ဇင်လင်း သူတို့အာဘော်

ဇင်လင်း – တိမ်တောင်သဖွယ် မင်းရေးကျယ်ဦးမယ့် မြန်မာ့နိုင်ငံအရေး

ဇင်လင်း – တိမ်တောင်သဖွယ် မင်းရေးကျယ်ဦးမယ့် မြန်မာ့နိုင်ငံအရေး
(မိုးမခ) မတ် ၃၊ ၂၀၁၆

ဒီကနေ့ မြန်မာနိုင်ငံအနေနဲ့ အာရှဒေသမှာ နိုင်ငံရေး စီးပွားရေးအရ ပြန်လည်အသိအမှတ်ပြုခံရရေးကိစ္စဟာ တပ်မတော် နဲ့ NLD ဥက္ကဋ္ဌတို့ရဲ့ အပေးအယူမျှတမှုအပေါ် မူတည်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ ဒေသအတွင်းမှာ ဘက်ပေါင်းစုံ နောက်ကျကျန်ရစ်ခဲ့တာကို ဦးသိန်းစိန် အစိုးရကိုယ်တိုင် ၀န်ခံထားပြီးဖြစ်ပါတယ်။ UNDP ရဲ့ အစီရင်ခံစာ အရ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ လူဦးရေရဲ့ ၂၆% ရှိတယ်လို့ ခန့်မှန်းထား တာတွေ့ရတယ်။ လူဦးရေ ၇၀% ဖြစ်တဲ့ ကျေးလက်နေပြည်သူများရဲ့ဆင်းရဲနွမ်းပါးမှုနှုန်းက ၂ ဆ ပိုမို မြင့်မားကြောင်း သိရတယ်။ လူနည်းစု တိုင်းရင်းသား များရှိရာ ဝေးလံခေါင်ဖျား နယ်စပ်ဒေသများနဲ့ စစ်ရေးပဋိပက္ခများ ဖြစ်ပွားပြီးကာစ နေရာဒေသတွေမှာ ဆင်းရဲနွမ်းပါးမှု အထူးမြင့် မားတယ်လို့ UNDP အစီရင်ခံစာက ဖေါ်ပြထားတာတွေ့ရတယ်။ လျှပ်စစ်မီးရရှိသုံးစွဲနိုင်မှုပမာဏက လူဦးရေရဲ့ ၂၆ ရာနှုန်း သာရှိကြောင်း သိရတယ်။ လူထုအတွက်အဓိက စွမ်းအင်ရင်းမြစ်က ထင်းသုံးစွဲမှု ဖြစ်နေသေးတယ်။

နိုင် ​ငံ​တ​ကာ​မှာ ​ဖြစ်​ပေါ်နေ​တဲ့ ​အ​ကျင့်​ပျက် ​ခြ​စားမှု တွေ​ကို ​စောင့်​ကြည့်​လေ့​လာနေ​တဲ့ Transparency International ​​အ​ဖွဲ့ ​ရဲ့ ၂၀၁၅ ခုနှစ် ​ထုတ်​ပြန်​ချက်အ​ရ ​မြန်​မာ​နိုင်​ငံဟာ ​နိုင်​ငံ​ပေါင်း ၁၆၇ ​နိုင်​ငံ ထဲ​မှာ ​အ​ဆင့် ၁၄၇ ​ရှိ​နေ​ပါ​တယ်။ Transparency International ရဲ့ ဥက္ကဌ ပီတာ အီဂင် (Peter Eigen) က ဆင်းရဲမွဲတေမှုရဲ့ အဓိကအကြောင်းရင်းဟာ အ​ကျင့်​ပျက် ​ခြ​စား မှုဖြစ်တယ်လို့ဆိုပါတယ်။ ဆင်းရဲမွဲတေမှုကို ကျော်လွန်နိုင်ဖို့ အ​ကျင့်​ပျက်​ခြ​စားမှုကိုတိုက်ဖျက်ရမှာဖြစ်တယ်လို့ ပီတာ အီဂင် က ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အခုအထိ Least Developed Country (LDC) အဖြစ်က မလွတ်မြောက်သေးပါဘူး။ ဒီ အခြေအနေကိုကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရ မအောင်မြင်ခဲ့တဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးစီမံကိန်းကို NLD အစိုးရ သစ်က ဆက်လက်တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က အကူအညီထပ်မံပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း7Day Daily News သတင်းအရ သိရပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ လက်ရှိပေးအပ်နေသော အကူအညီများအပြင် အသစ်ထပ်မံပေးအပ်မယ့် အကူအညီတွေ ကိစ္စ လည်း ပါဝင်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ရာမှာ စီးပွားရေးမူဝါဒများကိစ္စကို အဓိကဆွေးနွေးကြောင်း၊ အခြေခံကျန်းမာရေး၊ ပညာရေးနဲ့ လူမှုကာကွယ်ရေးဝန်ဆောင် မှုများ တိုးမြှင့်ပေးနိုင်ရေး၊ ကျေးလက်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ငွေ ရေးကြေးရေးကဏ္ဍ စတာတွေမှာ ပြည်သူအများ ပိုမိုပါဝင်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေး၊ အစိုးရအုပ်ချုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး အစရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဒီ ဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုသဘောထားကြောင်းသိနိုင်ပါတယ်။

