ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း -ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် – ၁၅ ။ (နိဂုံးချုပ်)

2015 November Election Day – File Photo

ဗိုလ်ထက်မင်း -ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် –  ၁၅ ။ (နိဂုံးချုပ်)
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆

၁၄၁။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်လိုလားတဲ့ ဝိုင်းရံသူတွေနဲ့ ပုဒ်မ(၅၉)(စ) ဆိုင်းငံ့မှာကို  မလိုလားတဲ့သူတွေအကြား လွန်ဆွဲ အားပြိုင်နေတာကြောင့် တပ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးစလုံး
ဖိအားပေးခံရပြီး အကျပ်အတည်းတွေ့နိုင်ရာ အကြံပြုသုံးသပ်ထားတဲ့ ထွက်ပေါက်နည်းဗျုဟာကိုတင်ပြပေးပါ့မယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေလိုတဲ့ အရိုးခံစေတနာနဲ့ သင့်တင့်လျောက်ပတ်သော အချိန်မှာ ပုဒ်မ(၅၉)(စ) အား ဆိုင်းငံအဖြစ် လုပ်ပေးလို့ ရနိုင်၊ မနိုင် တင်ပြခဲ့မိတဲ့ စာရေးသူရဲ့ယခင်ဆောင်းပါးတွေကို ဗိုလ်မှူးချုပ်ဟောင်း သူရဦးအောင်ကို အနေနဲ့ ကိုးကားနိုင်မယ်လို့ ယုံကြည်မိပါတယ်။ NLD တချို့ က
လွှတ်တော်မှာ ၅၁% ကျော်နဲ့ ပုဒ်မ (၅၉) (စ) ကို ဆိုင်းငံ လုပ်နိုင်တယ်လို့ အသံထွက်လာတာကြောင့် တပ်မတော် အဖို့ အကျပ်အတည်းဖြစ်နိုင်တာမို့ ရေးလက်စ သုတေသန နိဂုံးချုပ်ဖို့ အတော့်ကို အားယူနေရ
ပါတယ်။ ဒါပေမဲ့ ဆန္ဒပြင်းပြမှူကြောင့် အချိန်မစောင့်နိုင်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ လူထုကပါ တက်ကြွလာကုန်တာမို့ တောင်းဆိုသံတွေ ညံနေချိန်မှာ ဖိအားခံစားနေရတဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်မကောင်းဖြစ်နေရသလို အမျိုးသားရေးဝါဒီ ပြင်းထန်သူများကြောင့် မိမိသူငယ်ချင်းများနဲ့ အငြင်းပွားဖွယ် အကျယ်အကျယ်ဖြစ်မိပါတော့တယ်။ သူငယ်ချင်းဖြစ်သူနဲ့ ဆွေးနွေးကြည့်ရာ  အောက်ပါအတိုင်း နည်းလမ်းတွေ့ပါတယ်။

၁၄၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦးကို သားအဖြစ်မှ စွန့်လွှတ်ကြောင်း ဦးခင်ညွှန့်လုပ်သလို သတင်း
စာထဲ ထည့်ကြော်ငြာလိုက်ပြီး ဥပဒေကိုကိုင်နေရင် ဇယားရှုပ်၊ ဇတ်လမ်းရှည်နေမှာမို့ မြန်မြန် သမ္မတ ဖြစ်တာပေါ့လို့ သူက ပြောပါတယ်။ စာရေးသူကတော့ သူ သမ္မတဖြစ်ဖို့အရေး သားကို ရင်းတယ်ဆိုပြီး မျိုးချစ်တွေက နှလုံးသားမဲ့သူကြီးလို့   စွဲဦးမယ်လို့ ပြန်ပြောပါတယ်။ သူက ဒါကတော့ ခဏတော့ ခံရမှာဖြစ်ပြီး မိဘဆိုတာ သားသမီးကို ပစ်ရိုးထုံးစံမရှိဆိုကာ ပြန်ခေါ်ရင်ရတာဘဲ။ ဦးခင်ညွှန့် ချွေးမ စင်္ကာပူသူ အိမ်မှာ ရှိနေတာဘဲလို့ ပြောပြန်တယ်။ နောက်တခုက သားနှစ်ဦးကို သိမ်းထားတဲ့ ပတ့်စ်ပို့တွေ ပြန်ထုတ် ပေးကြည့်လိုက်ပေါ့၊ သူတို့ ကြိုက်ရာရွေးပေးစေလို့လည်း သူက ထပ်ပြောပါတယ်။

