သရော်စာ

ဗေဒါရီ – ရပ်ကွက် တရားပွဲ

ဗေဒါရီ – ရပ်ကွက် တရားပွဲ

(မိုးမခ) မတ် ၄၊ ၂၀၁၆
ရပ်ကွက်ထဲမှာ ညတရားပွဲ ကျင်းပတဲ့အကြောင်းက အတော်ကို စိတ်ဝင်စားစရာ မှတ်လောက်သားလောက်စရာ ကောင်းတယ်။ တရားပွဲကို ည ၈ နာရီအချိန်မှာ စဟောတယ်။ နောက်ဆုံးညတရားပွဲလို့ သိရတယ်။

ဘုန်းကြီးဘွဲ့တော့ မမှတ်မိတော့။ တရားပွဲမစမချင်း တစ်ညနေလုံး မိုက်ကိုင်ထားတဲ့လူက ဟောလိုက်ပြောလိုက်ပုံများရယ် ညကျရင် ဓမ္မကထိကတောင် ဟောစရာ ကျန်မှ ကျန်ပါတော့မလားလို့ စိုးရိမ်ယူရတဲ့အထိ။

ဒီလိုနဲ့ ဘုန်းကြီးက ၈ နာရီထိုးတော့ ကြွလာပါတယ်။ အဲဒီအခါမှာ အသင့်စောင့်နေတဲ့ ၀တ်အသင်းအဖွဲ့တွေကော အသံချဲ့စက်ဆရာကော သူတို့ရဲ့ လုပ်ငန်းတွေ စတင်ကြတော့တာပဲ။

ဝတ်အသင်းအဖွဲ့တွေက ဆရာတော် ကျမ္မာပါစေ၊ ချမ်းသာပါစေ၊ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေ ဘာဘာညာညာ သာရကာစတဲ့ အသံတွေနဲ့ တရားဟောဘုန်းကြီးကို ပလ္လင်ပေါ်ရောက်တဲ့အထိ ပင့်ဆောင်ကြပါတယ်။

တစ်ချိန်တည်းမှာ အသံချဲ့စက်ဆရာကလည်း အားကျမခံ ဗျောလို့ ခေါ်မလားပဲ၊ ငိုချင်းချလို့ အတော် ကောင်းမယ့် အခွေကို ဖွင့်ပေးပြီး ဘုန်းကြီး ပလ္လင်ပေါ် မရောက်မချင်း ၀တ်အသင်းနဲ့ အပြိုင်အဆိုင် ပူဇော်ကြပါတယ်။

တရားနာပရိသတ်ကြီးကလည်း ဘုန်းကြီးလာတဲ့ လမ်းမှာ ပ၀ါတွေ ဘာတွေခင်း၊ လက်အုပ်တွေဘာတွေချီ၊ ဗျောသံတီးလုံးကလည်း ငိုချင်စရာကောင်းဆိုတော့ ၀မ်းနည်းတဲ့ မျက်နှာပေးတွေနဲ့ပေါ့။ တစ်ချို့အငိုလွယ်တဲ့သူတွေကြတော့လည်း မျက်ရည်တွေဘာတွေ ကျကြမယ်ပေါ့။ (မှန်းကြည့်တာပါ)

သည်လိုနဲ့ပဲ တရားဟောဘုန်းကြီးက ဘာကိုနားထောင်လို့ နားထောင်ရမှန်းမသိတဲ့ အသံဗလံပေါင်းစုံကြားထဲကနေပြီးတော့ ပလ္လင်ထက်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။

အဲဒီအချိန်မှာ ၀တ်အသင်းသူတွေက သူတို့ရဲ့တာဝန်က မပြီးသေးဘူးဆိုတော့ တရားတောင်းရပြန်သေးတယ်။ ရှေ့ကဟာတွေတော့ မမှတ်မိတော့ဘူး နောက်ဆုံးမှတ်မိတာလေးက ဘုရားတပည့်တော်တို့ကို တရားရေးအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပါဘုရားတဲ့။

ဒီလိုနဲ့ တရားပွဲမစခင် အစီအစဉ်ပေါင်းမြောက်များစွာတွေပြီးမှ ဆရာတော်ခမျာ တရားဟောရရှာပါတယ်။

တရားပွဲက ပြီးပြီးပဲဆိုပါတော့….

အဲဒီမှာ ဓမ္မကထိကတောင်ထိုင်ငိုချင်လောက်အောင်ကို ဟောနိုင်ပြောနိုင်တဲ့ မိုက်ကိုင်ဆရာရဲ့အလှည့် ပြန်ရောက်လာတယ်။

န၀ကမ္မကို လှူဒါန်းဆက်ကပ်နည်းက အသစ်လားတော့မသိဘူး။ ပထမဆုံး အလှူဒါယိကာ ဦးဘယ်သူ အလှူဒါယိကာမ ဒေါ်အ၀ှာ စသည်ဖြင့် ဆွေစဉ်မျိုးဆက် အကုန်ကြော်ငြာပြီးတော့ စင်ပေါ်ကိုတက်ပြီး န၀ကမ္မကို ကပ်ခိုင်းတယ်။ ဒါက သောင်းဂဏန်း အလှုရှင် မြောက်များစွာရဲ့လှူဒါန်းပုံအစီအစဉ်။ (တစ်ဦးတက်လှူ ပရိသတ်က တစ်ခါ သာဓုခေါ်)

နောက် ကျန်တဲ့ ငါးထောင်၊ လေးထောင်၊ သုံးထောင်၊ နှစ်ထောင်၊ တစ်ထောင်၊ ငါးရာ၊ နှစ်ရာ အလှူရှင်တွေရဲ့ နာမည်တွေကို တစ်ခုချင်းစီရဲ့ ရှေ့မှာ အလှူ့ဒါယိကာကြီး အလှူ့ဒါယိကာမကြီးဆိုတာကို ထည့်ဖို့ မကျန်ရစ်စေပဲ ကြော်ငြာနေတာကိုက အတော်လေးကြာသားရယ်။ (တစ်ရာနဲ့ အောက်အလှူငွေတော့ လှူတဲ့လူမရှိလို့လားမသိဘူး အော်သံ မကြားရ)

ဒါပြီးတော့မှ နောက်တစ်ဆင့်အနေနဲ့ ခုနက စုပေါင်းစပ်ပေါင်း အော်ထားတဲ့ နှစ်ရာမှ ငါးထောင် အလှူရှင်တွေရဲ့ စုစုပေါင်းငွေတွေကို မောင်ဘယ်သူ မဘယ်အ၀ှာက ဆက်ကပ်ပါတယ်ဆိုပြီး တစ်ခါ စင်ပေါ်တက်လှူ။ (ပရိသတ်က သာဓုခေါ်)

နောင်တစ်ခါ တရားပွဲ ဖြစ်မြောက်ရေးကော်မတီက မတည်ငွေ ဘယ်လောက် ဘယ်လောက်ပါဆိုပြီး တစ်ခါ စင်ပေါ်တက်လှူ။ (ပရိသတ်က သာဓုခေါ်)

တရားနာ လာတဲ့သူတွေရဲ့ အလှူငွေက ဘယ်လောက် ဘယ်လောက်ပါဆို ကြော်ငြာပြီး တစ်ကျော့ပြန်ကာ လူနှစ်ယောက်က တစ်ခါ စင်ပေါ်တက်လှူ။ (ပရိသတ်က သာဓုခေါ်)

နောက်တစ်ခေါက် ၇ ရက်သားသ္မီးတွေရဲ့ အလှူငွေက ဘယ်လောက် ဘယ်လောက်ပါဆို ကြော်ငြာပြီးတော့ လူနှစ်ယောက်ကို စင်ပေါ်တက်ခိုင်ပြီး ဘုန်းကြီးကို ကပ်ပြန်ပေါ့။ (ပရိသတ်က သာဓုခေါ်)

တရားဟော စင်ပေါ်ကို အတက်အဆင်း လုပ်နေတာကိုက အခေါက်ပေါင်း တော်တော်များတယ်။ (လိုင်းကား မှတ်တိုင် အတက်အဆင်းထက်တောင် သာသေး)

အောက်က တရားနာပရိသတ်ကလည်း သူတို့ တစ်ခါ တက်လှူလိုက် တစ်ခါ သာဓုခေါ်လိုက်နဲ့ ဆိုတော့ သာဓုသံလည်း အခေါက်ပေါင်းများစွာပေါ့။ (သာဓုသံတွေ ဘ၀ဂ်ထိညံ့နေ)

နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘယ်လောက် ဘယ်လောက်ပါဆိုပြီး တစ်ခါ ထပ်ကြော်ငြာပြန်ရော။ သာဓုထပ်ခေါ်။ (စာရင်းကတော့ အကျဉ်းနည်းနဲ့ ကြော်ငြာလိုက် အကျယ်နည်းနဲ့ ကြော်ငြာလိုက်နဲ့ အတော့်ကို တိကျတာပဲ)

မိုက်ကိုင်ထားတဲ့ မိုက်ဆရာက လှူဒါန်းမှုလည်းပြီးဆုံးရော ဆရာတော်ကို သာဓုအနုမောဒနာတရားလေး ချီးမြှင့်ပေးပါလို့ ထပ်ပြီး အသံနေအသံထားနဲ့လျှောက်။ အဲဒီတော့ ဆရာတော်ကလည်း ဘယ်ရမလဲ ခပ်တိုတိုပဲ ရေစက်ချပေးလိုက်တယ်။ (ညဥ့်က အတော်လေး နက်နေပြီကိုး)

မိုက်ကိုင်ဆရာက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွက်ပြီး အခမ်းအနားကို ရုတ်သိမ်းပေးဖို့ ကြော်ငြာ တယ်။ ဆရာတော်နှင့်တကွ ပရိသတ်ကြီးကလည်း ခပ်ကျယ်ကျယ်လေးပဲ သုံးကြိမ် ရွက်ဆိုပေးလိုက်ကြတယ်။ (အေးကလည်းအေးဆိုတော့ ပြန်ချင်နေကြရှာမှာပေါ့)

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ဆိုပြီးလို့ ပြီးသွားပြီလို့ မအောက်မေ့လိုက်နဲ့။ အဲဒီ-ပါဠိကို မိုက်ကိုင် ဆရာက မြန်မာမှု ပြန်ပြုနေတာက ၁၅ မိနစ်လောက်ကြာတယ်။ အဲသလို အဲသလိုတွေနဲ့ ဆရာတော်ကို ပလ္လင်ပေါ်တက်တုန်းကအတိုင်း အသံဗလံ ပေါင်းစုံကြားကနေပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကျောင်းကိုပြန်လည် ပင့်ဆောင်သွားကြတယ်။ (ဆရာတော်ခင်မျာမှာတော့ လွတ်မြောက်သွားရှာပြီ)

ဆရာတော်ပြန်ကြွသွားပြီးတဲ့နောက် ၀တ်အသင်းဖွဲ့တွေက ပင့်ထားတဲ့ နတ်ကို ပြန်ပို့ရ၊ ရတုပိုဒ်ဖတ်ရ ဘာရနဲ့….အစီအစဉ်က ထပ်လုပ်ရပြန်သေးတယ်။ (အတော်လေးကို အလုပ်ရှုပ်သားရယ် သူတို့မလဲ)

မိုက်ကိုင်ဆရာရဲ့ အစီအစဉ်ကလည်း မပြီးသေးဘူး ကျေးဇူးတင်ထိုက်တဲ့ သူတွေကို တစ်ဦးချင်းရော၊ အစုလိုက်အပြုံလိုက်ရော ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကို ကောင်းနိုးရာရာ စကားလုံးတွေသုံးပြီးတော့ ဆက်ပြီးကြော်ငြာ…. အဲဒီနောက် မြို့မိ / မြို့ဖ၊ ရပ်မိ/ရပ်ဖ၊ ဆယ်အိမ်ခေါင်း၊ ဘာခေါင်း၊ ညာခေါင်း၊ ရာအိမ်မှုး၊ ဟိုမှုး၊ ဒီမှုးစတဲ့ ဆိုင်ရာ ပိုင်ရာတွေကို ဖိတ်ခေါ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်မယ့်အကြောင်း မလာမချင်း ကြော်ငြာပြန်တယ် (ဟိုလူတွေက အိပ်နေပြီးလားတောင်မသိဘူး)

နောက်ထပ်တစ်ဖန် မိုက်ကိုင်ဆရာက ဒီနှစ်လိုပဲ တရားပွဲကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျင်းပနိုင်ခဲ့သလို နောက်နှစ်တွေ နောက်နှစ်တွေလည်း ဒီထက်မက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကျင်းပနိုင်ရေးအတွက် ထပ်မံပြီးတော့ ကြိုးစားပါဦးမယ်တဲ့……(ဘုရားးးး ဘုရားးးး ကြိုတင်ပြီး စစ်ကျေငြာလိုက်သလိုပဲ)

ဒါကြောင့် လှူကြတန်းကြပါဦးလို့ နောက်နှစ်အတွက် ခုထဲက ကြိုတင်ပြီးတော့

အလှူခံပါကြောင်း ကြော်ငြာပြန်တယ်။ (၀ီရိယ အတော်ကောင်းတဲ့ ဥပါသကာပါလား)

ဒီ့နောက်မှ မိုက်ကိုင်ဆရာက သူရဲ့ မဟာအခန်းကဏ္ဍကို မသိမ်းချင်သိမ်းချင် လေသံမျိုးနဲ့ သိမ်းလိုက် ပါတယ်။ (မသိမ်းလို့လဲမဖြစ်တော့ဘူးလေ သန်းခေါင်တောင် ရောက်လုနီးနေပြီဆိုတော့)

နောက်ဘိတ်ဆုံး အသံချဲ့စက်ဆရာကလည်း ဘယ်အညံ့ခံလိမ့်မလဲ သူ့ရဲ့နောက်ဆုံး အခွင့်အရေးကို မိမိရရ အသုံးချလိုက်ပြန်တယ်။ စက်သံကို အဆုံးထိအောင်ကို တင်ပြီးတော့ “ရေစက်ချလို့ ပြီးပါပြီ…..တရားနာလို့ ပြီးပါပြီ……… အလှူတော်ကြီးလည်း အောင်ပါပြီ…..” ဆိုတဲ့ သီချင်းကို တစ်ပုဒ်လုံး ဆုံးအောင် ဖွင့်ပြီးတော့မှ သူ့ရဲ့ စက်သံကို အဆုံးသတ်လိုက်ပါတော့တယ်။ (သောတပသာဒတောင် ချို့ချင်နေပြီ)

ရပ်ကွက်နေသူ မိဘပြည်သူတွေခမျာမှာတော့ မျက်စိတွေကြောင်ပြီး သန်းခေါင်ကျော်အချိန်လောက်မှပဲ ဘ၀င်ကျသွားရရှာပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗေဒါရီ – ရပ်ကွက် တရားပွဲ
  1. How come you don’t remember any of the dhamma but remember to blame it on everything about the event. It s about the attitude. If you note what you hear as just a noise , you won’t have anger for it. But unfortunately, you can’t be happy that people donated money and listened to good dhamma. I m not sure if you ll feel the same way if a movie or concert was playing.

Comments are closed.