ဒါကြောင့် နိုင့်ငံနဲ့ပြည်သူတို့အကျိုးကိုမျက်နှာမူပြီး (ဦးသိန်းစိန်အစိုးရ၊ တပ်မတော်နဲ့NLD) တို့အနေနဲ့ ဆင်းရဲမွဲတေမှု လျော့ ချရေးအပါအ၀င် ဘက်ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးရေးအတွက် စိတ်စေတနာဖြူစင်စွာနဲ့ ဆက်လက်ညှိနှိုင်း တာဝန်လွှဲပြောင်းမှု လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိအစိုးရနဲ့ တပ်မတော်အနေနဲ့ ပြည်သူလူထုအများစုရဲ့ အခွင့်အာဏာ (People’s Majority Mandate) လွှဲအပ်ခြင်းခံရတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား အသိ အမှတ်ပြုလက်ခံရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အရ ချစ်ခြင်း မုန်းခြင်းကို ဘေးဖယ်ထားပြီး ပြည်သူလူထု အများစုရဲ့ ကိုယ်စား လှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို ပဓါနပြုပြီး အပြုသဘောနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါ တယ်။ လွှဲသင့်တာ လွှဲအပ်ဖို့နဲ့ တွဲသင့်တာ တွဲလုပ်ဖို့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဒီနေ ရာမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုလုပ်ဆောင်နေတာတွေကိုလည်း သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီး ချုပ်တို့အနေနဲ့ သိမြင်နေကြတဲ့အလျောက် အခြေခံဥပဒေဆိုင်ရာ အဟန့်အတားတွေကို သဘောထားကြီးကြီးနဲ့ ဖြေလျော့ ပေးဖို့လည်း စဉ်းစားစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူရဲ့ မျက်နှာကို ထောက်ရှုပြီး မလိုလားအပ်တဲ့ ပုဂ္ဂိုလ်ရေး အဃာတတွေကို စွန့်ပယ်သင့်ကြပါတယ်။ မဝေးသေးတဲ့ ၂၅ နှစ်တာကာလ အတိတ်သမိုင်းကို ပြန်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်နဲ့လူထုအပေါ် သစ္စာမဲ့တဲ့ လုပ်ရပ်မျိုးလုံးဝမရှိခဲ့ဘဲ၊ တိုင်းပြည်ကို ဒုက္ခတွင်းထဲက ဆယ်တင်ပေးဖို့သာ ကူညီဆောင် ရွက်ခဲ့တာ တပ်မတော် ခေါင်းဆောင်တွေ လက်တွေ့ သိပြီးဖြစ်ပါတယ်။ တိုင်းပြည်ရဲ့သယံဇာတ အပါအ၀င် မည်သို့သော အကျိုးအမြတ်ကိုမျှ ရယူဖို့ လုပ်တာမျိုး မရှိခဲ့ပါ။ နိုင်ငံရေးကိုယ်ကျင့်သီလအရဆိုရင်လည်း မြန်မာမှာ သာမက ကမ္ဘာမှာပါ အသိအမှတ်ပြု ချီးကျူးခံရသူဖြစ်ပါတယ်။ အုပ်စု ဂိုဏ်းဂဏ လူမျိုးစွဲ ဘာသာစွဲ ၀ါဒစွဲ မထားဘဲ နိုင်ငံနဲ့ ပြည်သူတို့ အကျိုးကို ဆောင်ရွက်နေတဲ့ နိုင်ငံ့ခေါင်းဆောင် တနည်းအားဖြင့် Statesman လည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရန်ကုန်တိုင်း၊ တနင်္သာရီ တိုင်းနှင့် မွန်ပြည်နယ်တို့မှ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တာ သတိပြုသင့်ပါတယ်။ NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ ဥပဒေ ချိုးဖောက်ရင်၊ အဂတိလိုက်စားရင် ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူခံရမှာဖြစ်ကြာင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ချက်ကို သတိပြုမိမယ်ဆိုရင် သူ့ရဲ့ နိုင်ငံရေးသီလ စင်ကြယ်မှုကို မြင်နိုင်ပါတယ်။