၁၄၃။ မိမိက လွှတ်တော်ထဲ ဆိုင်းငံကိစ္စ အလောတကြီး တင်ပြစေလိုတာ မဟုတ်ဘဲ ယုံကြည်မှုတည်
ဆောက်ပြီးမှ ဆိုင်းငံ့ကို ဥပဒေနဲ့ မညီရင်တောင် နည်းလမ်းရှာကြံကာ တွန်းတင်စေလိုပါတယ်။ တကယ်တော့ တပ်မတော်ရဲ့ နောက်ဆုံး ခံစစ်စည်းထဲမှာပါတဲ့ ပုဒ်မ(၅၉)ကို အလွယ်တကူ လက်ခံပေးလိုက်ရင် ဒီလိုနည်းလမ်းနဲ့ အခြားပုဒ်မများကိုလည်း အလွယ်တကူ ပြင်လို့ မရဖူးလားဆိုပြီး အခြားသူများက သုံးလာနိုင်သလို မျိုးချစ်စိတ်ဓါတ် အဓိကထားတဲ့ တပ်မတော်အဖို့ သမိုင်းမှာ အမျိုးသားရေးဝါဒီများက ထောက်ပြစရာ ဖြစ်သွားပါမယ်။

ဒါအပြင် ပုဒ်မ(၅၉) ဟာ မြန်မာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်သာ ဦးစားပေးတယ်၊ကျန်တဲံ့ တိုင်းရင်းသားအတွက် မပါဖူးလားဆိုတဲ့ တန်းတူရည်တူ ဆိုပြီး ဟစ်ကြွေးနေတဲ့ လူမျိုးကြီးဝါဒစွဲ တယူသန် တိုင်းရင်းသားတချို့ရဲ့  ခံစားချက်ကို နားလည်ပေးသင့်ပါတယ်။ လက်ရှိအခြေအနေအရ အစိုးရအဖွဲ့နဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ခုံရုံးတွေဟာ ဆိုင်းငံ့ကိစ္စ လွှတ်တော်က ပေးပို့လာရင် ဥပဒေနဲ့ညီညွှတ်မှု မရှိဖူး ဆိုပြီး ပယ်ချဖို့ အလားအလာ များပါတယ်။ တဖန် ဒီဥပဒေကို ပြင်ဆင်ချက် လုပ်ခဲ့ရင်တောင် တပ်မတော်သား မဲ ရဖို့ထက် ၇၅ % ပြည့်ဖို့ အတော့်ကို အားယူရမှာ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ တပ်နဲ့ ပါတီ နှစ်ဘက်စလုံးကို စဉ်းစားပြီး သုတေသန လုပ်ထားတဲ့ Change Over Strategic Plan ကိုတင်ပြချင်ပါတယ်။

၁၄၄။ သမ္မတအဖြစ် ဒုသမ္မတ (၃) ဦးထဲက ရွေးရမည်ဖြစ်ရာ တပ်မတော်တင်တဲ့ ဒုသမ္မတကို NLD က  ထောက်ခံပြီး သမ္မတ တင်ကြည့်ရင်ဘဲ ဖြစ်ဖြစ်၊ တပ်က လိုလားတဲ့ NLD ထဲမှာ စစ်ရေးအမြင်ရှိသူ တစ်ဦးဦးကို ခေတ္တ သမ္မတ တင်မြှောက်ရပါမယ်။ တကယ်လို့ တပ်ကတင်တာကိုဘဲ သမ္မတ အဖြစ် NLD က သဘောတူမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အနီးကပ် ထိမ်းဖို့နဲ့ (ကာ/လုံ)မှာ ပါလို့ရအောင် နိုင်ငံခြားရေးဝန်ကြီးရာထူးယူသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကွပ်ကဲစီမံရတဲ့ သမ္မတရုံးဝန်ကြီးပါ ပူးတွဲယူပါမယ်။ တဖန် (ကာ/လုံ) မှာ Power Balance ဖြစ်စေရန် NLD ထံကို စစ်ရေးအမြင် ရှိတဲ့ ပြည်ထဲရေးဝန်ကြီးရာထူးကို ခေတ္တ ပေးထားစေလိုပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို  အဓိကပြုပြင်ပြောင်းလဲရေး အားကောင်းမောင်းသန် NLD က လုပ်သွားနိုင်ပါတယ်။ တကယ်တော့ ဦးသိန်းစိန်လက်ထက်က ပြည်ထဲရေးရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းတာကြောင့် ပြည်ထဲရေးကို ကိုင်ထားတဲ့ တပ်မတော်ပါ ရောပြီး နံမည်ပျက်နေတာ သတိပြုရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာချိန်မှာတော့ အရှိန်ရလာပြီဖြစ်လို့ တပ်မတော်ကို ပြန်လွှဲလိုက်ရင်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီဖေါ်ဆောင်ရာဖြစ်ဖြစ်၊ ပြောင်းလဲချိန်တန်ပြီဆိုရင် ပြည်ထဲရေးကို စနစ်တကျနဲ့ ဦးစွာပြောင်းခဲ့တဲ့ ချက်နိုင်ငံကို နမူနာယူသင့်ပြီး တပ်က ကိုင်နေတာဟာလည်း သဘာဝ မကျတာ အမှန်ကို မြင်ရပါမယ်။

၁၄၅။ အထက်တနေရာမှာ ဖေါ်ပြခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ထက်မြက်စွာ ဦးဆောင်နိုင်ခဲ့ရင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ကျန်တဲ့သူများပါ ပါဝင်လာပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီဆုံး  ဖက်ဒရယ်စနစ်တစ်ရပ်ကို ရွေးပြီးပြီးခြင်း စတင်လိုက်တဲ့ အချိန်ကာလမျိုးမှာ ပုဒ်မ(၅၉)(စ)ကိစ္စ တပ်မတော်ကပဲ ပြင်ဆင်ဖို့ တင်သင့်ပါတယ်။ ဆိုလိုတာက ဖက်ဒရယ်ရုပ်လုံးပေါ်တဲ့အထိ စောင့်စရာမလိုဘဲ သမ္မတမြန်မြန်ဖြစ်စေတဲ့ လမ်းဆုံဖြစ်ပါတယ်။ အဲဒီအချိန်မှာ တိုင်းရင်းသားများရဲ့လေးစားယုံကြည်မှူ၊ တပ်မတော်ရဲ့ အားကိုး အားထားပြုမှူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အဖို့ အရှိန်ရသွားသလို ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦးရဲ့ လက်တွေ့ပြကွက်ကြောင့် အမျိုးသားစည်းလုံးညီညွှတ်ရေး ဒုတိယပင်လုံအကောင်အထည်ဖေါ်သူ ကြယ်ပွင့် ဖြစ်နေတဲ့အတွက် ပုဒ်ပ(၅၉)(စ)ပြင်ဆင်ရေး ကိစ္စဆိုရင် ချောမောအောင်မြင်သွားမှာ သေချာပါတယ်။

အခြေခံဥပဒေပုဒ်မ (၁၂၁) (ည) အရ နိုင်ငံဝန်ထမ်းများဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခွင့်မရှိသော်လည်း ချွင်းချက်အရ အဆိုပါ ပုဒ်မဟာ ဖွဲ့စည်းပုံအခြေပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ လွှတ်တော်များမှာ ရွေးချယ်ခန့်ထားတဲ့ တပ်မတော်သားများနဲ့ မသက်ဆိုင်စေရလို့ ပါရှိပါတယ်။
အထက်ပါ အတိုင်း ပုဒ်မ(၅၉)(စ)ကိုလည်း ငြိမ်းချမ်းရေးဖေါ်ဆောင်သူ၊ ဖက်ဒရယ်ဖေါ်ဆောင်သူ၊ အမျိုးသားစည်းလုံးညီညွှတ်ရေး (ဝါ) ဒို့တာဝန်အရေး (၃) ပါးကို စွမ်းစွမ်းတမန် ဖေါ်ဆောင်သူ (တိုင်းရင်းသားများအပါ) မည်သူမဆို သက်ဆိုင်မှူ မရှိစေရဆိုပြီး ဖြည့်စွက်ချက် လွှတ်တော်မှာ တင်သွင်းရပါမည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေပါ သတ်မှတ်ချက်အရ နိုင်ငံတော်မှာ ငြိမ်းချမ်းရေး မီးရှူးတန်ဆောင် စွမ်းစွမ်းတမန် ဆောင်ကျဉ်းပေးနေသူ၊ ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓါတ်ဖေါ်ဆောင်ပေးနိုင်သူ၊ ပြည်ထောင်စုမပြိုကွဲစေဘဲ ဒီမိုကရေစီလမ်းကြောင်းကို သိမ့်မွေ့စွာလမ်းခင်းပေးသူဖြစ်နေလို့ သမ္မတဖြစ်လာပြီး မူလအခင်းအကျင်းအတိုင်း ပြန်သွားလိုက်ရင် အောင်မြင်လိမ့်မယ်လို့မျော်လင့်ပါတယ်။

