ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – မောင်လင်းယုန် (ရှမ်းပြည်) နှင့် ဘကြီးမိုး

မောင်မိုးသူ – မောင်လင်းယုန် (ရှမ်းပြည်) နှင့် ဘကြီးမိုး

(မိုးမခ) မတ် ၆၊ ၂၀၁၆

ကုမုဒြာ သတင်းဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည့် မောင်မိုးသူ ဆောင်းပါးဖြစ်သည်။

ပြီးခဲ့တဲ့နှစ် စာရေးဆရာသမဂ္ဂက အင်းစိန်ဘုန်းကြီးကျောင်းတကျောင်းမှာ သက်ကြီးကန်တော့ပွဲလုပ်တယ်။ အဲသည်ပွဲမှာ  သမဂ္ဂရဲ့ နာယကများဖြစ်တဲ့ ခင်ဆွေဦး၊ မောင်လင်းယုန် (ရှမ်းပြည်)၊ ဇော်ဇော်အောင်နဲ့ ဘကြီးမိုးတို့က ကန်တော့ခံပုဂ္ဂိုလ် များအဖြစ် တက်ကြပါတယ်။

မေဦး (ခင်ဆွေဦး) နဲ့ ရှမ်းကြီးတို့က ရွယ်တူ၊ ဇော်ဇော်အောင်နဲ့ ဘကြီးမိုးတို့က သုံးနှစ်ကြီးပြီး ရိုးကြတာ၊ ရှင်းကြတာ၊ သ ဘောကောင်းကြတာ တူတယ်။ ချစ်ဖို့ ခင်ဖို့ အလွန်ကောင်းပြီး စလို့နောက်လို့တော့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်က သူတို့ကို စလို့ စမှန်းမှ မသိတာ။ အခုတော့ ဇော်ဇော်အောင် ကွယ်လွန်တာလည်း တလကျော်ပေါ့။ ရှမ်း ကြီးက ကွယ်လွန်ပြန်ပါပြီ။

ဘကြီးမိုး ဇော်မြင့် အသုဘကို သူ့သမီး မိုးမိုးက ဘဘပင်ပန်းတယ်၊ လိုက်မပို့နဲ့လို့ ပြောတဲ့ကြားက ရေဝေးကို လိုက်ပို့ခဲ့ပါတယ်။ မသေသေးဘဲ ကျန်ရစ်သေးတဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ရချင်လို့ပါ။

ခုလည်း ရေဝေးသွားဖို့ စိတ်ထဲမှာ ချိန်ဆနေတုန်း မနက်တိုင်း မောနင်းစတားမှာ ဆုံနေကျ ဗိသုကာညွန့်ဝင်းလေးက  ဦးရှမ်း အသုဘ ပို့ရအောင်ဆိုပြီး အဖော်စပ်ပါတယ်။ ဒါနဲ့ သားငယ် ညီညီကို ချောဆွဲပြီး ရှမ်းကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ ဖြစ်ပါတယ်။

ရှမ်းကြီးဟာ ဘကြီးမိုးထက် သုံးနှစ်ကြီးပါတယ်။ သူ့ကို ရန်ကုန်တက္ကသိုလ်က စာပေသမားများအဖြစ် ညွန့်ကြူးတို့၊ သိန်းသန်း ထွန်း၊ ထွန်းထွန်းတို့နဲ့အတူ သိတာပါ။ ဘကြီးမိုးကတော့ မန္တလေးတက္ကသိုလ်က ကဗျာဆရာ၊ စာရေးဆရာပေါ့။ ရှမ်းကြီးက အင်းစိန်မှာ နေတယ်။ အင်းစိန်က ကဗျာဆရာတွေကို အင်္ဂလိပ်စာသင် ၊ ကဗျာသင်လုပ်တာ။ သူက  အင်္ဂလိပ်ကဗျာတွေ အ တော်ရူးတယ်။

တခါက ဘကြီးမိုး၊ အောင်လွင်၊ နုနုရည်တို့နဲ့အတူ မုံရွာစာပေဟောပြောပွဲအသွား မုံရွာ ကားလမ်းနံဘေးချောင်းစပ်က ပန်း တောကိုမြင်တော့ တင်နီဆင်ရဲ့ ကဗျာရွတ်ပြီး ချောင်းနံဘေးက ဒက်ဖဒီးလ်ပန်းတွေတဲ့။ ဘကြီးမိုးက မဟုတ်ပါဘူး ရှမ်းကြီး ရာ၊ အဲဒါ ချောင်းစပ်က နှမ်းပန်းတွေပါလို့ ပြောရသေး။

ရှမ်းကြီးဟာ ဘကြီးမိုးဆီမှာ ကြွေး ၃၀၀ ရစရာရှိတယ်ဆိုပြီး အမြဲတောင်းလေ့ရှိပါတယ်။ အဲဒါကလည်း ဇာတ်လမ်းတစ်ပုဒ်ပဲ ခင်ဗျ။ ရှမ်းကြီးက ရန်ကုန်ကနေ မန္တလေး ဘကြီးမိုးတို့အိမ်မှာ လာပြီးတည်းနေပါတယ်။ ဘကြီးမိုးတို့အိမ်ဆိုပေမဲ့ ဘကြီးမိုးရဲ့ ဇနီး အမာရဲ့အိမ် ခပ်သေးသေးလေးပါ။ ရှမ်းကြီးတည်းနေတုန်း ငဝက် (မောင်စွမ်းရည်) က မပြုံးကိုခိုးပြီး အမာတို့ အိမ်ပဲလာ တာလေ။ သည်တော့ ရှမ်းကြီးရေ မင်းတည်းခိုခန်းတခု သွားအိပ်ပေတော့ဆိုပြီး မောင်းချရပါတယ်။

အဲသည်တုန်းက မန္တလေးမှာ တည်းခိုခန်းဆိုတာလည်း မရှိသလောက်ရှားတယ်။ အိန္ဒိယတည်းခိုခန်း တခုပဲရှိထင်ရဲ့။ အဲ သည် တည်းခိုခန်းကို ရှမ်းကြီးပို့ထားတုန်း တည်းခိုခန်း သူ့ခေါင်းအုံးအောက်က သူ့ပိုက်ဆံ ၃၀၀ ပျောက်သွားပါတယ်။ ဒါကို မောင်မိုး မင်းမှာတာဝန်ရှိတယ်ဆိုပြီး တသက်လုံး ကြွေးတောင်းလို့ မဆုံးပါဘူး။

တကယ်က သူပျောက်သွားတဲ့ ပိုက်ဆံကို ဒေါ်ဒေါ် (လူထုဒေါ်အမာ) ဆီမှာ သွားတောင်းပြီးသားခင်ဗျ။ ဒါပေမဲ့ ဘကြီးမိုးက အိမ်မှာ အတည်းမခံဘဲ သူ့ကို တည်းခိုခန်း တည်းခိုင်းလို့ ၃၀၀ ပျောက်ရတယ်ဆိုပြီး အမြဲကြွေးတောင်းလေ့ရှိပါတယ်။

ရှမ်းကြီးဟာ ကဗျာသာ အရေးကောင်းတာ မဟုတ်ပါဘူး။ ရှားရှားပါးပါး ပြဇာတ်ရေးတဲ့သူခင်ဗျ။ ရန်ကုန်တက္ကသိုလ်က ညွန့်ကြူးတို့၊ မအူပင် လွင်ဦး၊ ထွန်းထွန်း (ဆေးသိပ္ပ္ပံ) တို့၊ သိန်းသန်းထွန်းတို့ဟာ ဘကြီးမိုးရဲ့ တက္ကသိုလ်ခေတ် စာပေအပေါင်း အသင်းတွေ ဖြစ်ပါတယ်။ ရှမ်းကြီးက အရိုးဆုံး ၊သဘောအကောင်းဆုံး ဖြစ်ပါတယ်။

အဲ ရှမ်းကြီးရဲ့ ညီမက တူးတူး ဖြစ်ပါတယ်။ တူးတူးက ကာတွန်းမြင့်သိန်းနဲ့ အိမ်ထောင်ကျတော့ တူးတူးမြင့်သိန်း ဖြစ်ရတာ လေ။ ကိုမြင့်သိန်းကတော့ ဘကြီးမိုးရဲ့ သောက်ဖော်စားဖက် ကာတွန်းဆရာ။ တချိန်သောအခါက ညစဉ်အတူထွက်၊ အတူ သောက်ခဲ့ကြတဲ့ လူများပေါ့။ ကာတွန်းမြင့်သိန်းက တညင် (သန်လျင်)  မှာ နေတာ။ ရန်ကုန် ကန်တော်လေးမှာ အိမ်ငှားနေက တည်းက ဘကြီးမိုးရဲ့ ဘော်ဒါ။ အဲသည်တုန်းက တူးတူးနဲ့ အိမ်ထောင်မကျသေး။ နောက် ဘောက်ထော် လေးလေး ဦး ထွန်းဝေတို့ အိမ်နားကိုရောက်မှ တူးတူးနဲ့ အိမ်ထောင်ကျတာ။ အဲဒါလည်း ကြာပေါ့။ တူးတူးရဲ့သမီး နော်ကူးမ မောင်မျိုး (မြန်မာစာ) နဲ့ အိမ်ထောင်ကျပြီး  သူတို့ကလေးကတောင် ပန်းချီဆွဲသေး။ ကိုမြင့်သိန်း ကာတွန်းဆွဲစဉ်ကတည်းက  အတူ ပေါင်း အတူသောက်လာခဲ့ကြတာ။ ကိုမြင့်သိန်းတို့ ညီအကို ဦးခင်တင့်နဲ့ကိုမြင့်သိန်းတို့က `စံရွှေမြင့်နှင့် လေးခင်ခင်´ ဇာတ် ကားရိုက်တော့ ဘကြီးမိုးက ဒါရိုက်တာလုပ်ရပါတယ်။ နောက် ရှစ်လေးလုံးခေတ်ရောက်မှ ကွဲသွားကြတာ။ ကိုမြင့်သိန်းနဲ့ အတွဲများပေမဲ့ ရှမ်းကြီးကတော့ ဘကြီးမိုးရှိတဲ့ အင်န်အယ်လ်ဒီအဖွဲ့ချုပ်ကို အမြဲလာပါတယ်။

ဘကြီးမိုးလည်း အစ အစ ဆိုတဲ့ အင်းစိန်က တင်မိုးတို့၊ ခိုင်မာတို့၊ ယဉ်မင်းပိုက်တို့ဆီ သွားနေကျ။ တင်မိုးတို့ ခိုင်မာတို့နဲ့လည်း ဆုံကြပေါ့။ ယဉ်မင်းပိုက်တော့ ရှမ်းကြီး အသုဘမှာ တွေ့ရပါ့။ ထိုနည်းတူ ကိုမြင့်သိန်းတို့ တူးတူးတို့လည်း တွေ့ပါ့။ ရှမ်းကြီး ယူထားတဲ့ ခန်းမ (၃) က ကျဉ်းလို့ အပြင်ဘက်ကခုံမှာ လယ်တွင်းသားစောချစ်ရယ်၊ ဘကြီးမိုးရယ်၊ ကိုဖေမြင့်ရယ် ထိုင်နေကြ တာကို သတင်းဓာတ်ပုံဆရာ တယောက်က ဆရာတို့က အပြင်မှာ တန်းစီနေကြတာလားတဲ့။ ဘကြီးမိုးက အလှည့်မရောက်ခင် အပြင်က စောင့်ရတာပေါ့ကွာလို့ ပြောလိုက်ရသေး ။

ဘကြီးမိုး အသက်ကတော့ မေမှာ ၇၉ ပြည့်မှာဆိုတော့ လယ်တွင်းသားစောချစ်က ကန်တော့တဲ့စာရင်းထဲ ထည့်ရမယ်လို့ ပြောသေး။

သည်လိုပါပဲ ဘဝသံသရာ သီချင်းထဲကလို တယောက်ဆင်းတယောက်တက် ဆက်လက်ထွက်ခွာပါပဲ။ သံသရာ ခရီး ရ ထားကြီးကတော့ ဆက်နေဦးမှာပဲ။ သွားနှင့် ကြသူများက သွားကြပေါ့။

မောင်လင်းယုန် (ရှမ်းပြည်) နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts