ဇင်လင်း ရသဆောင်းပါးစုံ

ဇင်လင်း – မြန်မာနိုင်ငံနဲ့ တရားဥပဒေစိုးမိုးရေး ပြဿနာ

ဇင်လင်း – မြန်မာနိုင်ငံနဲ့ တရားဥပဒေစိုးမိုးရေး ပြဿနာ

(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆

အခုတလော အစိုးရအဟောင်းနဲ့ အစိုးရအသစ်တို့ တာဝန် (အာဏာ) အလွှဲအပြောင်း မလုပ်နိုင်ခင်စပ်ကြား ပြဿနာ မျိုးစုံ ပေါ်နေတဲ့ အသံတွေ ဆက်တိုက်ကြားနေရပါတယ်။ ကချင်ပြည်နယ်ရှိ ဆဒုံးနှင့် ကန်ပိုက်တီး ဒေသတွေမှာ ဘိန်းခင်းတွေ သွားရောက်ဖျက်ဆီးတဲ့ လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကို လက်နက်ကိုင်ဆောင် ထားသူများက သေနတ်များ မိုင်းများဖြင့် တိုက်ခိုက်ခံရမှုအပေါ် မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြမှုများဖြစ်ပေါ် နေပါတယ်။ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေရဲ့ ပေါ့ရော့မှု အဂတိလိုက်စားမှုတွေကြောင့် ကြီးထွားလာခဲ့တဲ့ ဘိန်းစိုက်ပျိုး မှုကို မခံမရပ်နိုင်တော့တဲ့ ပြည်သူတွေက ကိုယ်တိုင် အရေးယူဖို့ ကြိုးပမ်းလာကြပုံရပါတယ်။  ဖေဖော်ဝါရီ ၂၅ရက်က Pat Jasan အဖွဲ့တိုက်ခိုက်ခံရတာဖြစ်ပြီး အဖွဲ့ဝင် ၃၂ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရ တယ်လို့ မီဒီယာသတင်းများအရ သိရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပုံပျက်ပုံတွေကို မြင်နေရတာ ‘မင်းမဲ့တိုင်းပြည်’ နဲ့ပိုပြီး တူနေသလို ခံစားရတယ်။ အင်္ဂလိပ်ဝေါဟာရနဲ့ဆိုရင် ‘Lawless Country’ လို့ ဆိုရမယ် ထင်တယ်။ နောက်ထပ် ဥပမာတစ်ခု ပြရရင် ဖားကန့် ဒေသမှာ ကျောက်စိမ်း ဘရမ်းဘတာ တူးဖေါ်နေတဲ့ ကိစ္စကို အစိုးရ စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တယ်လို့ RFA ရေဒီယို သတင်းအရ သိရတယ်။ ဇန္န၀ါရီလ တတိယအပတ်မှာ နေပြည်တော်က ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေ ဖားကန့်ကို လာရောက် စစ်ဆေးချိန်မှာ ကျောက်တူး ကုမ္ပဏီတွေက အသုံးပြုတဲ့ ယန္တရားအကြီးစား ကားတွေကို ဖွက်ထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ တယ်။  ဖားကန့်ဒေသခံ တစ်ဦးရဲ့ အဆိုအရ စစ်ဆေးရေးအဖွဲ့ပြန်သွားတဲ့ နောက်ပိုင်းမှာတော့ ဖွက်ထားတဲ့ ယန္တရားကားကြီးတွေ လေးငါးရာကို ပြန်ထုတ်ပြီး ကျောက် တွေကို မနားတမ်း ဆက်တူးကြ သယ်ကြကြောင်းသိရတယ်။ သတင်းမီဒီယာတွေနဲ့ ဒေသခံ ပြည်သူတွေက တာဝန်သိသိ သစ္စာရှိရှိ သတင်းတွေ ဖေါ်ထုတ်ပေးခဲ့ပေမယ့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက တာဝန်မသိ သစ္စာမရှိကြလေတော့ နိုင်ငံ့ သယံဇာတတွေ ခိုးယူခံခဲ့ရပုံဟာ ရင်နာစရာကိစ္စဖြစ်တယ်။ ဒီဥပမာကို ကြည့်ခြင်းအားဖြင့် တခြားဝန်ကြီးနေရာဌာ နတွေမှာ လည်း အာဏာအလွှဲအပြောင်း မလုပ်မီမှာ ယူလို့ရသမျှ အကုန်ယူ သယ်လို့ရသမျှ အကုန်သယ်ဆိုတာမျိုးတွေ ဖြစ်နေမလား လို့ စိုးရိမ်မိတယ်။ ဆက်လက်လွှဲပြောင်းတာဝန်ယူကြရမယ့် NLD အစိုးရ အနေနဲ့ ရှေ့လူတွေချန်ထားရစ်တဲ့ အင်္ဂါမစုံ တော့တဲ့ နိုင်ငံတော်ကားအိုကြီးကို ရှေ့ခရီးနိုင်အောင် အတော်ကြိုးစားအားထုတ်ကြရမှာကတော့ သေချာပါတယ်။

နေက်ပြဿနာတစ်ခုကတော့ ပြီးခဲ့တဲ့ ဇန္န၀ါရီလက ရန်ကုန်တိုင်း ယုဇနဥယျဉ်မြို့တော်၊ မင်္ဂလာဒုံ ပျဉ်းမပင်စက်မှုဇုန်နဲ့ မန္တ လေးတိုင်း ညောင်နီကျေးရွာတွေမှာ ကျူးကျော်နေထိုင်သူတွေကို အာဏာပိုင်တွေက အဓမ္မ အင်အားသုံး ဖယ်ရှားခဲ့မှု ဟာ အစိုးရတစ်ရပ်အနေနဲ့ နလုပ်သင့် မလုပ်ထိုက်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်နေပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ လည်း နိုင်ငံသားတွေဖြစ်ပါတယ်။ သူတို့ကိုဖယ်ရှား မယ်ဆိုရင်လည်း အစိုးရပီပီသသ လူ့ဂုဏ်သိက္ခာ မညှိုးနွမ်းရအောင် တာဝန်ယူ စီမံဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အစိုးရ လို့ ဆိုပေမယ့် ပြုမူဆောင်ရွက်ပုံက အင်အားသုံး အနိုင်ကျင့်ပုံမျိုး ဖြစ်နေတဲ့အတွက် မြင်ရသူတိုင်း  စိတ်ထိခိုက်ရပါတယ်။ ပြန်လည်နေရာချထားပေးရေးကိစ္စကို လူသားချင်းစာနာမှုအပေါ် အခြေခံပြီး ဆောင် ရွက်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အစိုးရတာဝန်ရှိသူတွေကို ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းထားတာ တွေ့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားရာမှာ တာဝန်ရှိသူတွေက ယာယီ နေထိုင်စားသောက်နိုင်ရေးနဲ့ ကျန်းမာရေးကူညီ စောင့်ရှောက်မှုတွေ ပေးသင့်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် တွေ၊ ကလေးငယ်တွေနဲ့ ပညာသင်ဆဲ ကျောင်းသူကျောင်းသားတွေ လက်တွေ့ အကူအညီမရဘဲ အခက်အခဲတွေ့နေရ တယ်လို့သိရပါတယ်။ ကျူးကျော်တွေအပေါ် လူသားချင်း စာနာထောက်ထားမှု အခြေခံ ဆောင်ရွက်ပေးသင့်ကြောင်း အမျိုး သားလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်တာ ကြားသိရတယ်။ ဒီဖြစ်ရပ်ကို ကြည့်ရင်လည်း အစိုးရဆိုသူတွေက ကိုယ်တိုင် ဥပဒေကိုချိုးဖေက်ပြီး ထင်ရာစိုင်းနေကြတာတွေ့ရတဲ့အတွက် မင်းမဲ့နိုင်ငံ ‘Lawless Country’ လို့ ခံစားပြော ဆိုမိခြင်း ဖြစ်ပါတယ်။

