ခေတ်ပြိုင်အတွေ့အကြုံ

သင့်မြတ် (ချင်းတွင်း) – “အယ်လ်နီညိုတဲ့လား

သင့်မြတ် (ချင်းတွင်း) – “အယ်လ်နီညိုတဲ့လား
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆

(၁)

အလယ်တန်းကျောင်းသားဘ၀ကထင်ပါရဲ့…၊ ဖြစ်တောင့်ဖြစ်ခဲ (ရွာ့မြောက်ဘက်) ရွာအနောက်ဆိပ်ကမ်းမှာ သောင်ပြင်အထူကြီးပေါ်တော့ ရွာထဲက တောင်သူဦးကြီးတယောက်က သဲပုံစေတီ တည်လေ၏ ။ ကျနော့်အတွက် ပထမဆုံးမြင်ဖူးသော သဲပုံစေတီ…။ ဟိုမေးသည်မေး စပ်စုကြည့်တော့ နောင်နှစ်နောင်နှစ်တွေမှာ သည်ဘက်ကမ်းမှာ သဲသောင်အထူကြီးမပေါ်လာအောင် သဲပုံစေတီ တည် သည် ဟူသတတ်။ အပြောင်အပြက်လား အတည်ပြောတာလား မဝေခွဲတတ်ပေမယ့် အဲသည်နှစ်က သဲသောင်ပြင်ကတော့ အတော်ထူပြီး ရေစပ်ရောက်ဖို့ အတော်လမ်းလျှောက်ခဲ့ရတာကိုမှတ်မိနေသည်။

သောင်ပြင်က ကျယ်ရတဲ့အထဲ သဲထုက ထူတော့ စိုက်ခင်းရေသွင်းစိုက်ချင်တဲ့ တောင်သူတွေအတွက် ဒီဇယ်ဖိုး ရေပိုက်ဖိုး ဘာညာနှင့် မစားသာလှ လုပ်အားပင်ရှုံးသေးသည် ဆိုရမလို။

(၂)

ကျနော်တို့ငယ်ငယ်က ရွာ နှစ်ရွာ ကြားရှိ ဘုန်းတော်ကြီးကျောင်းမြောက်ဘက်တွင် လှည်းတစီးမောင်းသာလောက်အောင် ကျယ်ခဲ့သော မြစ်ကမ်းနဖူးလမ်း ရှိခဲ့သည်ဆိုဟု ဆိုလိုက်လျှင် ယနေ့ အသက် ၂၀ အောက်လူငယ်တွေ ယုံကြပါ့မလား မပြောတတ်။ ကျနော်တို့ကလေးဘ၀တုန်းက လူကြီးတွေကပြောသည့် အဲဒီဘုန်းတော်ကြီးကျောင်းမြောက်ဘက်မှာ ယာခင်းတွေ ရှိခဲ့ဖူးတယ် ဆိုတော့ ဟုတ်ပါ့မလားထင်ခဲ့ဖူးသည်။ တရိရိ အစားခံလိုက်ရသော မြစ်တစင်း၏ နှုတ်ခမ်းသားပေါ်မှာ ရောင်းသံဝယ်သံ သီချင်းသံတွေ ညံ ခဲ့ဖူးပါသည်။

ချင်းတွင်းတကြောရဲ့ သတ်မှတ်သဘောင်္ဆိပ်ကမ်းဖြစ်တဲ့ ဟောဒီ ကမ်းပါးယံမှာ ဒီကနေ့ နိုင်ငံခြားသင်္ဘောလိုင်းမှာ ကပ္ပတိန်ဖြစ်နေတဲ့ အစ်ကိုကြီးတယောက် ဘောင်းဘီတိုလေးနဲ့ ငှက်ပျောသီးရောင်းခဲ့ဖူးသည်။ အခု တရပ်တကြးဆီ ရောက်နေတဲ့ သူငယ်ချင်းတွေလည်း သည်ကမ်းနဖူးက လမ်းကျဉ်လေးပေါ်မှာ ‘အသီးတစ်ရာအညှာတစ်ခု’ သီချင်းကို သံပြိုင်ဆိုခဲ့ကြဖူးသည်။

အထက်ဘက်ကပ်လျက် အကွေ့မှာ သစ်ပင်ကြီး သုံးလေးပင်ကြောင့်သာ ခပ်ပါးပါးချင်းအလှီးခံရတဲ့ ဟောသည်ကမ်းပါးရံက ကျနော်တို့ရဲ့ခြေရာတွေကို သယ်သွားခဲ့တာ ကြာခဲ့ပြီကော……။

(၃)

မြစ်တစင်း ဖြစ်တည်ခြင်းကို သေချာမသိပေမယ့် မြစ်တစင်းဆုံးရှုံးရတော့မယ့် မြင်ကွင်းကိုတော့ တရေးရေးသတိထားမိခဲ့တာ ကြာပါပြီ။ သူ့လမ်းကြောင်းနဲ့သူရှိရမယ့်မြစ်က ဘေးဝဲယာတိုက်စားခြင်းသည် သူ့နေရာသူချဲ့ထွင်ခြင်းမဟုတ် သူ့ ကိုယ်သူ့ဖို့သတ်ခြင်းလို့ ဆိုရမည်ထင်သည်။ အဲသည် ဖို့သတ်ခြင်းထဲမှာ ရေကြည်ရာမြက်နုရာ ဘ၀တွေ၊ မြစ်ရေလျင်လို သမိုင်းတွေ စီးဆင်းခဲ့တဲ့ ဘ၀တွေ ပါသွားဦးမည်ပဲ။

သူ့ကိုယ်သူ ဖို့မသတ် သတ်အောင် ကျနော်တို့ ( မဟုတ်သော ကျနော်တို့) အတော် အဆင်ခြင်မဲ့ခဲ့ကြသည်ထင်သည်။ ဆယ်စုနှစ် နှစ်ခုစာမှာ သစ်တော (၄၀%) လောက်ပြုန်းတီးအောင် ဖြုန်းတီးခဲ့ခြင်းက မြစ်နှင့် အတူ ရှင်သန်တဲ့ ဘ၀တွေ ပါ သေသွားစေခဲ့တယ်လို့ ဆိုလျှင် အလွန်မရှိပြီ။ သစ်တပင်ခုတ်ဖို့ မိနစ်ပိုင်းသာကြာပေမယ့် သစ်တပင်ရဖို့ နှစ် သုံးလေးဆယ် မက ကြာတတ်သည်ကို သစ်ပင်စိုက်ဖူးသူတွေ (ရင်ဘတ်နဲ့) သိလိမ့်မည်ထင်သည်။ သစ် တပင်ထိမ်းသိမ်းထားနိုင်တဲ့မြေသား (၁) ကုဗမီတာက မြစ်ကြမ်းပြင်မှာ ၀.၀၀၀၀၁ မီလီမီတာလောက်သာ မြင့်တက်စေသည် ဆိုဦးတော့ ကျနော်တို့ ယာခရိုးကို တိုက်စားဖို့ လုံလောက်သော အကြောင်းတရားပင်ဖြစ်သည်။ သန်း နဲ့ချီသော သစ်ပင်တွေ မရှိခြင်းရဲ့နောက် မြင့်တက်လာသောမြစ်ကြမ်းပြင်နဲ့ ဖြန့်ထွက်လိုက်သော မြစ်ရေပြင်က ကမ်းပါးတွေလဲ စားပြီးပြီ၊ မြစ်ရေတွေလည်း ( မကြုံစဖူး) လျှံပြီးပြီ။

တရိရိ နဲ့ ထယ်တစ်ပေါက်စာခြင်း အစားခံလိုက်ရသော မြစ်ကမ်းနဖူးက ယာခရိုးတွင် အရာရာ သဘာဝတရားဟူ၍သာ ဖြေနေခဲ့ရသည့်နှစ်ပေါင်းမနည်းတော့သလို ဘ၀ပေါင်းလည်း များလိမ့်မည်ထင်သည်။

(၄)

အယ်လ်နီညိုတဲ့လား……။ မြစ်ပြင်ကျယ်ကို ဖြတ်တိုက်လာမယ့်လေနုအေး၊ သစ်ပင်အုပ်အုပ်ကို ဖြတ်တိုက်လာမယ့် လေနုအေး တွေ မရနိုင်တော့တဲ့နောက် ပူပြင်းခြောက်သွေ့ခြင်းရဲ့ဒဏ်ကို အလူးအလဲ ခံရမည်မှာ အသေအချာပင်ဖြစ်သည်။ ကိုယ့်အရိပ်ကို သူတို့ဖျက်၊ ကိုယ့်အမိုးကို သူတို့ဖယ်ခဲ့ပေမယ့် ကျနော်တို့ လုပ်နိုင်တာလေးတွေတော့ ရှိဦးမည်ထင်ပါသည်။ အနည်းဆုံး ကျနော်တို့ သားသမီးတွေ မြေးတွေအတွက် လုပ်နိုင်တာလေးတော့ ရှိဦးမည်ထင်ပါသည်။ မြစ်ကို ကယ်ဖို့ဖြစ်စေ အရိပ်ကို ခိုဖို့ဖြစ်စေ သစ်ပင်တွေ စိုက်ကြရဦးမည်။

ဒီတခါစိုက်တဲ့သစ်ပင်က ကိုယ့်သစ်ပင်ဖြစ်ရမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

သင့်မြတ်(ချင်းတွင်း)

22/02/2016

၁) ချင်းတွင်းတံတား (မုံရွာ) မှ အလုံမြို့ဖက်သို့ မြင်ရသော မြစ်ပြင်ကျယ် – နိုဝင်ဘာ ၂၀၁၁

၂) မြစ်လယ်သဲသောင်ခုံပေါ်က လှမ်းမြင်ရတဲ့ ချင်းတွင်းတံတား (မုံရွာ) – နိုဝင်ဘာ ၂၀၁၁

၃) ချင်းတွင်းနဖူးက ကမ်းနာသစ်ပင် , နတ်ကြီးရွာ ကနီမြို့နယ်

၎) ချင်းတွင်းထဲက ၀ါးဖောင်တွေ – ၄ ဆစ်ဖောင်

၅) အဝေးကမြင်ရတဲ့ ရွှေစာရေးမြစ်ကျဉ်း ( ချင်းတွင်း)

၆) ၀ါဆို ၀ါခေါင် ရေဖောင်ဖောင် – ချင်းတွင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “သင့်မြတ် (ချင်းတွင်း) – “အယ်လ်နီညိုတဲ့လား
  1. အပင်ကြီးစိုက်ဖို့က မြေရှိဦးမှလေ။အနော်တို့က ပန်းအိုးနဲ့ပဲ စိုက်လို့ရတယ်။အပင်သေးလည်း အပူစုပ်ပါတယ်။

Comments are closed.