သရော်စာ

အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ

 အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ

(မိုးမခ) မတ် ၉၊ ၂၀၁၆

ခက်သေးရွာကြီးကား နံမည်နှင့် လိုက်အောင်ပင် ခက်ကို ခက်တော့သည်။ ပညတ်သွားရာ ဓာတ်သက်ပါဟုသာ ဆိုရပေမည်။

ခုလည်း ခက်သေးရွာ၏ အစဉ်အလာမပျက် လွယ်လွယ်ပြီးရမည့် သမဒဂျီးလဲသည့် ကိစ္စမူကား တစ်လစ်ကြီး ဖြစ်နေလေတော့ သည်။ ဆင်ပြောင်ကြီး အမြီးကျမှ တစ်သကဲ့သို့ ခက်သေးရွာသမဒဂျီးတာဝန် လွှဲပြောင်းပေးရေးကား ဘပြောင်တို့ကြောင့် တန်းလန်း တစ်လစ် ဖြစ်နေသည်မှာကား ၃ လပင် ရှိချေပြီ။

ခက်သေးရွာကား မဟုတ်သည့် နေရာများတွင် တခြားရွာများ၏ ထိပ်မှ ဘက်ပေါင်းစုံ နေရာယူထားလေသည်။ ရွာပေါင်းစုံ ကျန်းမာရေးအဆင့်တွင်ကား ကမ္ဘာ့ရွာပေါင်း ၁၉၀ တွင် အဆင့် ၁၉၀ ရရန်မှာ တော်ရုံတန်ရုံ အရည်အချင်းဖြင့် မရနိုင်ချေ။ ဘပြောင်အပါအဝင် ခက်သေးရွာလူကြီး အဆက်ဆက်တို့ကို ကျေးဇူးတင်ဘွယ် ကောင်းလှပေတော့သည်။

”ဟေ့ကောင် ဖွတ်ကလေး
ငါတိုရွာက သမဒဂျီးလဲပွဲကလည်း ကြာလှချေလား
…၊ ရွေးကောက်ပွဲပြီးတာများ ဗိုက်မပေါ်ခင်ခိုးပြီး လက်ထပ်တာဆိုရင် အခုဆို ကလေးတယောက်တောင် ရလောက်ပြီ”

အီကြာအော်က အားမလိုအားမရဖြင့် ဖွတ်ကလေးကို ပြောလိုက်လေသည်။

”ခက်ဆို…..၊ မခက် ခက်အောင်လုပ်ထားတာကိုး ဆရာအော်ရဲ့”

”အေးပေါ့ကွာ 
မဟုတ်ရင် လွယ်တာကို ခက်အောင် လုပ်တတ်တဲ့ ခက်သေးရွာရဲ့  ထုံးတမ်းအစဉ်အလာကြီး ပျက်သွားမှာပေါ့”

လွယ်လွယ်လေးကို ခက်အောင်လုပ်သည့် နေရာတွင်ကား ခက်သေးရွာလူကြီးများကို တခြားရွာမှလူကြီးများ မည်သို့မျှ မ ယှဉ်နိုင်ပေ။

ကမ္ဘာ့ ရွာပေါင်းစုံ လွယ်သည်ကိုခက်အောင်လုပ်တန်း ပြိုင်ပွဲရှိလျှင်ကား ခက်သေးရွာက နှစ်စဉ် ချန်ပီယံဆုကို ဆွတ်ခူးမည်မှာ မြေကြီး လက်ခတ် မလွဲပေ။

”ထုံးစံအတိုင်း တို့ ခက်သေးရွာသားတွေ ပျော်သွားအေင် ထင်ပါတယ်ကွာ”

”ဟာ ဆရာအော်က လုပ်တော့မယ်
…၊ ဘယ်လိုလုပ်ပြီး ပျော်မှာလည်း”

”မင်းကလည်း ဖွတ်ကလေးရယ်…..၊ သူများရွာတွေမှာ ဒီမိုကရေစီ ၁ ကျပ်ဖိုး အပြည့်ရတာများ တို့ခက်သေးရွာက ၃ မတ်ဖိုး လောက်တောင် မပျော်ကြရဘူး”

”ဒါဆို ကျုပ်တို့ ခက်သေးရွာကလူတွေ တော်တော်ကို ပျော်တတ်တာပေါ့နော်”

”အေးပေါ့ကွ
အရင် မဆလ သမဝါယမခေတ်ကဆို ဆီတဆယ်သား၊ ဆန်တပြည်၊ ဆပ်ပြာခဲတခဲလောက် မဲပေါက်ရင်ကို တို့ရွာသားတွေက ပျော်ကြတာ၊ ဒီဘက်ခေတ်ကြတော့ မီးကလည်းခဏခဏ ပျက်တော့ မီးလာရင် အရမ်းပျော်ပေါ့”

”ဒါနဲ့ အမေပုကို ကျုပ်တို့ တရွာလုံးက သမတဂျီး ဖြစ်စေချင်တာ အခုတော့ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်၊ ၅၉  ဆိုလား ၆၀ ဆိုလားကြောင့် အမေပုလည်း တစ်နေတာတဲ့”

အမေပု၏ ဒေါင်းပါတီမှ ရွာလုံးကျွတ် ရွေးကောက်ပွဲတွင် အနိုင်ရထားသောကြောင့် သမဒဂျီးရာထူးအပါအဝင် ရွာလူကြီး အသစ်များကို ရွေးမည် ဖြစ်သည်။

”အေးပေါ့ကွ အမေပုကို ရွာသမဒဂျီး လုပ်လို့မရအောင် တမင် လုပ်ထားတာကိုး”

”ဘယ်သူကများ လုပ်ထားပါလိမ့် ဆရာအော်”

”ဘယ်သူရှိရမှာလည်း ဘပြောင်တို့ ရွာလုံခြုံရေး အုပ်စုပေါ့ကွ” တို့ရွာကလည်း ကင်းလေးဘာလေးစောင့်ဘူး ရွာလုံခြုံရေး လုပ်ဘူးရင် သူတို့ပဲ နေရာတကာ ရွာလူကြီးတက်လုပ်ချင်တာကိုးကွ”

”ဟုတ်မယ် ဆရာအော်
…၊ ဒါကြောင့် ဝါးထားပါတီ ထောင်ပြီး ဇီးသီးဗန်းတွေချည်း မှောက်တာကိုး…၊ 
ဒါနဲ့ ဘယ်သူ သမတဂျီး ဖြစ်မယ်ထင်သလည်း ဆရာအော်”

”မင်းကလည်း ခက်သေးရွာသားပီပီ မသိတဲ့သူက မတတ်တဲ့သူကို လာမေးနေတယ်”

”သိဘူးလေ ကိုယ့်ဆရာဆိုတော့ ဆရာအော်များ အကြားအမြင်လေး ရှိသလားလို့ပါ”

ဖွတ်ကလေးက ထုံးစံအတိုင်း အီကြာအော်ကို မြှောက်၍ ဖားလေတော့သည်။

”အေးကွ 
တို့ခက်သေးရွာလည်း အကျင့်တွေက မပျောက်တော့ မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလိုပဲဟေ့”

”ဘာလို့များ မစားရတဲ့အမဲကို သဲနဲ့ပက်ရတာလည်း၊ လူကြီးရွေးပွဲနဲ့ သဲနဲ့ ဘာဆိုင်လည်း ဆရာအော်”

”မင်းကလည်း တယ်နားဝေးသကိုး
…၊ ကိုယ်သမတဂျီး မဖြစ်ရင် အမေပုမဖြစ်နိုင်အောင်လို့ သဲနဲ့ပက်ထားတာပေါ့ကွ”

”အော် ခက်သေးရွာကခြေဥဆိုတာ သဲပုံကြီးပဲပေါ့နော်”.

ထိုစဉ်အခါတွင် မီးဖိုချောင်မှထွက်လာသော ဒေါ်အွန်မေးက အီကြာအော်တို့ ဆရာတပည့် ၂ ယောက်ကို လှမ်း၍ မန့်လိုက် လေသည်။

”ကိုအော်ရေ
…၊ရှင်တို့ အမဲသဲနဲ့ပက်တာ အသာထားလိုက်ဦး၊ အခုနွေရာသီရောက်လာပြီမို့ ကျုပ်တို့ခက်သေးရွာ ထုံးစံအ တိုင်း မီးတွေကနေ့စဉ်လို လောင်နေတယ်
၊ အခု မီးသတ်ဌာနက မီးကာကွယ်ဖို့ သဲအိတ်နဲ့ရေပုံးတွေ ထားရမယ်ပြောတယ်
၊

သဲအိတ်က အိမ်မှာမရှိလို့ ကိုခိုနီတို့ဆိုင်က သဲအိတ်လေး အကြွေးသွားဝယ်လိုက်ပါဦး၊ သမတဂျီးရွေးပွဲက ဘယ်မှ ထွက်ပြေး မှာ မဟုတ်ပါဘူး။ ထုံးစံအတိုင်း အချိန်ဆွဲ ပွဲကပြီး ကောင်းဖို့ဆို ကြာတတ်တဲ့ ကျုပ်တို့ ခက်သေးရွာအကြောင်းလည်း သိ သားနဲ့”

ဤသို့ဆိုလျှင် အီကြာအော်လည်း တို့လို့တန်းလန်းဖြစ်နေသော သမတဂျီးရွေးချယ်ပွဲအကြောင်း ဆွေးနွေးပွဲကို ဆိုင်းငံ့ထား ရင်း ခက်သေးရွာ၏ ပုံမှန်ရာသီစာ မီးဘေးကာကွယ်ရန်အလို့ငှာ ခိုနီဆူပါစတိုးသို့ သဲအိတ်အဝယ် ထွက်ခဲ့လေတော့သတည်း။ ။

သဗ္ဗေသတ္တာကမ္မသကာ
အီကြာအော်

 

သရုပ်ဖော် ကာတွန်းမောင်ရစ်အား ပြုပြင်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts