ကဗျာ

မောင်ရဲနွေ (ပလိပ်) – မိဘပြည်သူများခင်ဗျာ

 
မောင်ရဲနွေ (ပလိပ်) – မိဘပြည်သူများခင်ဗျာ
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆

မိဘပြည်သူများခင်ဗျာ
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ

မိဘပြည်သူများခင်ဗျာ
မိဘပြည်သူများခင်ဗျာ
မိဘပြည်သူများခင်ဗျာ

မိဘပြည်သူများခင်ဗျာ
တစ်နှစ်
နှစ်နှစ်
သုံးနှစ်
လေးနှစ်
ဘာလိုလိုနဲ့  ၅နှစ်ထဲရောက်လေပြီ။

မိဘပြည်သူများခင်ဗျာ
ကျွန်တော့်တိုင်းပြည် တိုးတက် ဖွံ့ဖြိုးပါတယ်။

မိဘပြည်သူများခင်ဗျာ
ကျွန်တော့်လက်ထက်မှာ  မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပါတယ်
ဒါပေမယ့်
မကြာခင်
ကျွန်တော့်အစိုးရသက်တမ်း ကုန်တော့မယ်။

မိဘပြည်သူများခင်ဗျာ
ဆင်းရဲသားပပျောက်ရေး အလေးထားဆောင်ရွက်နေတယ်
ဒါပေမယ့်
ကျူးတော့ မကျူးနဲ့ပေါ့
ကျုးဆိုရင် ဖယ်ရှားရမယ်လေ။

မိဘပြည်သူများခင်ဗျာ
အပစ်အခတ် ရပ်ဖို့
ကျွန်တော်
အမိန့် ပေးခဲ့ပါတယ်
ဒါပေမယ့်
ပစ်ခတ်နေတာတော့
ကျွန်တော်လည်း
ဘာမှမတတ်နိုင်။

မိဘပြည်သူများခင်ဗျာ
မကြာမီ
ငြိမ်းချမ်းရေးအတွက် သဘောတူညီမှုစာချုပ် လက်မှတ်ထိုးကြတော့မှာပါ
ဒါပေမယ့်
ပြောနေတုန်း
ဝုန်းကနဲ
ဗုံးကွဲသံ ကြားနေရတာ
စိတ်တော့
မကောင်းဘူး။

မိဘပြည်သူများခင်ဗျာ
ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်
ဒါပေမယ့်
လက်ပံတောင်းအရေး
မပြီးသေး။

မိဘပြည်သူများခင်ဗျာ
ရခိုင်
မိတ္ထီလာ
ဥက္ကံ
လားရှိုး
မန္တလေး
ဒီမြို့တွေမှာ ဖြစ်တဲ့ ပဋိပက္ခတွေရဲ့ နောက်မှာ
ကြိုးကိုင်သူတွေ ရှိပါတယ်
ဒါပေမယ့်
ခုထိတော့
ကြိုးအစ မကိုင်မိသေး။

မိဘပြည်သူများခင်ဗျာ
ကျောင်းသားတွေက စ လို့
ရဲတပ်ဖွဲ့ဝင်တွေက ပြန်ရိုက်ရတာပါ
စိတ်တော့ မရှိပါနဲ့
ကျုပ်တို့  အကြမ်းမဖက်ပါဘူး
ဒါပေမယ့်
အကျဉ်းထောင်တံခါးတွေ ဖွင့်ခဲ့တယ်။

မိဘပြည်သူများခင်ဗျာ
စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကို သွားနေတယ်
ဒါပေမယ့်
လွတ်လပ်စွာ ဟောပြောရေသားခွင့် မရသေးတာတော့ နားလည်ပါ တိုင်းပြည်က တည်ဆောက်နေဆဲ။

မိဘပြည်သူများခင်ဗျာ
သိမ်းဆည်းလယ်ယာမြေတွေ ပြန်ပေးထားတယ်
ပုဒ်မတွေ တပ်ပြီး ထောင်ချနေတဲ့အတွက်
ထွန်တုံးတိုက်ပွဲတွေ  မလုပ်ကြပါနဲ့တော့
ဒါပေမယ့်
ဥပဒေနဲ့မညီရင်တော့
ကျုပ်လည်း  ဘာမှ မတတ်နိုင်။

မိဘပြည်သူများခင်ဗျာ
လွတ်လပ် မျှတသော ရွေးကောက်ပွဲ ကျင်းပပေးပါ့မယ်
ဒါပေမယ့်
တက်ကြွလှုပ်ရှားသူတွေကိုတော့
ထိန်းသိမ်းထားပါရစေ။

မိဘပြည်သူများခင်ဗျာ
မိဘပြည်သူများခင်ဗျာ
– – – – – – –
– – – – – – –
မိဘပြည်သူများခင်ဗျာ
ကျွန်တော် ပြောနေကျအတိုင်း ပြောပါရစေ
မိ ဘ ပြည် သူ များ ခင် ဗျာ
ပြော ခွင့် ရ တုန်း
ဆိုခွင့်ရတုန်း ။           ။

 မောင်ရဲနွေ (ပလိပ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts