင်ဆင်ဖြည့်စွက်မယ်ဆိုရင် “ကာချုပ်” က သဘောမတူသမျှ ပြင်လို့/ပြောင်းလို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာကို ပြောထား တာဖြစ်ပါတယ်။

ဒီလို ကာချုပ်နဲ့စစ်တပ်က လွှတ်တော်နဲ့အစိုးရကို လွှမ်းမိုးစွက်ဖက်ခြယ်လှယ်နိုင်ပေမယ့် စစ်တပ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ အစိုးရနဲ့လွှတ်တော်က နည်းနည်းကလေးမှထိလို့၊ ပြုလို့မရပါဘူး။ “စစ်ရေးအမြင်”ကို “ကာကွယ်ရေးအမြင်” လို့ ပြောင်းချင်တာ စစ်တပ် က သဘောတူလက်ခံလိုက်တာကိုကြည့်ပြီး ရှေ့တဆင့်တိုးကာ တစ တစပြုပြင်လာနိုင်ကောင်းရဲ့လို့ တွေးထင်နေကြတာဟာ ရိုး အ လွန်းရာကျပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀(ခ)ကိုကြည့်ပါ “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင်ရှိသည်”လို့ အပြတ်ပြောထား၊ရေးထားတယ်မဟုတ်ပါလား။ ဒီပြဋ္ဌာန်းချက်ကကမ်းကုန်သွားပါပြီ။ “တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံး” ဆိုတာ “အရာရာလို့” ဆိုလိုတာပါ။ ဒီလိုရေးလိုက်ရင် ဒဲ့ဒိုးသိပ်ကျလွန်းနေလို့ အခုလို ရေးထားတာပါ။

ဘာလို့ ဒီလိုပြောရသလဲဆိုတော့ “ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”လို့ ရေးသားပြဋ္ဌာန်းထားလို့ပါပဲ။ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင် မှုအခန်းကဏ္ဍ” ဆိုတာအရာရာလို့ဆိုလိုတာပါ။ အရာရာကိုစစ်အုပ်စုကလွှမ်းမိုးခြယ်လှယ်စွက်ဖက်ခဲ့လို့ပက်ကျိလမ်းသွားသလို အရာရာနဲ့ အကြောင်းကြောင်း ဖြစ်ခဲ့ရပြီ မဟုတ်ပါလား။

၁၉၆၂ ကနေ ယနေ့အထိ နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေး၊ ပညာရေးဘက်ပေါင်းစုံမှာ စစ်တပ်က၊ စစ်အုပ်စုကလွမ်းမိုး ခြယ်လှယ်ခဲ့ကြတာမဟုတ်ပါလား။ ဒီရာစုနှစ်ဝက်ကျော်ကာလအတွင်းမှာ တိုင်းပြည်နဲ့လူထုဟာ ဒုက္ခဆင်းရဲတွင်းထဲ အနက်ရှိုင်းဆုံးကျ ရောက်သွားခဲ့ရတာနဲ့ စစ်ဗိုလ်ထိပ်သီးတွေ ကျိကျိတက် ချမ်းသာကြွယ်ဝသွားခဲ့တာကတော့ တကယ့်အဖြစ်မှန်ပါ။

ဒါကြောင့် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ဆိုတာ တပ်ပိုင်းဆိုင်ရာကိစ္စထဲ အကျုံးဝင် နေပါတယ်။အလားတူပါပဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့လက်အောက်ခံဌာနပါ။ ပြည်ထဲရေးဝန်ကြီး ဟာ ကာချုပ်စိတ်ကြိုက်ခန့်တဲ့ စစ်ဗိုလ်ဝန်ကြီးပါ။ ဒီတော့ တပ်ပိုင်းဆိုင်ရာကိစ္စပါပဲ။

ဒီတော့ဗျာ ရိုးရိုးလေးပါ။ သေနတ်ဖောက်တဲ့ကိစ္စ၊ စစ်တိုက်နေတဲ့ကိစ္စ ရပ်ဖို့ဆိုင်းဖို့၊ သမ္မတကြီးက စစ်တပ်ကို အမိန့်ပေးနိုင် ပါ့မလား။ ညွန်ကြားနိုင်ပါ့မလား။ သမ္မတကြီးက အမိန့်ပေးညွန်ကြားတာကိုလည်း စစ်တပ်က ကျိုးကျိုးနွံနွံ နာခံပါ့မလား။

ပြည်သူတွေရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက ပုံအောရွေးချယ်လိုက်တဲ့ သမ္မတကြီး၊ တည်ကြည်ဖြောင့်မတ်သူလို့ ဂုဏ်သတင်းသင်းပျံ့တဲ့ သမ္မတကြီး၊ တိုင်းရင်းသားပြည်သူတွေရဲ့သွေးချွေးမျက်ရည်တွေ စွန်းပေးခြင်းမရှိတဲ့ သမ္မတကြီး အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ “လက်ပံတောင်း စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ အဖြစ်ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လုပ်ကိုင်ရတဲ့အခါ မလွှဲမရှောင်နိုင်ဘဲ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်မျိုးတွေနဲ့ တိုးမိ၊ တိုက်မိမှာကို တွေး မိပြီး စိုးရိမ်မိပါတယ်။ “၂၀၀၈ အခြေခံဥပဒေ အပါအဝင် မတရားတဲ့ဥပဒေတွေနဲ့ လက်ရှိတရားစီရင်ရေးစနစ်” ကို (ဗကသ) က သပိတ် မှောက်နေပါပြီ။

ဒီချုပ်ကိုယ်စားလှယ်က လွှတ်တော်ထဲမှာ အရေးကြီးအဆိုတဲ့တင်တဲ့အခါ စစ်ဗိုလ်တွေက မတ်တပ်ရပ်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ တားမြစ်ခဲ့ကြတယ်။ ဒါတင်မက မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့တောင်းဆိုတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌက ပယ်ဖျက်ပေးခဲ့ရတာ ပူပူနွေးနွေး ဖြစ်ရပ်ပဲ မဟုတ်ပါလား။

“၂၀၀၈ အခြေခံဥပဒေ”အရ ရွေးကောက်ပွဲ/သမ္မတရွေးပွဲတို့ဆိုတာတွေဟာ စစ်အုပ်စုရဲ့ ထာဝရအကျိုးစီးပွားကို အပေါ်ယံ အားဖြင့်ဖုံးကွယ်လှည့်စားထားနိုင်ဖို့ ဖန်တီးထားတဲ့ ဇာတ်ကွက်ဇာတ်လမ်းတွေသာဖြစ်ပါတယ်။ ဒီဇာတ်ကွက်ဇာတ်လမ်းတွေမှာ ကျနော် တို့ “ဒီမိုကရေစီဟီးရိုးတွေ” ပါဝင်ကပြသရုပ်ဆောင်နေကြရတာပါ။ သူတို့တတွေ ဟန်ပါပါ၊ သရုပ်ပါပါ တင်ဆက်အသုံးတော်ခံလေတိုင်း ကျနော့် ရင်ထဲမှာ စူးစူးရှရှ ခံစားရပါတယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ ဇာတ်ကွက်ဇာတ်လမ်းမျိုးစုံကို ကိုးရီးယားဇာတ်လမ်းတွဲကြည့်သလို ကြည့် နေကြရအုံးမယ်လို့ ထင်ပါရဲ့ဗျာ။ ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းပြီး၊ ပြည်သူတွေ ဇာတ်လိုက်ဖြစ်မယ့် ခေတ်သို့ ပြောင်းကြစို့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား သမ္မတကြီး ခင်ဗျာ
  1. [1] Nargis Constitution
    [2]THUGS ,THIEVES & CROOKS from USDP
    [3] USDP’ Private army (so called Tatmadaw) &
    [4]Thug,Thief & Crook VP

    What can we do ?
    THUGS,THIEVES & CROOKS never come with clean hands.

Comments are closed.