၁၄၆။ NLD လွှမ်းမိုးထားတဲ့ လွှတ်တော်များမှာ ဥပဒေပြုရေးနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးကဏ္ဏတွေမှာ တဖက်နဲ့တဖက် အပြန်အလှန် ထိမ်းကျောင်းမှူ အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ထိမ်းကျောင်းသူဟာ အတိုက်အခံအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်မလား။ ပြည်ခိုင်ဖြိုးပါတီအမတ်များကဘဲ ဖြစ်မလား၊ တိုင်းရင်းသားအမတ်ကဘဲ ဘယ်သူတွေနဲ့ပူးပေါင်းနိုင်မလဲဆိုတာ စောင်ကြည့်ရမှာ ဖြစ်တယ်။ NLD က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးမှာမဟုတ်ဖူးလို့ ဆိုထားပေမဲ့ လွှတ်တော်သစ် စတာနဲ့ ပုဒ်မ(၅၉)ပြင်ဖို့ နှပ်ကြောင်းပေးလာရာ တပ်မတော်အနေနဲ့သံသယ ဖြစ်သွားနိုင်ပါတယ်။ အင်အားကြီးအဖွဲ့အစည်းနှစ်ဖွဲ့ဟာ တိုင်းပြည် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ခေါင်းစဉ်ကို အကောင်အထည်ဖေါ်ရေး အရေးကြီးဆုံးအချက်မှာ တပ်မတော်က NLD အပေါ် ယုံကြည်မှူရှိဖို့ဖြစ်ပါတယ်။

လက်တွေ့နယ်ပယ်မှာ အာဃတမထားပါ၊ သင်ပုန်းချေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီး ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဘဲပြောပြော လက်အောက်ခံ NLD ဝင်များက ဆန့်ကျင်ဘက် သဘောထား
တင်းမာမှူ ပြသနေရင် ခေါင်းဆောင်က တပည့်ဖြစ်သူတွေအား ထိမ်းကျောင်းနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ် တပ်မတော်သားရင်ထဲမှာ ရှိနေတာ ဖျောက်ဖျက်ဖို့ခက်ပါတယ်။ စာရေးသူအနေနဲချက်နိုင်ငံက သုညဖြေရှင်းနည်းရှောင်ပြီး လူဟောင်းတချို့နဲ့ လက်တွဲကာ အောင်မြင်အောင်လုပ်နိုင်တာကို တင်ပြခဲ့သလို အင်ဒိုနီးရှားဖြစ်စဉ်အရ တပ်က စစ်တန်းလျားသို့ ဆုတ်ခွါသွားပုံတွေ တင်ပြခဲ့တဲ့အပြင် အရပ်ဖက်က စစ်တပ်အကြောင်း ယနေ့ထိ မကျွမ်းကျင်သေးတာရှိတာကြောင့် စစ်ဖက်ကိုလည်း သင်တန်းပေးသလို အရပ်ဖက်ကိုလည်း စစ်တပ်ဆိုင်ရာ သင်တန်းတွေပေးမှသာ အရပ်သားအုပ်ချုပ်တဲ့ ပုံစံ ဟန်ချက်ညီထွက်လာမှာဖြစ်တယ်။

၁၄၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သတိပေးလိုတာက ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရင်၊ နိုင်ငံတကာက အကူအညီ ထောက်ပံ့မှူများ ပုံအောဖို့ (ဂျပန်က ၁၀ဆ ကူမည်)ရှိနေရာ မြန်မြန်ဖြစ်လေ တိုင်းပြည်အတွက်ကော တပ်ချုပ်ဖြစ်ချင်တဲ့ Standard Army ဖြစ်ရေးပါ တပြိုင်နက် ဖြစ်ထွန်းဖို့ ရှိနေပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်မူ မြန်မြန်ဆွဲ နိုင်ဖို့ တိုင်းရင်းသားများကို အထိုက်အလျောက် လိုက်လျောဖို့တပ်ချုပ်ကို တိုက်တွန်းလိုပါတယ်။ ဒါမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ရှိကာ တပ်ချုပ်က တွန်းတင် ပေးခဲ့ရင် တပ်မတော်နေ့အခမ်းအနားရောက်တိုင်း ပြည်သူလူထုရဲ့ ပန်းကုံးတွေနဲ့ခြိမ့်ခြိမ့်သဲ အားပေးချီးမြှင့်လိုက်တဲ့ အသံဟာ အထက်ဘဝဂ်တိုင် တုန်ခါသွားစေရပါမယ် ဆိုတာ တင်ပြရင်း သုတေသနစာတမ်း ကို နိဂုံးချုပ်လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts