ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ပြည်သူ့သူရဲကောင်းပုံရိပ်နဲ့ ပုဂ္ဂိုလ်ရေးသစ္စာရှိမှု ဘယ်ဟာက ပိုအရေးကြီးပါသလဲ ကိုမင်းအောင်လှိုင် (နိဂုံး)

ဗိုလ်ထက်မင်း – ပြည်သူ့သူရဲကောင်းပုံရိပ်နဲ့ ပုဂ္ဂိုလ်ရေးသစ္စာရှိမှု ဘယ်ဟာက ပိုအရေးကြီးပါသလဲ ကိုမင်းအောင်လှိုင် (နိဂုံး)

(မိုးမခ) မတ် ၁၆၊ ၂၀၁၆
၁၂။ စာရေးသူ ရဲ့ယခင်ဆောင်းပါးဖြစ်တဲ့ပြောင်းလဲချိန်တန်ပြီဆိုရင်ပြောင်းလဲရမည့်မဟာဗျုဟာနည်းဗျုဟာ အစီအစဉ် တိုက်တွန်းချက်အပိုင်း (၁၂)ထဲမှ လာမည့် ဒုသမ္မတကို တပ်မတော်က တင်ဖို့လျာထားနိုင်တဲ့ အခြေအနေကို ကောက်နှူတ် ပြန်လည်ဖေါ်ပြပေးလိုက်ရပါတယ်။

“တပ်မတော်မှ ဒုသမ္မတ တင်နိုင်ဖို့ အလားအလာသုံးသပ်ရာမှာ ရွေးကောက်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ်အရေအတွက် လွှတ်တော်မှာ နည်းတာမို့ ပါတီကို ရောက်ခါစ အမတ်ဖြစ်သွားတဲံ့ ဒုဗိုလ်ချုပ်ကြီး၊  ဗိုလ်ချုပ်ကြီးတွေကို ပေးလိုက်ရင် လွှတ်တော်မှာ မဲနည်းသွားနိုင်လို့ ပေးနိုင်ပါ့မလား၊ ပေးဖြစ်ရင်တောင်  စီနီယာဗိုလ်ချုပ်ကြီး ဖြစ်တဲ့ ဦးလှဌေးဝင်းနဲ့ ဦးသူရသက်ဆွေထဲက တစ်ဦးဦး ဖြစ်နိုင်ကြောင်း၊ ပါတီက  မဲထိန်းလိုရင် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးသက်နိုင်ဝင်း၊ ဦးလှမင်း၊  ဦးမြင့်စိုးတို့ထဲက တစ်ဦးဦး တပ်ချုပ်က ညှိနှိုင်းနိုင်ကြောင်း၊ ပါတီထဲကမတင်ချင်ရင် တပ်ချုပ်အနေနဲ့ ယခင်ကကာချုပ်(ရေ) ဦးဥဏ်ထွန်းကို ဒုသမ္မတတင်ခဲ့ပြီးလို့ အခုတခါ အလှည့်ကျ ကာချုပ်(လေ) ဗိုလ်ချုပ်ကြီး  ခင်အောင်မြင့်ကို ဒုသမ္မတ တင်နိုင်တယ်လို့ တပ်မတော်အရာရှိ (ငြိမ်း) နှစ်ဦးထံမှ သိရပါတယ်။

“ မင်္ဂလာပါ အကိုကြီး၊ ဟန်ဂေါ (စစ်သုံးဝေါဟာရ-သတင်း) တွေ ဗလပွ ထွက်နေလို့ ကျေးဇူးပြုပြီး ညီကို

ကူညီပေးပါဦး။ ပထမ တပ်ချုပ်က (၅)နှစ် ဆက်လုပ်မယ်ဆိုပြီး သတင်းထွက်လာတယ်။ ဟုတ်လား၊”

“ ညီလေး၊ ကိုယ် စစ်ရေးချုပ်ရုံးမှာနေခဲ့တုံးက ဦးသန်ရွှေဟာ လိုအပ်ချက်အရ ကကနကောင်စီ၊ ဥပဒေဆိုပြီး တနှစ်တခါ သက်တမ်း တိုး တိုးသွားတယ်။ အထက်အကြီးအကဲ ခွင့်တောင်းရမည်လို့ ပါတယ်။ သိတဲ့ အတိုင်းဘဲ အဖိုးကြီးက သူ့တစ်ယောက်ထဲ ဆိုတော့ စာ ကိုဟိုဖက်စားပွဲက ဒီဘက်စားပွဲပေါ့”

“ ဟုတ်တယ်နော်အကိုကြီး။ ကျွန်တော်လည်း စစ်ရုံးမှာ ဂေါက်ပွဲဧည့်ခံရတုံးက ဗိုလ်ချုပ်မောင်လှကြီးက လူဖြောင့်ကြီးဆိုတော့ အင်း … အသက်တွေကြီးလာပြီ၊ ပင်စင်လည်း မယူနိုင်ကြသေးဖူး ဆိုပြီး ပွစိပွစိ၊ သူလည်း မကြာပါဖူး၊ အသစ်စက်စက် လဝကဝန်ကြီး လွင့်သွားတယ်။ အဲဒီတော့ ဇာတ်လမ်း ဆက်ပါဦး။ လက်ရှိ ဆရာက မင်းသား(တပ်ချုပ်)က ဘယ်လိုလုပ်နိုင်သလဲ။”

“ယခုခေတ်ကတော့ အထက်အကြီးအကဲက သမ္မတ ဦးသိန်းစိန် ဖြစ်နေပြီ။ တပ်ချုပ်က သမ္မတကို တင်ပြရမှာပေါ့။ ဒါကြောင့်တနှစ် Extension ဆက်ရသွားတယ်။”

“ပြည်ထဲရေးဝန်ကြီးက ကိုမြထွန်းဦး ကြားနေရတယ်။ နောက်ပြီး ဒုသမ္မတက အမျိုးမျိုး ထင်ကြေး ပေးနေတယ်။ လုပ်ပါဦး၊ ပြည်သူတွေက သိချင်နေကြတယ်။”

“ဒုသမ္မတက ဒုတပ်ချုပ်နဲ့ ကာချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးက ယခင် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး ဖြစ်မှာပါ။”

“ ဒါဆိုရင် ကိုမြထွန်းဦးက ကိုစိုးဝင်းနေရာ ဝင်နိုင်ပြီး ဒုတပ်ချုပ်နဲ့ ကာချုပ်(ကြည်း) မူလလျာတဲ့အတိုင်း သူက ဖြစ်မယ်လို့ မှန်းပါတယ်။ ယခုလို ကူညီတာ ကျေးဇူးတင်ပါတယ်၊ အကိုကြီး။ လေးစားပါတယ်။”

၁၃။ အထက်ပါဆောင်းပါးအပိုင်းမှာ ဖေါ်ပြခဲ့တဲ့ ဒုတပ်ချုပ်နဲ့ကာချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို ဒုသမ္မတအဖြစ် တင်ပေးမယ်လို့ပြောခဲ့တဲံ့ စာရေးသူမိတ်ဆွေ အရာရှိကြီးဟာ ဦးမြင့်ဆွေ တင်တဲ့
သတင်းကြောင့် စိတ်ပျက်ဟန်သွားဟန်တူပြီး ဖုံးမကိုင်သလို တခါတရံ ဖုံးပိတ်ထားပါတယ်။ စာရေးသူက ဒီသတင်းဆက်လိုက်ကြည့်ရာမှာ ရောင်းရင်းမိတ်ဆွေ ဆရာဂါမဏိနဲ့တွေ့ဆုံတုံးမေးကြည့်ရာ ဒီသတင်းမှန်ကြောင်း၊ ဒါပေမဲ့ သူကိုယ်နှိုက်က နိုင်ငံရေးလောကကို ဝင်ဖို့ ငြင်းခဲ့လို့တပ်ချုပ်က အားနာပြီး နောက်ဆုတ်ဟန်တူပါတယ်။ စာရေးသူသိရသလောက် ကိုစိုးဝင်းကို MPC အသိုင်းအဝိုင်းက လိုလားမျှော်လင့်ထားသလို ထိပ်သီးတွေ့ဆုံပွဲ ပတမအကြိမ်တုံးကမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုစိုးဝင်းက ရိုရိုသေသေ လက်နှစ်ဖက်နဲ့ နှုတ်ဆက်လိုက်တာတွေ့ရလို့ ဆက်ဆံရေးကောင်းမွန်ပြီး ဒုတပ်ချုပ်ဖြစ်တာမို့ ပါတီ၊တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါပါဝါရှိရှိ အခင်းအကျင်းပိုလှသွားနိုင်ပါတယ်။

၁၄။ ဦးမြင့်ဆွေတက်လာဖို့ရှိနေကြောင်း နှစ်ဆန်းပိုင်းကပင် တင်ပြခဲ့တဲ့ စာရေးသူရဲ့တပ်မတော်ရဲ့အမျိုး သားနိုင်ငံရေးစစ်မှန်သွားရေး တိုက်တွန်းချက်အပိုင်း(၂)ဆောင်းပါးထဲမှ ပြန်လည်ကောက်နှူတ်တင်ပြရရင် …

“ထိပ်သီးဆွေးနွေးပွဲတွေမှာ အနာဂတ်သမ္မတ ဘယ်သူဖြစ်လာနိုင်မလဲ ဆိုတာ ပြည်သူလူထု သိချင်နေကြ
ပါတယ်။ ဒီသတင်းကို ခက်ခက်ခဲခဲ လိုက်လံ စုဆာင်းနေရလို့ ဒီဆောင်းပါးကို အဆုံးသတ်ဖို့ နောက်ကျနေရပါတယ်။ သမ္မတလောင်းအဖြစ် အဆိုပြုခံရသူရဲ့ မဟေသီ (ဒေါ်ခင်သက်ဌေး) ဇာတိနဲ့ နီးစပ်တဲ့ သူတစ်ဦးဟာ  မိမိနဲ့ မူလကတည်းကရင်းနှီး သိကျွမ်းသူဖြစ်တာမို့ ယုံကြည်စိတ်ချရလောက်တဲ့ သတင်းတစ်ရပ် ရရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ စာရေးသူအနေနဲ့ စစ်ရုံး၊ စစ်ဌာနချုပ်တွေမှာ နေခဲ့တဲ့ အတွေ့အကြုံအရ အဆိုပါ သတင်းထွက်သူ တပ်မတော်အရာရှိကြီးဟာလည်း ဦးသန်းရွှေရဲ့ တပည့်ရင်းတွေနဲ့ တန်းတူ လက်ဇောင်းထက်သူဖြစ်လို့ ဆက်စပ် သုံးသပ်ကာ ဖြစ်နိုင်တယ်လို့ ထပ်မံ အတည်ပြုလိုက်တာ ဖြစ်တယ်။ တွေ့ဆုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန်းရွှေက လာမဲ့သမ္မတလောင်းအဖြစ် (ဒုသမ္မတဆိုလို) အဆိုပြုလိုက်ဟန်တူတဲ့သူဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ကြောင်း ရုတ်တရက် သိလိုက်လို့ အံ့သြခဲ့ရပါတယ်။ သူက တပ်မှာ ဒုဗိုလ်ချုပ်ကြီး၊ DSA 15၊ စစ်ဦးစီး ဗိုလ်မှူးချုပ် စစ်ဆင်ရေး၊ ထောက်လှမ်းရေးမှူးချုပ်၊ ကစထမှူး၊ ဖြစ်ခဲ့ပြီး ဦးသိန်းစိန် လက်ထက်ကပင် သူ့ ကို ဒုသမ္မတအဖြစ် အဆိုပြုခံဖူးပါတယ်၊ သူ မိသားစုလည်း သြစတြလျနိုင်ငံသားနဲ့ ငြိနေလို့ နောက်တလှမ်းဆုတ်ပြီး လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေကို အနည်းငယ်ပြင်ဆင်ပေးခဲ့ပါတယ်။”

“ဖိုးလပြည့်က သမ္မတနဲ့ တပ်ချုပ်ကို အသိပေးထားပြီးသားပါ ဆိုတာ လေးစားမှုသမှု မလုပ်ခဲ့လို့ သိခဲ့ရင်တောင်  လက်မခံဘဲ မာမာထန်ထန် တုံ့ပြန်လာတာ ဖြစ်တယ်။ ဦးရွှေမန်းလုပ်တဲ့ လမ်းကြောင်းကို သူတို့က လက်ခံမှာ မဟုတ်တာ မသိတဲ့ ဖိုးလပြည့် အတွေ့အကြုံနုမှန်း သိသာတယ်။သူက အမှတ်ရမလားလို့ ထ လုပ်လိုက်တာ နယ်ရုပ် ပွန်းဖြစ်သွားတာပေါ့”

“ ဦးမြင့်ဆွေက ယခု ဒုသမ္မတ ဦးဥဏ်ထွန်း ထက် စီနီယာကျသူဖြစ်တဲ့အပြင် တပ်မတော်ထိပ်ပိုင်းကို တက်
လာသူ ဗိုလ်ချုပ်ကြီးတော်တော်များ သူ့ထံဦးခိုက် ဝင်ပြီးမှ ဦးသန်းရွှေထံ သွားရတဲ့ အနေအထားဖြစ်ကာ
စစ်ဆင်ရေးဆိုတဲ့အတိုင်း အာဏာအပြင်းဆုံး key ဌာနကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ လက်တဖက်ဆိုင်းသွားသည်အထိ အလုပ်ကြိုးစားပြီး စစ်ဦးစီးဆိုင်ရာ ကျွမ်းကျင်သူအဖြစ်နံမည်ကြီးကာ ဦးသန်းရွှေက သူ ထမင်းခပ်ကျွေးမှ စားသူဖြစ်တယ်၊ သူ တိုင်းမှူးဖြစ်စဉ်က တပ်ရင်းမှူးတစ်ဦးဟာ လက်ဆောင် ပဏ္ဏာများနဲ့  သယ်ပေးလာတာကို လက်မခံဘဲ ကားပေါ်ကို တပ်ရင်းက စစ်သည်အတွက် ဆန်ကို ပြန်တင်ပေး တဲ့အထိ အဂတိတရား လာဘ်ပေးလာဘ်ယူ သတင်းမထွက်သူဖြစ်ပါတယ်( လို့ ဆိုကြပါတယ်) ။ ”

“မဟေသီဒေါ်ခင်သက်ဌေးဟာ မွန်စပ်သူ သထုံသူဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်မိသားစုအား တခါက ကျိုက်ထီးရိုး  မွန်ပြည်နယ် ဘုရားဖူး ခရီးစဉ် ဦးဆောင် ခေါ်လာနိုင်သူအဖြစ်သိရပါတယ်။ ဒေါ်ကြိုင်ကြိုင်က ဒေါ်ခင်သက်ဌေးကို ရန်ကုန်ဟာ အရေးကြီးတဲ့နေရာမို့ ခဏသွားလိုက်ပါ ၊ ပြန်ကြည့်ပေးမယ် ဆိုပြီး ၂၀၁၀ခုနှစ် ရွေးကောက် ပွဲအပြီးလို့ အိမ်တော်ကြီးနဲ့ နီးစပ်သူများထံမှ စာရေးသူ သိခဲ့ရဘူးပါတယ်။ သူနဲ့ ပတ်သက်ပြီး ကြားရတဲ့ အချက်တွေက ဦးမြင့်ဆွေဟာစစ်ရုံးမှာယခုသမ္မတဦးသိန်းစိန်နဲ့ တာဝန်ချိန်းပြီး စံချိန်တင် ရုံးမှာအထိုင်များလို့  Staff type သာကျွမ်းပြီး commander type မဟုတ်လို့ သမ္မတတာဝန်ပေး ရန် သင့်မသင့်ချိန်ရပါမယ်။ ”

 

အထက်မှာ ဖေါ်ပြခဲ့တဲ့သတင်းအတိုင်း ဆိုရင်ဦးသန်းရွှေက ဦးမြင့်ဆွေကို ပြန်ကြည့်ပေးဖို့ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့စဉ်က တိုက်တွန်းခဲ့ရာ ဒုသမ္မတ သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆက်ခန့် ဖို့ လိုလားတယ်လို့ ခန့်မှန်းပါတယ်။ “ရွှေဝါရောင် အရေးအခင်းကာလမှာ သူဟာ ကစထမှူး နဲ့ တုံ့ဆိုင်းတွေဝေနေတယ်ဆိုလို့ ဦးရွှေမန်းက ဖိအားပေးခဲ့သလို မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲ နှိမ်နှင်းရာမှာ ရဲအပြင် စွမ်းအားရှင်များ သုံးလို့ နံမည်ပျက်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ တပ်မတော်က လက်ခံ မခံ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ်မှာ မူတည်သလို အဓိက key ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စဉ်စားဆုံဖြတ်ရမှာ ဖြစ်ပါတော့တယ်။”

 

“လက်ရှိ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေကို ကျေးဇူးဆပ်ချင်လို့ သြဇာလိုက်နာမလား ဒါမှမဟုတ် တပ်ချုပ်ကိုယ်တိုင်ကဘဲ လူ့အတ္တပီပီ ဥပယ်တမျဉ် ဇတ်လမ်းထွင် လုပ်မလား ဆိုတာကတော့ ပိတ်ကားပေါ်ေ စာင့်ကြည့်ရမှာဖြစ်တယ်။” လို့စသည်ဖြင့် ဖေါ်ပြခဲ့ဖူးပါတယ်။

၁၅။ တပ်ချုပ်ကိုဝေဖန်ပါမယ်၊ … ဦးမြင့်ဆွေကို တင်လိုက်လို့ “သူရဲကောင်းပုံရိပ် စွန့်လွှတ်ပြီး ကျေးဇူးဆပ်လိုက်ပြီလား ကိုမင်းအောင်လှိုင်ရယ်” လို့မေးရပါတော့မယ်။ ဒီနေရာမှာ စာရေးသူအနေနဲ့သုံးနှုံးဖို့လိုသွားတာက “တပ်ချုပ်ကိုယ်တိုင်ကဘဲ  လူ့အတ္တပီပီ ဥပယ်တမျဉ် ဇတ်လမ်းထွင် လုပ်မလား ဆိုတာကတော့ ပိတ်ကားပေါ်စောင့်ကြည့်ရမှာဖြစ်တယ်။ ”  ဆိုတဲ့အစား “ပြည်သူ့သူရဲကောင်းပုံရိပ် ဆွတ်ခူးသွားမလား”ဆိုပြီး ရေးသားလိုက်ရမှာဖြစ်ပါတယ်။ အဲဒီတုံးက ကက (ပြည်) ညွှန်မှူး ဗိုလ်ချုပ်အောင်ရဲဝင်းနဲ့ဝန်ကြီးဦးရဲထွဋ်တို့မာမာထန်ထန် တုန့်ပြန်ချက်အရ ( တပ်ချုပ်နဲ့ သမ္မတတို့ရဲ့ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြလို့) လူ ပုဂ္ဂိုလ်ကိုးကွယ်တဲ့ အစဉ်အလာမှ တပ်မတော်က ရုန်း ထွက်လိုက်ကြပြီ၊ စစ်မှန်တဲ့ အမျိုးသားနိုင်ငံရေး လုပ်လာတော့မယ်စသဖြင့် ထင်မြင်ယူဆလာကြကာ ကြားရသူ  တပ်မတော်သားများအဖို့ အံ့အားသင့်ကြိုဆိုခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ကတပ်ချုပ်ဟာ ပုဂ္ဂိုလ်ရေးသစ္စာရှိတာကို ပြည်သူ့သူရဲကောင်းပုံရိပ်နဲ့ လှဲလှယ်လိုက်ပြီဖြစ်ပါတယ်။

၁၆။ အလျဉ်းသင့်လို့ တပ်စစ်ဆေးရေးသွားခဲ့စဉ်က တပ်ချုပ်က သစ္စာမဲ့သူတွေကြောင့် နိုင်ငံပြိုကွဲမလို ဖြစ်ရတယ်လို့ဆိုပါတယ်။ စစ်အာဏာရှင်တွေက သူတို့အပေါ် သစ္စာရှိသူသာ စိတ်ချရတယ်လို့သတ်မှတ်ထားရာ တိုင်းပြည်နဲ့ လူမျိုး၊ တပ်မတော်တို့ အပေါ်သစ္စာရှိရာမယ် ဆိုတာနဲ့မရောထွေးစေလိုပါ။ ယနေ့ခေတ်ကပြောင်းလဲနေပြီဖြစ်ရာ Mind –Set လို့ခေါ်တဲ့ ပုံသေအတွေးအခေါ် လှေနံဓါးထစ် မရှိသင့်တော့ဘဲ တပ်မတော်ရဲ့ပုံရိပ်မထိခိုက်အောင် ရဲရဲတင်းတင်း ပြောင်းလဲ လုပ်သင့် လုပ်ရပါမယ်။ သစ္စာရှိစတမ်းဆိုရင် တပ်ချုပ်ရဲ့ကျေးဇူးရှင် ဦးသန်းရွှေဟာ ဦးစောမောင်ကြီးကို တရားမဝင် အာဏာသိမ်းတာမျိုးကြတော့ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ဦးစောမောင်ကြီးဟာ စစ်သားစစ်စစ်တစ်ဦးဖြစ်ကာ ကျန်မာရေးမကောင်းတာကို အကြောင်းပြုပြီး အတွင်းကျတော့ အနိုင်ရ NLD ကို အာဏာလွှဲပေးလိုက်ရမှာစိုးလို့ ဖြုတ်လိုက်တာဟာ တရားရဲ့လား မေးစရာဖြစ်လာသလို ဦးနေဝင်းကျတော့ အသုဘတောင် ချိုးနှိမ်ပြီး ထိန်းချုပ်တာမျိုး၊ စစ်သမိုင်းပြတိုက်မှာ တပ်ချုပ်တာဝန် ထမ်းဆောင်သူတွေရဲ့ဓါတ်ပုံတချို့ကို မနှစ်မြို့လို့ဖြုတ်ခိုင်းထားတာ၊ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို ရုံးတွေ မှာဖြုတ်ချခိုင်းတာတွေ (စာဖတ်သူကြီးက ဒါတောင် အလေးစားဆုံးခေါင်းဆောင်လို့နန်းကျပြီးမှ ပြောတာ သံဝေဂ ရ) ဟာ မိမိအထက်လူကြီးအပေါ် သစ္စာရှိမှူ အတိုင်းအတာ သုံးသပ်သင့်ပါတယ်။ တကယ်တော့ သစ္စာရှိရမှာ တခုတည်းကတော့ ပြည်သူလူထုအပေါ် သစ္စာရှိရမယ်ဆိုတဲ့ သစ္စာလေးချက်အဓိကဖြစ်ပါတယ်။

၁၇။ ဦးသန်းရွှေဟာ သူလုပ်ခဲ့တဲ့ ဦးစောမောင်၊ ဦးနေဝင်းတို့ ဆရာစော်ကားတဲ့အတွက် ဝဋ်လည်မှာ အမြဲစိုးရိမ်စိတ်ဝင်နေပြီး သူမိသားစု၊ ကိုယ်ကျိုးစီးပွါးကို အသေအလဲခုခံပေးမဲ့ဦးမြင့်ဆွေကို တင်နေတာဟာလည်း သိသာလွန်းပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က သင်ပုန်းချေမယ် ပြောနေတဲ့အပြင် တပ်ချုပ်ကလည်းရှိနေတဲ့အတွက် စိတ်ချသင့်ပြီး သူပြောစကား နားမထောင်တာကို သစ္စာမဲ့တာနဲ့ ဆက်စပ်မသင့်ဖူးလို့မြင်ပါတယ်။

၁၈။ တပ်ချုပ်အနေနဲ့ရဲရဲတင်းတင်း ပုံရိပ်ကောင်းတဲံ့ ဗိုလ်ချုပ်ကြီးတွေတင်ရင် တပ်ချုပ်ပုံရိပ်ထိုးတက်လာဖို့ဘဲ ရှိပါတယ်။ မင်းကစစ်သားလုပ်ခဲ့တာဘဲ၊ နီးရာဓါးကြောက်နေရတယ်ဆိုရင် တပ်ကိုင်ထားနေတာဘဲ ဘာလို့
ကြောက်နေရတာလဲ၊မေးစရာရှိတယ်။ တကယ်လို့ဦးသန်းရွှေက ဦးရွှေမန်းကို ဖြုတ်သလို့အင်အားသုံးဖြုတ်မယ် ဆိုခဲ့ရင်တောင် တပ်ချုပ်အပေါ်သက်ရောက်မှူကြီးမားကာ တပ်မတော်မျိုးချစ်အရာရှိများက လက်ခံကြမှာမဟုတ်သလို ပြည်သူလူထုကပါ ဝိုင်းရံပေးကြမှာဖြစ်ပါတယ်။  ပြည်သူ့ဘက် ရပ်တည်တဲ့ ပြည်သူ့သူရဲကောင်းဖြစ်မှာ သေချာပါကြောင်း တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗိုလ်ထက်မင်း – ပြည်သူ့သူရဲကောင်းပုံရိပ်နဲ့ ပုဂ္ဂိုလ်ရေးသစ္စာရှိမှု ဘယ်ဟာက ပိုအရေးကြီးပါသလဲ ကိုမင်းအောင်လှိုင် (နိဂုံး)

Comments are closed.