ဒီထက်မက ဆိုးရွားလှတဲ့ပြဿနာကတော့ နိုင်ငံတ၀ှမ်းမှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေအဓမ္မသိမ်းယူခံနေရတဲ့ ကိစ္စပါပဲ။ မန္တ လေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က ကျေးရွာ ၇ ရွာမှာ လယ်မြေ ဧက ၆၀၀ ကျော်ကို သမ၀ါယမ၀န်ကြီးဌာနက  သိမ်းယူ ထားတဲ့ ကိစ္စ၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ တပ်မတော်အပါအဝင် ဌာနဆိုင်ရာအချို့က  မြေယာဧက ပေါင်း ၃ဝဝ ကျော် သိမ်းယူထားတဲ့ကိစ္စ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်၊ ဌာနေပြည်သူ့စစ်၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်သောင်းခွဲနီးပါးရှိကြောင်း ပြည်နယ် NLD ပါတီ တာဝန်ရှိ သူတွေက ပါတီဗဟိုထံ တင်ပြထားတဲ့ ကိစ္စ၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေအတွင်း ထီလုံ၊ ကော့စက် ကလို၊ ရွှေချိုင်ကလေး၊ ဈေးမသွယ်၊ ထားဝယ်အံ၊ လက္ခဏ၊ တောင်သူကုန်း၊ လှာကမြင် စတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာ မြေဧက ၅ဝဝဝ နီးပါးကို စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ ကိစ္စ၊ ၁၉၈၈ ခုနှစ်က နေစပြီး နိုင်ငံတစ်ဝှမ်းမှာ တပ်မတော်၊ အစိုးရဌာနဆိုင်ရာတို့က သိမ်းဆည်းခဲ့တဲ့ လယ်မြေဧကပေါင်း ဟာ ၃ သိန်းကျော် ရှိခဲ့တယ်လို့ မီဒီယာတွေက ဖေါ်ပြခဲ့ပါတယ်။ အဲဒီထဲက မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ကြေငြာချက်အရ တပ်မ တော်၊ အစိုးရဌာနဆိုင်ရာတို့က သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေထဲက ဧက တစ်သိန်းလေးသောင်း ကျော်ကို တောင်သူလက်ထဲ ပြန်လည်အပ်နှံပေးခဲ့ပြီး တစ်သိန်းခြောက်သောင်းကျော် ပြန်လည်ပေးအပ်ဖို့ ကျန်နေသေးတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားခဲ့ကြောင်း လွတ်လပ်တဲ့အာရှအသံသတင်းက ကိုးကားဖေါ် ပြဖူးပါတယ်။

ဒီအတောအတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ဖွဲ့စည်းပြီးရင် တစ်ပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ ဧက သိန်းနဲ့ချီတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေ ပြန်လည်ရရှိအောင် လုပ်ပေးသွားမယ်လို့ “NLD တောင်သူလယ်သမားရေးရာ ကော်မတီ” က ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ NLD ပါတီတွေကနေတဆင့် သိမ်းဆည်းခံထားရတဲ့ လယ် မြေစာရင်းတွေကို ပါတီဗဟိုထံ တင်ပြဖို့ ညွှန်ကြားထားကြောင်း NLD တောင်သူလယ်သမား ရေးရာကော်မတီ ဥက္ကဌ ဦးညီပု က လွတ်လပ်တဲ့ အာရှအသံကို ပြောပြတာ တွေ့ရတယ်။

“တောင်သူလယ်သမားတွေဟာ ဥပဒေမဲ့ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချက် တစ်ချက် ထည့်ထားတာရှိပါတယ်၊ ဒါကြောင့်မို့ တကယ်မှန်မှန်ကန်ကန် ပြန်ရနိုင်ဖို့ကို ဥပဒေအတိုင်းဖြစ်အောင် ကျနော်တို့ လုပ်ပေးရမှာပေါ့” လို့ ဦးညီပု က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ လယ်မြေအများစုဟာ မူလတောင်သူတွေ လက်ထဲကို ပြန်လည်မရောက်သေးကြောင်း သိရပါတယ်။ အများစုဟာ တပ်မတော်က သိမ်းယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရလက် ထက်ကနေ စပြီး သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံတစ်ခုမှာ နိုင်ငံရေး စီးပွားရေး လူမှုရေးတည်ငြိမ်မှုရှိဖို့အတွက် တာဝန် ရှိတဲ့ အစိုးရတိုင်း အရေးအကြီးဆုံး စီမံချမှတ်ရမယ့် မူဝါဒတွေထဲမှာ မြေယာမူဝါဒ မှန်ကန်စွာ ချမှတ်နိုင်ရေးဟာ အလွန်အ ရေးကြီးပါတယ်။ ဒီနေ့ဖြစ်ပေါ်လာတဲ့ ကျူးကျော်ကိစ္စအပါအ၀င် လယ်ယာမြေသိမ်းယူမှုတွေ၊ ဖွံ့ဖြိုးရေး စီမံကိန်းများ အ ကြောင်းပြ မြေယာသိမ်းဆည်းမှုတွေ၊ အိမ်ယာခြံမြေ ဈေးကစားမှုတွေ၊ ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောနဲ့ ကိုယ် (အာ ဏာပိုင်ကို လာဘ်ပေးပြီး) ဆောက်လုပ်ခဲ့ကြတဲ့ တိုက်တာ စက်ရုံအဆောက်အဦးဖေါင်းပွမှုတွေကြောင့် အဆမ တန် မြေယာ ဈေးနှုန်း တက်လာမှုတွေ စတဲ့ ပြဿနာ အထွေထွေရဲ့ ဇစ်မြစ်ဟာ အုပ်ချုပ်သူ အစိုးရတို့ရဲ့ မြေယာမူဝါဒလမ်းစဉ် အမှားအယွင်းတွေကြောင့်ဖြစ်ကြောင်းပေါ်လွင်ပါတယ်။ အမှန်တော့ မူဝါဒလမ်ဒစဉ် ရှိသည့်တိုင် စာရွက်ထဲမှာသာရှိပြီး၊ လက်တွေ့ လုပ်ကိုင်နေတာတွေက ကိုယ်ကျိုးရှာမှု ဗဟိုပြုနေကြလို့ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေဆိုးလာရတဲ့ အကြောင်းရင်းဟာ အစိုးရယန္တရားထဲက အကျင့်ပျက်လာဘ်စားသူ အရာရှိများကြောင့်လို့ မထောက်မညှာ ဆိုချင်ပါတယ်။ အိမ်ခြံမြေ ဂရန်ပိုင် ဆိုင်မှုဆိုင်ရာ ပြဿနာတွေအတွက် သက်ဆိုင်ရာ အစိုးရရုံးတွေပေါ်မှာ လာဘ်ပေးလာဘ်ယူနည်းနဲ့ပဲ ဖြေရှင်းခဲ့ကြတယ်ဆိုတာ ကြုံဖူးသူတိုင်းသိပါတယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုခင်းတွေကို ကြည့်ရင်လည်း ပြည်သူလူထုအနေနဲ့ စိတ်ချ လက်ချ နေထိုင် လုပ်ကိုင်စားသောက်ရေးအတွက် အလွန်စိတ်မအေးစရာ ဖြစ်နေရတယ်။ ရာဇ၀တ် မှုခင်း ဖြစ်စဉ်တွေက ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ် ခြိမ်းခြောက်ခံနေရတယ်။ သမ္မတဦးသိန်းစိန်လက်ထက် လွတ် ငြိမ်းချမ်းသာခွင့်ပေးတဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ဖေါက်ထွင်းမှု၊ ခါးပိုက်နှိုက်မှု၊ လုယက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူ အများအပြားကို လွှတ်ပေးခဲ့တာ တွေ့ရတယ်။ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ ဆက်လက်ချုပ်နှောင်ထားပါတယ်။ ဒီမိုကရေစီ ပညာရေးသပိတ် ဆင်နွှဲခဲ့တဲ့ ကျောင်းသူ ကျောင်း သားတွေကို ဆက်လက်ဖမ်းဆီးထားပြီး လွတ်ငြိမ်းခွင့် မပြုနိုင်တာကလည်း အာဃာတ ကြီးလွန်းလှတယ်လို့ ဝေဖန်မှုသုံး သပ်မှုတွေ ပေါ်ထွက်နေပါတယ်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့က လွတ်လပ်တဲ့အာရှအသံ သတင်းအရ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေအပေါ် စွဲထားတဲ့ အမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက စာနဲ့အကြောင်းပြန်ကြားခဲ့ရာမှာ အဲဒီအမှုတွေကို ရုပ်သိမ်းလို့ မရ ကြောင်း ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီအမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်မယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်အားနည်းစေလိမ့်မယ်လို့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။ ဦးသိန်း ညွန့် တင်သွင်းခဲ့တဲ့အဆိုမှာ အမှုရင်ဆိုင်နေရဆဲ အကျဉ်းကျနေတဲ့ ကျောင်းသားကျောင်းသူနဲ့ ၀န်းရံသူတွေဟာ ကျန်းမာရေး ထိခိုက်နေတဲ့အတွက် နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အမှုတွေ ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။ အဲဒီအဆိုကို ပြီးခဲ့တဲ့နှစ် မေလကတည်းက လွှတ်တော်ရုံးထံ တင်သွင်းခဲ့တာ ဖြစ်ပေမယ့် လွှတ် တော်ထဲမှာ ဆွေးနွေးခွင့်မရခဲ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲနဲ့ ပြည်သူ့ လွှတ်တော်ရုံး ကတစ်ဆင့် အကြောင်းပြန်ခဲ့တာလို့ ဆိုပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်မှုကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရဆဲ ကျောင်းသူ ကျောင်းသားတွေဟာ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘူးလို့ ကြားသိရပါတယ်။ သုတေသန ပြုစုထားတဲ့ အဖွဲ့ သုံးဖွဲ့က  စာတမ်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ၊ Justice Trust နဲ့ Justice Committee အဖွဲ့ ၃ ဖွဲ့က ၂၀၁၅ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်း ၂ လကျော်ကြာ ထောင်တွင်းက ကျောင်းသူ ကျောင်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ လေ့လာချက် စာတမ်းကို ရန်ကုန်မြို့ Orchid Hotel မှာ ဇန္န၀ါရီလ ၂၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ထားပါတယ်။ ထောင်ထဲမှာရှိတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေမှာ အဖြစ်များဆုံးက အစာအိမ်ရောဂါဖြစ် ပြီး ထောင်တွင်းမှာ အကိုက်အခဲပျောက်ဆေး Paracetamol နဲ့ ဘာမီတွန်ဆေးသာ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ အမြင် သဘေားထားတွေဟာ လူထုအတွင်း ဝေဖန်စရာ ဖြစ်နေပါတယ်။  သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာ အကျဉ်းသား ၁၁, ၅၇၄ အနက် လူသတ်မှု ကျူးလွန်သူ ၂, ၃၇၄ ဦး နဲ့ မုဒိမ်းမှု ကျူးလွန်သူ ၁, ၇၂၆ ဦး ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ သေဒဏ် ကျ အကျဉ်းသားများ၊ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားစဉ် ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြမှု ကြောင့် သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသူ ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၅၃ ဦးရှိနေဆဲ ဖြစ်တယ်လို့ မီဒီယာသတင်း တွေအရ သိရပါတယ်။ ရာဇ၀င် လူဆိုး သုံးထောင်ကျော်လောက်ကို လွတ်ငြိမ်းခွင့်ပေးနိုင်ပါလျှက်နဲ့ ပညာတတ်ကျောင်းသူ ကျောင်းသား ငါးဆယ်ကျော်လောက်ကို လွှတ်ပေးဖို့ ၀န်လေးနေတာဟာ ဒီမိုကရေစီလိုလားတဲ့ စိတ်နေစိတ်ထား (Democratic Mindset) မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အစိုးရရဲ့ စိတ်နေစိတ်ထားကို ခ၀ါမချနိုင်သေးကြောင်း ပေါ်လွင်နေပါတယ်။

ဒါကြောင့် ကျောင်းသားလူငယ်တွေအပါအ၀င် ပြည်သူလူထုက NLD အစိုးရသစ်ကို “တရားဥပဒေ ပြန်လည် စိုးမိုးရေး” အ တွက် အားကိုးတကြီး မျှော်လင့်နေကြပုံရပါတယ်။ အဓိကအားဖြင့်တော့ ပြည်သူလူထု အများစု ကြီးဟာ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို တန်းတူမရရှိခဲ့တာ ဆယ်စုနှစ် ၆ ခုကျော်ပါပြီ။ ‘Lawless Country’ ကို ‘Nation of Laws’ အဖြစ် ပြန်လည်တည်ဆောက်ရေးတာဝန်ဟာ အစိုးရသစ်အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုဖြစ်လာနေပါပြီ။ ဒါကြောင့် ‘မင်းမဲ့ တိုင်းပြည်’ နဲ့ ‘မင်းမဲ့စရိုက်’ တွေကို ပြုပြင်ပြောင်းလဲရေးတာဝန်အတွက် NLD ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လူထုအသံကိုနားစွင့် လူထုဘ၀ကိုလေ့လာပြီး လူထုအကျိုးစီးပွားနဲ့ ဆီလျော်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး ရှေးရှု ကြစေလိုကြောင်းပါ။။။။။။

photo source : AP


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – မြန်မာနိုင်ငံနဲ့ တရားဥပဒေစိုးမိုးရေး ပြဿနာ

Comments are closed.