‘‘ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ကိုယ် စားလှယ်တွေကို ကျွန်မတို့ တင်း တင်းကျပ်ကျပ် ကိုင်တွယ်မယ်။ ကျွန်မတို့က ပြင်းပြင်းထန်ထန် ကိုင်တွယ်လိုက်လို့ စိတ်ဓာတ်မကျပါနဲ့။ ဒါဟာ ငါတို့ အရည်အချင်းတက်ဖို့ပဲ ဖြစ်တယ်ဆိုပြီး ရင်ဆိုင်ပါ။ မဟုတ်တာတွေ လျှောက် မလုပ်ပါနဲ့။  မဟုတ်တာတွေ လျှောက်လုပ်လို့ရှိရင် အခြေအနေ ခက်ခဲပါမယ်။ ဥပမာဆိုလို့ရှိရင် အများဆုံးဖြစ် တတ်တဲ့ကိစ္စ ငွေ ရေးကြေးရေးပေါ့။ အမှားကိုတော့ မှားနေရင်လည်း အမှားအတိုင်း ယုတ်စွအဆုံး ကျွန်မတို့ အဖွဲ့အစည်းက ကိုယ်စားလှယ်များက တစ်ခုခု အမှားအယွင်းရှိသွားလို့ တရားဥပဒေအရ အရေးယူခံရရင် ကျွန်မတို့က ဘက်လိုက်မှာ မဟုတ်ပါဘူး။ ဘက်မလိုက်လို့ အမှားအယွင်းကြောင့်လို့ ဒီကိုယ်စားလှယ်ဟာ အကျဉ်းကျသွားတယ်ဆိုရင် ထောင်ဝင်စာ မှန်မှန်တွေ့ဖို့ လူလွှတ်ပေးပါမယ်။ ပစ်ထားမှာတော့ မဟုတ်ပါဘူး’’  လို့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေကို အမှာစကားပြောကြားခဲ့ပုံဟာ အလွန်ထူးခြားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္က ဋ္ဌများကို တွေ့ဆုံခဲ့စဉ် ဒေါ် အောင် ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ လုပ်ငန်းများဆောင်ရွက်ရာရာမှာ ပြည်သူများစိတ်ပျက်စေမယ့် အလုပ်မျိုး လုပ်ဆောင်ခြင်းမပြုမိဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်းမီဒီယာတွေက ဖေါ်ပြခဲ့တာ တွေနိုင်ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေဟာ ပြည်သူများကို လေးလေးစားစား ဆက်ဆံရေး၊ တိုင်းပြည်သစ် တည်ထောင်ရာမှာ အားလုံးပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဥပဒေပြုရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဥပဒေ ပညာကိုလေ့လာကြဖို့ ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မှာကြားလမ်းညွှန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ဒု-ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်ကပြောကြားခဲ့ကြောင်း 7Day Daily News မှာဖေါ်ပြတာ တွေ့ရပါတယ်။

“ဆွေးနွေးတာတော့ အများ ကြီးပါပဲ။ အားလုံးကောင်းအောင် လုပ်ဖို့ပေါ့။ ပြည်သူ့အကျိုးအတွက် ကောင်းအောင်လုပ်ဖို့ ဆွေးနွေးတယ်။ ဒါပါပဲ။ အဓိကကတော့ နိုင်ငံနဲ့ပြည်သူတွေကောင်းအောင် အန်တီတို့ လွှတ်တော်တွေက လုပ်ဖို့၊ ဒါကိုပဲ ဆွေးနွေးလမ်းညွှန်တာပါ’’ လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြန်ပြောပြပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အပိုင်း ကတော့ ပြည်သူလူထုအကျိုးရှေးရှုပြီး သန့်ရှင်းကောင်းမွန်တဲ့ အစိုရသစ်တစ်ရပ် ဖွဲ့စည်းဖြစ်ပေါ်လာအောင် ကြိုးစား ဆောင်ရွက်နေတာ ထင်ရှားပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခုက တပ်မတော်က Clean & Good Governance ပေါ်ထွန်းရေးကို အကူအညီပေးဖို့ စိတ်အားထက်သန်မှု ရှိ/မရှိ ဆိုတာက အခုအထိ မသေချာသေးဘူး။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးစမှာ ၀ါရှင်တန်ပို့စ်သတင်းစာ (Washington Post) က ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို တွေ့ဆုံ မေးမြန်းမှုလုပ်ခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တား ဆီးထားတဲ့  အခြေခံ ဥပဒေ ၅၉(စ) ကို ပြုပြင်ပြောင်းလဲပေးဖို့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ သဘောဆန္ဒရှိပါသလားလို့ ၀ါရှင်တန် ပို့စ်က မေးမြန်းခဲ့ဖူးတယ်။ ဗိုလ်ချုပ်မှူးကြီးက ဒီကိစ္စ သူတစ်ဦးတည်း ဆုံးဖြတ်ခွင့်မရှိဘူးလို့ဖြေပါတယ်။ အခြေခံဥပဒေ အခန်း (၁၂) နဲ့အညီ ပါလီမန်မှာ ဆွေးနွေးပြင်ဆင်ရမည်ဖြစ်တယ်လို့ ဖြေကြားခဲ့ဖူးတယ်။ ဒါဆိုရင် “ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ငြင်းဆိုတာလား” လို့ ထပ်ဆင့်မေးပါတယ်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အဲဒီလို မဟုတ်ပါ၊ ဥပဒေပြ ဋ္ဌာန်းချက်အတိုင်း လုပ်ဖို့လိုတယ်လို့ ဆိုလိုတာပါ” လို့ ပြန်ဖြေခဲ့တယ်။

Washington Post သတင်းစာက အရပ်သားအစိုးရလက်ထဲ အာဏာအပြည့်အဝ ဘယ်တော့လောက် လွှဲပြောင်းပေးနိုင် မလဲ လို့ မေးခွန်းထုတ်တဲ့အခါ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က – “နံပါတ်တစ်အချက်က တိုင်းရင်းသားတွေနဲ့ စစ်ရေး ပဋိပက္ခ လုံးဝချုပ်ငြိမ်းပြီး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့လိုတယ်။ နံပတ်နှစ်ကတော့ ပါတီစုံဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာဖို့ လိုပါတယ်။ တတိယအချက်က တော့ တိုင်းရင်းသားလူမျိုးစုများနဲ့ အစိုးရအကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ဖို့ လိုပါတယ်။” စသဖြင့် မရေမရာ ဖြေကြားခဲ့တာတွေ့ရတယ်။ လောလော ဆယ် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့နှင့်သာ လက်မှတ်ထိုးနိုင်သေးတဲ့အတွက်၊ ကျန် အဖွဲ့တွေနဲ့ ပြီးပြတ်အောင် ဆွေးနွေး သဘောတူချက်ရမှသာ လုံးဝငြိမ်းချမ်းမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေခဲ့တယ်။  ဗိုလ်ချုပ်မှူးကြီးရဲ့ ဖြေဆိုချက်တွေကို လေ့လာကြည့်ရင် လက်ငင်းပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေဟာ ရိုးရိုးသားသား ဖြစ်တာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေသမျှ တပ်မတော်က လွှတ်တော်ထဲမှာ ဆက်လက်နေရာယူထားဦးမယ့်  သဘောတွေ့ရတယ်။ ဒီ အချက်က NLD အရပ်သား အစိုးရအသစ် တက်လာမှာကို တပ်မတော်က သိပ်လိုလားပုံမရသလို ဖြစ်နေတယ်။ လက်ရှိ အနေအထားအရ NLD က အမတ်နေရာ ၃၉၀ ကျော်နဲ့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ပြီ ဖြစ်ပါတယ်။  ပြည်ခိုင်ဖြိုးပါတီ အစိုးရက NLD ပါတီ ကို  အာဏာလွှဲပြောင်းပေးရတော့မယ့် အခြေအနေမှာ  တပ်မတော်က တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုအများစုက တိုင်းပြည်ကို ဦးဆောင်စေချင်တာ ဖြစ်ပါတယ်။ ဒီမိုကရေ စီ အရပ်သားအစိုးရ တစ်ရပ်ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးကို တပ်မတော်က ၀မ်းပမ်းတသာ ကြိုဆို သင့်ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်း သား အရာရှိများနဲ့ တွေ့ဆုံအမှာစကားပြောရာမှာ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့မရနိုင်တဲ့အတွက် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့ အညီ တောင်း ဆိုမှုတွေပြုလုပ်ကြဖို့ ပြောကြားသွားတာတွေရပါတယ်။ ဒီသဘောထားကတော့ သိပ်မကောင်းလှဘူးလို့ ပြောရပါ လိမ့်မယ်။ တနည်းပြောရရင် သမ္မတဦးသိန်းစိန် ပြောခဲ့ဖူးတဲ့ မူဝါဒပါပဲ။ လက်နက်စွန့်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအောက်က လွှတ်တော်ထဲမှာ တိုင်းရင်းသားရပိုင်ခွင့်ကို တောင်းယူပါလို့ ပြောလိုက်တာ ဖြစ်တယ်။

ဒီသဘောထားကို တိုင်းရင်းသား လက်နက်ကိုင်အများစုက လက်ခံမှာမဟုတ်ပါဘူး။ ဒီသဘောထားက ပင်လုံမူဖြစ်တဲ့ တန်း တူအခွင့်အရေးကို ပစ်ပယ်ရာလည်းရောက်နေပါတယ်။ ကျားသနားမှ နွားချမ်းသာမယ်ဆိုတာမျိုးလည်း ဖြစ်နေတယ်။ ဒီပုံစံဆိုရင် ပြည်တွင်းစစ် လွယ်လွယ်နဲ့ ရပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီသဘောပြောဆိုချက်ဟာ အခုလို နိုင်ငံရေး အကဲဆတ် နေတဲ့အချိန်မှာ ပြောသင့်တဲ့စကားလည်း မဟုတ်ပါဘူး။ လက်ရှိ တပ်မတော်ခေါင်းဆောင်ပိုင်းက ပြည်တွင်းစစ်ကို ဆက်မွေး ထားပြီး၊ ပါလီမန်မှာ ၂၅%ကို ဆက်လက်ရယူထားလိုတဲ့ သဘော ဖြစ်ပုံရပါတယ်။ အရပ်သား အစိုးရရဲ့ ဒီမိုကရေစီရေး ရည်မှန်းချက်များကို ဟန့်တားပိတ်ပင်လိုတဲ့ အသွင်ဆောင်နေပါတယ်။ တပ်မတော်ရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေ တဲ့ ပြည်ထဲရေးဝန်ကြီးဌာနကလည်း (အရင်စစ်အစိုးရသဘောထားအတိုင်း) နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အဆက် မပြတ် ဖိနှိပ်ဖမ်းဆီး ချုပ်နှောင် ထောင်ချလုပ်နေပါတယ်။ ဒီလုပ်ရပ်ကလည်း ဒီမိုကရေစီဆန့်ကျင်ရေးနဲ့ NLD အရပ်သား အစိုးရ အခက်တွေ့စေရေး ဖြစ်တာတွေ့နိုင်ပါတယ်။

ဒီ အချိုးအတိုင်း ဆိုရင်တော့ NLD အစိုးရ တာဝန်ယူချိန်မှာ အခက်အခဲ ဘေးကျပ်နံကျပ်တွေ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ် ရေးဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရသစ်အနေနဲ့ စိတ်တိုင်းကျ လုပ်ခွင့် ရနိုင်ဖွယ်မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မင်းမှာသစ္စာ လူမှာကတိ” ဆိုတဲ့ စကားကိုလည်း သူ့မိန့်ခွန်းမှာ သုံးသွားပါသေးတယ်။ သစ္စာမဲ့မှုကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ဖူးတယ်။ သစ္စာမဲ့မှုကြောင့် ပဋိပက္ခတွေ ဆက်ဖြစ်နေတယ်…စသဖြင့်လည်း ပြောပါသေးတယ်။ မိမိတိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှု ကြောင့် နိုင်ငံရေးရှုပ်ထွေးခဲ့ရတယ်လို့ထည့်သွင်း ပြောဆိုခဲ့ပြီး၊  ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ချက်တချို့ ထည့်သွင်းထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီ စကားက ပုဒ်မ ၅၉ (စ) ကို ရည်ညွှန်းပုံရပါတယ်။ ဒါဆိုရင် ပြည်သူလူထု အများစုရဲ့ဆန္ဒမဲကို ရရှိထားတဲ့ လူထုခေါင်းဆောင် တစ်ယောက်ကို သမ္မတ ဖြစ်ခွင့်မရအောင် ဟန့်တားလိုတဲ့ သဘော လက္ခဏာလား…လို့ တွေးတောစရာဖြစ်ပါတယ်။ ယုံမှားစရာမရှိတဲ့ တစ်ဦးတည်းသော ပြည်သူ့ခေါင်းဆောင်ကို တပ်မတော်က ငြင်းပယ်တော့မှာလား။ ဒေါ်အောင်ဆန်းစုကြည် ကို ကန့်သတ်ထားပြီး၊ တပ်မတော်က ပြည်သူနဲ့အတူ လက်တွဲပြီး အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုတာရော…ဖြစ်နိုင်ပါ့မလား။

ဒီအတောအတွင်းမှာပဲ မတ်လ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သမ္မတလောင်း အမည် စာရင်းတင်သွင်းမယ့် ရက်ကို တစ်ပတ်လောက် ရှေ့တိုးပြီး မတ်လ ၁၀ ရက်ကို ပြောင်းရွှေ့လိုက်ကြောင်း ကြေညာခဲ့တာဟာ ထူးခြားပါတယ်။ လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဥပဒေက ခွင့်မပြုသေးပါဘူး။ ဒါပေမယ့် သူ့မှာ နိုင်ငံတော်ကို ဦးဆောင်နိုင်တဲ့ အခွင့်အရေး ၂ ခုရှိပါတယ်။ တခုကတော့ အသစ်ဖွဲ့မယ့် အစိုးရမှာ (Cabinet) အဖွဲ့ဝင် ဖြစ်ဖို့ပါ။ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်ဖြစ်နိုင်ပါတယ်။ ဒါမှမ ဟုတ် စင်္ကာပူက လီကွမ်ယူရဲ့ နမူနာဖြစ်တဲ့ သမ္ဘာရင့် ဝန်ကြီး (Senior Minister) နေရာမျိုးလည်း ယူလို့ရပါတယ်။ ကာလုံ အစည်းအဝေးတွေကို သမ္မတနဲ့အတူ တရားဝင်တက်ရောက်ခွင့်ရရှိဖို့ဆိုရင်တော့ နိုင်ငံခြားရေးဝန်ကြီးနေရာက အသင့်တော် ဆုံး ဖြစ်နိုင်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကတော့ တကယ့်ကို “တိမ်တောင်သဖွယ် မင်းရေးကျယ်” လို့ ဆိုရမယ့် အနေအထားပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts