![]() |
ရွှေဝါရောင်တော်လှန်ရေး မြစ်ဖျားခံရာ မဂ္ဂင်ကျောင်းတိုက် အဟောင်း |
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) – ရွှေဝါရောင်မတိုင်မီ အမှတ်တရ နေ့ရက်များ (၁)
၂၀၀၆ခု၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့အပါအဝင်ကျောင်းသားအင်အားစုများ အဖမ်းခံရပြီးသည့် နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများ တန့်သွားသည်ဟုပြောနိုင်ပါသည်။ နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးလည်း တတ်နိုင်သည့်ဘက်မှ လှုပ်ရှားနေသည်။ တစ်ကိုယ်တော်လှုပ်ရှားသူ ကိုထင်ကျော်လည်း ပျောက်ကျားလှုပ်ရှားနေရသည်။ မြေနီကုန်း၊ စံပြဈေး လှုပ်ရှားလိုက် ပျောက်သွားလိုက် ရုံးကန်နေရသည်။ HIV Care လုပ် ဆောင်နေသူ မဖြူဖြူသင်းလည်းမနေသာ လှည်းတန်း၊ တာမွေ စသည်နေရာများတွင် Call ခေါ်ကာ လှုပ်ရှားနေကြရသည်။ ထောက်လှမ်းရေးဆိုတာကလည်း နေရာတိုင်းမှာ နောက် သတင်းပေးဆိုသူကလည်း နေရာတိုင်းမှာ အဖွဲ့တိုင်းမှာ အင်မတန်တင်းကြပ် သောကာလ ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီလူငယ်ထဲမှ ထင်ရှားသူမှာ မထက်ထက်ဦးဝေဖြစ်သည်။ ရွှေဂုံတိုင်လိုနေရာမျိုးမှာပင် ဦးဆောင်လှုပ်ရှား ဝံ့သူဖြစ်သည်။ နောက်ထပ်အပတ်စဉ် လှုပ်ရှားကြသူများမှာ နော်အုန်းလှ၊ မရင်ရင်မြတ်၊ကိုထွန်းထွန်းတို့ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့ဖြစ်သည်။ ရွှေတိဂုံဘုရားပေါ်တွင် အကြိမ်ကြိမ်အနှောက်အယှက်ခံရ။ ညစ်ပတ်ခံရသည်။ နောက်ဆုံး ဝတ်ပြုမည့် အင်္ဂါထောင့်တွင် ဆပ်ပြာရေများ ပက်ထားသည့် အဆင့်ထိနှောက်ယှက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံပါသောတီရှပ် ဝတ်သဖြင့်ဘုရားပေါ်တက်ခွင့်မရ။ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် နာမည်မဆိုထားနှင့် ပင်နီအင်္ကျီ၊ ကချင်ပုဆိုးဝတ်လျှင်ပင် အကြောင်းရှာဖမ်းဆီးနေပေသည်။ ၁၉၉၀ ရွေး ကောက်ပွဲနိုင်သောအမတ်များဆိုလျှင်နိုင်ငံခြားငွေ အကြွေစေ့လေး အိမ်တွင်တွေ့၍ နိုင်ငံခြားငွေလက်ဝယ်ထားရှိမှုဖြင့်အဖမ်းခံရသည်။ ရွှေကူအမတ်နှင့်ဖြစ်မည် ထင်သည် အခြား အပြစ်ရှာမရတော့ ဘိန်းပစ် အဖမ်းခံရပါသည်။
NLD မြို့နယ်စည်းကော်မတီများဆိုလျှင် ဖမ်းလျှင်လိုက်သွားရန် အိပ်ယာလိပ် အသင့်ပြင်ထားရသည်။ ထစ်ကနဲ့ရှိလျှင် တပ်ရင်း၊ တပ်မ ဧည့်ခန်းမများတွင် အကျယ် ချုပ်ဖြင့်သွားအိပ်နေကြရသော အခြေအနေဖြစ်သည်။ ဤမျှဖမ်းဆီးနေသည့်ကြားမှပင် ဒီမိုကရေစီရေးလိုလားသူများက ဖမ်းမှာဆီးမှာမကြောက် လုပ်မြဲတိုင်လုပ်ကြသည်။ အသက်ကိုပင်ပဓာနမထားဘဲ လုပ်နေကြသည်။ NLD ရုံးများလည်း ချိတ်ပိတ်ခံထားရ၍ ပေါ်ပေါ်တင်လှုပ်ရှားမရ။ ရုံးအနီးတွင် ထောက်လှမ်းရေးမျိုးစုံ။ ယုတ်စွအဆုံး အမျိုးသမီးရေးရာကတောင် သတင်းပေးအလုပ် လုပ်ကြရသည်။ ပုဆိုးစိမ်းလျှော်ထားသဖြင့် ကချင်ပုဆိုးဖြင့် ကျောင်းတက်သောဆရာအား အလုပ်မှ အနားပေးသည်အထိ ဖိနှိပ်ကြ သည်။
ထူးထူးခြားခြား ရန်ကုန်မြို့သို့လာကာ HIV ဆေးမရသဖြင့် ပခုက္ကူမြို့နယ် ကံမမှ ကိုတင်ကို ဆိုသူက မြေနီကုန်းတော်ဝင်စင်တာအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြ ခဲ့သည်။ ရဲများမှဖမ်းဆီးကာ မြောက်ဥက္ကလာဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး သံဇကာ များကာထားသော အဆောင်တွင် ချုပ်နှောင်သည်လား၊ ဆေးရုံတက်ခိုင်းသည်လား မ သိဘဲ ထားသည်။ မေးတော့လည်းနေပြည်တော် ကျန်းမာရေးဝန်ကြီးထံမှ ဖက်စ်ပြန်မလာသေး၍ ဟုဆိုက တံခါးလှပ်မပေးဘဲ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ချုပ် နှောင်ထားသည်များလည်း ရှိလာသည်။
နောက်ထပ်ထင်ရှားသောပွဲမှာ လှည်းတန်းပွဲဖြစ်သည်။ မစုစုနွေးလည်း ပါမည်။ မိမိတို့သံဃာများလည်း ပါမည် စသည်ဖြင့် စီစဉ်ထားသောပွဲဖြစ်သည်။ စုရပ်မှာလှည်း တန်းဈေးအောက်ဘက် ဆင်းသွားပြီး အထက်တန်းကျောင်းမရောက်မီ ဗာဒံပင်များ တွင် အုပ်စုလိုက် ရပ်နေရန်ဖြစ်ပြီး မိမိတို့သံဃာ့အင်အားစုမှာ ၃၄ ဘတ်စ်များကို နာရေးကားအသွင် ကွယ်လွန်သူအမည်တပ်ပြီး တံတားအနောက်နားမှ စောင့်နေရန်ဖြစ်သည်။ သို့သော် လက်ကိုင်ဖုန်း အားနည်းသည်က တစ်ကြောင်း၊ စောင့်ကြည့်သူများကို မျက်ခြေဖြတ်နေရသည်ကတစ်ကြောင်းကြောင့် မိမိတို့ နာရေးကားအသွင်ဆောင်ထား သောကား ပြန်မလှည့်မီမှာ တာထွက်ကြသည်။ ကားပြန်အလှည့်တွင် ယာဉ်ထိန်းရဲမှ ကားသမားကို လိုင်စင်စစ် အဖမ်းအဆီးရှိ၍ အငှားကားများဖြင့်လိုက်ကြရာ ပြည်မြန်မာ ကုန်တိုက်အကွေ့တွင် မီလိုက်သည်။ ထိုအချိန်တွင် မစုစုနွေးရှေ့မှာ စွမ်းအားရှင်ခေါင်း ဆောင်ကရပ်လိုက်ပြီး မင်းတို့ဘယ်သွားမှာတုန်းဟုမေးကာ ဆွဲတော့သည်။ မစုစုနွေးကလည်း ပြန်လည်ရုန်းကန်ရင် မိန်းကလေးကို အဓမ္မပြုနေပါသည်ဟုလည်း အော်လိုက် သည်။ ထိုလူက လက်လွှတ်လိုက်တော့ ဘေးမှကလေးမလေးနှစ်ယောက်မှ ဆွဲခေါ် သွားကာ လွတ်သွားသည်။ အခြားပါဝင်သူများကို ဟိုကောင်ပါတယ်။ ဒီကောင်ပါတယ် နှင့် ပွက်ပွက်ညံကာ ဒိုင်နာကားများပေါ် ဝက်များ ပစ်တင်သလိုတင်ကြသည်။ ချောက် မြို့မှ အိုးဝေဆိုသူမှာ ကားပေါ်မှ ခုန်အချ ဟန်ချက်ပျက်ပြီးဒူးကွဲသွားသည်။ ပြည်လမ်း ပေါ်မှ လက်ဘက်ရည်ဆိုင်တွင်စုရပ်လုပ်ပြီး ပြန်စုကြသည်။ ဒီတစ်ခါ ကိုခင်မောင်ဝင်း နှင့်ထပ်ဆုံဖြစ်သည်။ အခြေအနေအေးပြီအထင်နှင့်ထွက်သွားသောလှည်းတန်းမှ ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာမှ မငယ်တို့ လက်ထိပ်ကိုယ်စီနှင့်ပါသွားကြသည်။ ဆိုင်ထဲထိတော့ ဝင်မဖမ်းသေးပေ။ မိမိနှင့်အတူရှိနေသော ဦးဇင်းတွင် လက်ကိုင်ဖုန်းရှိနေ၍ ဖုန်းနှင့် အကူအညီတောင်းရာ တက္ကဆီတစ်စီးက တံခါးအသင့်ဖွင့်ကာလာရပ်သဖြင့် လွတ်မြောက်လာခဲ့သည်။
မကြမီတွင် မဖြူဖြူသင်း အဖမ်းခံလိုက်ရသည်။ မဖြူဖြူသင်း ဖမ်းခြင်းမှာ သူ့အား အားကိုးနေရသည့် HIV ဆေးသောက်နေရသူများပါ ဒုက္ခရောက်တော့သည်။ မိမိတို့မဂ္ဂင်ကျောင်းတွင်နေထိုင်က မဖြူ၏ အစောင့်အရှောက်ခံယူနေသူများက သူတို့ အားထားရာ ကျေးဇူးရှင်မဖြူအတွက် ပြန်လွှတ်ပေးရန်တောင်းဆိုကြမည်ဟု ဆိုလာ၏။ ရပ်တည်ချက်များပြတ်သားကြသည်။ မဖြူမရှိလျှင် သေရမည့်အတူတူ မဖြူပြန်လွတ် မြောက်ရေးအတွက် အသက်မေးမည့်သူများဖြစ်သည်။ ကျောက်ပန်းတောင်းမှ ကိုကျော်စိုးလွင်၊ မမျိုး၊ ရေနံချောင်းမှ မတင်တင်ဦးနှင့် အေမီကျော်၊ နောက်ကံမ္မမှ ကိုတင်ကို၊ မြို့သစ်မှ မဖြူကို ကူညီနေသူ ဇင်မမထွန်းတို့က မဂ္ဂင်ကျောင်းအနီးမှ ကျောက်စာတော်ဘုရားတွင်ဝတ်ပြုဆုတောင်းပွဲလုပ်ကြသည်။ နောက်နေ့ ကျိက္ကဆံဘု ရားထဲလက်ဘက်ရည်ဆိုင်သွားတော့ စွမ်းအားရှင်အမျိုးသား၊ အမျိုးသမီးများက ကား နှင့်အသင့်စောင့်ကာ ဝင်ဖမ်းတော့သည်။ အဖမ်းခံရသည့်အုပ်စုမှ ကြိုတင်တိုင်ပင်ထား သည့်အတိုင်း ဖမ်းသည့်လက်များကို ကိုက်ဆွဲကြသည်။ HIV ကူးမှာစိုး၍ပြန်လွှတ်လိုက် ကြသဖြင့် တစ်ယောက်မှ ပါမသွားပါချေ။ ထိုသတင်းမှာ DVB မှာပါလာသဖြင့် နာမည် ကျော်သွားသည်။
တစ်နေ့တွင် ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပဏ္ဍိပ်ထွန်းတို့ မဂ္ဂင်ကျောင်းသို့ရောက် လာကြပြီးသံဃာတော်များကို အားကိုးပါကြောင်း လမ်းပေါ်ထွက်သမျှ၊ လုပ်သမျှလူများ အားလုံးအဖမ်းခံနေရပါကြောင်း ထို့ကြောင့်သံဃာတော်များကို အားကိုတကြီးလျှောက် ထားပါကြောင်း လာရောက်တောင်းဆိုကြသည်။ ထိုအချိန်တွင် ကျောင်းပေါ်၌ မဂ္ဂင် ဆရာတော်ဦးဣန္ဒက(ပနားမား)၊ ဦးပညာဇောတ(နတ်ဇော)၊ ဦးစန္ဒာသီရိ(ဦးဇင်းပုရစ်) နှင့်မိမိတို့အတူရှိနေကြသည်။ လျှောက်ထားချက်အား ဆရာတော်ဦဣန္ဒကမှ လူတွေ အဖမ်းခံရလျှင် ပြန်စရာအိမ်ရှိကြောင်း၊ ဘုန်းကြီးတွေအဖမ်းခံရလျှင် ပြန်စရာနေရာမရှိ၍ မလုပ်လိုကြောင်းပြောလိုက်သည်။ အမှန်မှာ ထိုသူများနှင့်ပါလာသောလူတစ်ချို့မှာ တစ်ခါမှမမြင်ဘူးသောသူများဖြစ်နေရာ ဘယ်သူ့ကိုမှမယုံကြည်ရသောအခြေအနေ ဖြစ်နေ၍ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
(ဆက်ရန်)
ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်)