ဘာသာပြန်ကဏ္ဍ ရသဆောင်းပါးစုံ

မောင်ဖေသက်နီ – ဘာကြောင့် လက်ရာမြောက် အနုပညာပစ္စည်းတွေ အန္တရာယ်ရှိနေရတာလဲ

မောင်ဖေသက်နီ – ဘာကြောင့် လက်ရာမြောက် အနုပညာပစ္စည်းတွေ အန္တရာယ်ရှိနေရတာလဲ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆

(ဆိုဖီ ဟာဒက်စ် Sophie Hardach က ဘီဘီစီ ယဉ်ကျေးမှုဆိုင်ရာ ၀က်ဆိုဒ်ထဲမှာ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့မှာ ရေးသားခဲ့ တဲ့ ဆောင်းပါးကို မောင်ဖေသက်နီက မြန်မာဘာသာပြန်ဆိုပါတယ်။)
http://www.bbc.com/culture/story/20160208-why-are-these-masterpieces-at-risk

 

ဗြိတိန်နိုင်ငံရဲ့ အနုပညာလက်ရာပစ္စည်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အဓမ္မဖယ်ရှားခံခဲ့ရတာတွေ၊ ဘူဒိုဇာ တွေနဲ့ ဖြိုဖျက်ခံခဲ့ရတာတွေ၊ သတ္တုနဲ့ဖန်တီးထားတဲ့ အနုအလှပန်းပုပစ္စည်းတွေဟာ မီးရှို့ အရည်ကြိုချက်တဲ့နည်းနဲ့ အဖျက် ဆီးခံခဲ့ရသလို ခိုးယူရောင်းချခြင်းတွေကိုလည်း ခံခဲ့ကြရပါတယ်။ အဲဒီလိုဖျက်ဆီး၊ ရောင်းချခံခဲ့ရတဲ့ တန်ဖိုးရှိတဲ့ အနုပညာ လက်ရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေကြသလို ကျန်ရှိနေသေးတဲ့ အနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းကြဖို့ အစီအစဉ်တကျနဲ့ ကြိုးစားနေကြပါတယ်။

အင်္ဂလန်နိုင်ငံ လန်ကက်စတာရှိုင်းယားဈေးမြို့ “မားကက် ဟာဘောရို Market Harborough” ရဲ့ ကျေးလက်စာသင်ကျောင်း ၀င်းထဲ ထုဆစ်ထားခဲ့တဲ့ ရှားပါးပန်းပုရုပ်တုတခု ၂၀၁၄ ခုနှစ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ပြည်သူတွေက အဆိုပါပန်းပု ရုပ်တုဟာ တန်ဖိုးရှိတဲ့ ပျောက်ဆုံးသွားခဲ့တာတွေ ထဲကတခုလို့ လူကြီးသူမစကားတွေအရ သိရှိရတာပါ။ ဒီနေ့ခေတ်လူငယ် တွေက အဆိုပါရုပ်တုကို “ပူဆွေးသောကရောက်နေတဲ့ ဖန်ရုပ်တုကြီးတွေ the broken glasses”  တွေထဲကတခုလို့ သတ် မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ကျောင်းတာဝန်ရှိသူတွေက စတာလင်ပေါင် ၃၆၀ (အမေရိကန်ဒေါ်လာ ၅၂၀) လောက်နဲ့ လေလံ တင်ရောင်းချပွဲတခုကနေ ၀ယ်ယူခဲ့တာလို့ပြောဆိုခဲ့တဲ့စကားရှိပါတယ်။ (ဘာသာပြန်သူ့ ကိုးကားဖြည့်စွက်ချက်။    ။”မား ကက် ဟာဘောရို Market Harborough”  လို့ခေါ်တဲ့အရပ်ဟာ အင်္ဂလန်နိုင်ငံ လန်ကက်စတာရှိုင်းယားခရိုင် Leicestershire ထဲမှာရှိတဲ့ ဈေးမြို့ရပ်ကွက်တခုဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကို ခရိုင်အုပ်ချုပ်ရေးဌာနလို့ခေါ်ဆိုပြီး “နော့သမ်တန်ရှိုင်းယား Northamptonshire” နဲ့ “လန်ကက် စတာရှိုင်းယား” ဆုံတွေ့တဲ့နေရာမှာတည်ရှိပါတယ်။ https://en.wikipedia.org/wiki/Market_Harborough လင့်မှ ကိုးကားပါတယ်။)

ပန်းချီ၊ ပန်းပုစတဲ့ အနုပညာပစ္စည်းတွေကို စုဆောင်းလေ့ရှိသူတဦးက ပျောက်သွားတဲ့ပစ္စည်းတွေကို လိုက်လံခြေရာကောက် နိုင်ဖို့စုံစမ်းရှာဖွေရေး ကော်မတီတရပ်ဖွဲ့စည်းဖို့ဖုန်းဆက်ပြီး အကြံပြုပြောဆိုခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ကျော်ကာလတွေတုန်းက သူဟာ နာမည်ကျော်ဗြိတိသျှ ပန်းပုပညာရှင် ဘရိုင်ယန် ကနေယယ်လ် Bryan Kneale ရဲ့ “အက်စတိုနီးယား Astonia” လို့ အမည်ပေးထားတဲ့ ပြပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ သတ္တုနဲ့ဖန်တီးသွန်းထုထားတဲ့ပန်းချီပန်းပုရုပ်တုတွေပြပွဲ ကျင်းပတုန်းက ဘရိုင်ယန်ကနေယယ်လ်ရဲ့ လက်ရာအတော်များများ ခန့်မှန်းချေတန်ဖိုး စတာလင် ပေါင် ၃၀ ၀၀၀ (အမေရိကန် ဒေါ်လာ ၄၃ ၂၀၀ ခန့်) ပန်းချီပန်းပုတွေ ပျောက်ဆုံးသွားခဲ့တယ်လို့ သူ့အပြောအရသိရှိခဲ့ပါတယ်။

ဘရိုင်ယဲန် ကနေယယ်လ် Bryan Kneale”  ရဲ့ ပန်းချီ၊ ပန်းပုရုပ်တုတွေ ပျောက်ဆုံးသွားတာ သမရိုးကျတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်တုန်းက ဗြိတိန်နိုင်ငံရဲ့ လူအများနှစ်သက်တန်ဖိုးထားကြတဲ့ အနုပညာဆိုင်ရာ ပန်း ချီ၊ ပန်းပုရုပ်တုတွေကို အစတုန်းဖျက်ဆီးမှု၊ ဘူဒိုဇာလို့ခေါ်တဲ့ မြေတူးစက်ကြီးတွေသုံးပြီး ဖြိုချဖျက်ဆီးမှုတွေလုပ်ခဲ့ကြပါတယ်။ သတ္တုနဲ့ပုံသွင်းလောင်းထားတဲ့ ပန်းပုရုပ်တုတွေကို အပူပေးပြီး အရည်ဖျော်ပစ်လိုက်တာတွေလည်းရှိခဲ့ပါတယ်။ အဲဒီလိုပျက်စီးအောင်ဖျက်ဆီးလိုက်ကြတဲ့အတွက် တသီးပုဂ္ဂလတွေရော၊ စုဆောင်းသူတွေရော အထူးဝမ်းနည်းယူကျုံးမရ ဖြစ်ခဲ့ရပါ တယ်။ ပျက်စီးသွားခဲ့တာတွေထဲမှာ ၁၉၅၁ ခုနှစ်ကျင်းပခဲ့တဲ့ ဗြိတိန်ပွဲတော် (1951 Festival of Britain) မှာ ပြသဖို့အတွက် မီတာ ၃၀၀ အမြင့်အလူမီနီယမ်နဲ့ထုဆစ်ဖန်တီးထားခဲ့တဲ့ ရုပ်တုကြီးတခုပါဝင်သွားခဲ့တာ အထူးကြေကွဲစရာတခု ဖြစ်ပါတယ်။

 

၁၉၅၁ ခုနှစ်တုန်းမှာကျင်းပခဲ့တဲ့ ဗြိတိန်ပွဲတော်မှာပြသဖို့အတွက် ရည်ရွယ်ထုဆစ်ထားခဲ့တဲ့ မီတာ ၃၀၀ အမြင့်ရှိတဲ့ အလူမီနီယမ်နဲ့ထုဆစ်ဖန်တီးထားခဲ့တဲ့ စကိုင်းလန် Skylon လို ခေါ်တဲ့ ‘ည အမှောင်ထဲထွန်းတဲ့ဆလိုက်စင်ကြီး’ တခုပါဝင်သွားခဲ့ပါတယ် (Historic England မှ ကိုးကားပါတယ်)

“ဒါက သမိုင်းကို ညွှန်ပြနေတာပါ။ ဒီတပတ်ထဲမှာ တန်ဖိုးရှိအနုပညာပစ္စည်းတခု ပျောက်သွားခဲ့တယ်လေ”  လို့ “လန်ဒန်ဆန် မ္မာ ဆက် စံအိမ်တော် London’s Somerset House” လို့ခေါ်တဲ့ ပြတိုက်သစ်ဖွင့်ပွဲနေမှာ ပြတိုက်မှူး ဆာရာ ဂါဗဲန်တာ Sarah Gaventa  က ပြောပြခဲ့တာပါ။ ဆာရာ ဂါဗဲန်တာ ဟာ ဘရိုင်ယဲန် ကနေယယ်လ်ရဲ့ အနုပညာလက်ရာတွေပြပွဲတာဝန်ရှိသူတဦးဖြစ်ပြီး သမိုင်းဝင်အင်္ဂလန်ရဲ့ ရှေးဟောင်းအနုပညာ ရပ်များဌာနရဲ့ အမှုထမ်းတဦးလည်း ဖြစ်ပါတယ်။

 

လန်ဒန်မြို့ရဲ့ အောက်စဖို့လမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပန်းချီ၊ ပန်းပု ပြခန်းမှာ ပန်းပုဆရာမ ဘာဘရာ ဟက်ပ်ဝါ့သ် Barbara Hepworth  ရဲ့  ‘အတောင်ပံတွေရဲ့ ပန်းပု Winged Figure ‘ ဆိုတဲ့ ပန်းပုရုပ်တု (Historic England မှ ကိုးကားပါ တယ်)

ဗြိတိန်နိုင်ငံရဲ့ ပန်းချီ၊ ပန်းပုအနုပညာပစ္စည်းတွေအများစုကို ဒီနေ့အချိန်မှာ အဆောက်အဦးတွေထဲမဟုတ်ဘဲ လေဟာနယ်ထဲ ပြတာကို ပြည်သူလူထုက နှစ်ခြိုက်သဘောကျကြပါတယ်။ ၁၉၆၃ ခုနှစ်မှာ သွန်းထုခဲ့တဲ့ ပန်းပုဆရာမ ဘာဘရာ ဟက်ပ်ဝါ့သ် Barbara Hepworth  ရဲ့  ‘အတောင်ပံတွေရဲ့ သဏ္ဍာန် Winged Figure’ ပန်းပုရုပ်တုဟာ လန်ဒန်ရဲ့ အစည်ကားဆုံးလမ်းမ အောက်စဖို့လမ်းမကြီးပေါ်မှာတည်ရှိတဲ့ ‘ဂျွန် လွစ္စ John Lewis’ စတိုးဆိုင်ကြီးရဲ့ ဘေးနားမှာရှိနေတဲ့ လေဟာနယ်ထဲမှာပြသ ထားပါတယ်။ ဟင်နရီမိုး Henry Moore ရဲ့  ‘ပြန်လည်ပြုပြင် ဖန်တီးထားတဲ့ အမှတ် (၅) ဆိုတဲ့သဏ္ဍာန်ရုပ်တု Two Piece Reclining Figure No. 5’ ဟာလည်း ကဲင်ဝုဒ်ဟောက်စ် Kenwood House မှာ တည်ရှိပါတယ်။ (ဘာသာပြန်သူ့ ကိုးကားဖြည့် စွက်ချက်။  ။ လန်ဒန်မြို့ထဲမှာတည်ရှိတဲ့ ဟမ္ပစတက်ဒ် ဟိသ် Hampstead Heath  နားမှာရှိတဲ့ ကဲင်ဝုဒ်ဟောက်စ် Kenwood House ဟာ အကျယ် ၃၂၀ ဟက္ကာ (၇၉၀ ဧက) ခန့်လောက်ရှိပြီး မြက်ခင်းပြင်စိမ်းကြီးရှိပါတယ်။ အခြားတဖက်မှာတောင် ကုန်းတခု ရှိနေပြီး သူ့ကိုကျော်ကြည့်လိုက်ရင် သဲသောင်ပြင်တခုနဲ့ အင်မတန်လှပတဲ့ရှုခင်းကိုတွေ့ရမှာပါ။ ပန်းခြံထဲမှာရေကန် ငယ်လေးတွေ၊ ရေအိုင်ငယ် လေးတွေနဲ့အလွန်အင်မတန် လှပရှုမောဖွယ်ကောင်းပါတယ်။ https://en.wikipedia.org/wiki/Hampstead_Heath မှ ကိုးကားပါတယ်) အဲဒါကိုလွန်ရင်တော့ ဗြိတိသျှပါလီမန် အဆောက်အဦးပါဘဲ။ အနီးအနားမှာ ၀ီလီ ဆိုကော့ပ် Willi Soukop ရဲ့ ‘မြည်းရုပ်တု Donkey’ ရှိနေပါ တယ်။ (ဘာသာပြန်သူ့ကိုးကားဖြည့်စွက်ချက်။     ။ ၀ီလ်ဟဲမ် ဆိုကော့ပ် Wilhelm Josef Soukop ဟာ ၁၉၃၅ ခုနှစ်တုန်းက သွန်းထုခဲ့တဲ့ ‘မြည်းရုပ်တု Donkey’ နဲ့ ၁၉၅၀ မှာ သွန်းထုခဲ့တဲ့ ‘ရေပန်းဗျိုင်း  Swan Fountain’ တွေကြောင့်နာမည်ကြီးထင်ရှားပါတယ်။ ၀က်ဆိုဒ်လင့် https://www.dartington.org/about/our-history/dartington-whos-who/willi-soukop/ မှ ကိုးကားပါတယ်)

ဝီလီ ဆိုကော့ပ် Willi Soukop ရဲ့ မြည်းရုပ်တု ‘Donkey’  ဟာ ၁၉၅၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ကတည်းက အင်မတန် လူ ကြိုက်များ သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့တဲ့ ရုပ်တုတခုပဲဖြစ်ပါတယ်။ (Andy Lovell/Alamy မှ ကိုးကားပါတယ်)

 

ဒါပေမယ့် အဲဒီ့ အနုပညာလက်ရာဟာ အဆောက်အဦးအတိုင်း ကံအကြောင်း မလှခဲ့ပါဘူး။

Historic England ပြခန်းမှာပြသခဲ့တဲ့ ပန်းချီ၊ ပန်းပုတွေထဲမှာပြသခဲ့တဲ့ရုပ်တုနှစ်ခုက ဗိသုကာလက်ရာအရရော၊ အနုပညာ အရရော အင်မတန် လက်ရာမြောက်ခဲ့ပေမယ့် ဖျက်ဆီးခံခဲ့ရတဲ့ထဲ ပါသွားခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ထုဆစ်ခဲ့တဲ့ အဇ္ဈတ္ထ၀ါဒီ ဗြိတိသျှအနုပညာရှင် ထရေဗာ တဲန္နဲန့် Trevor Tennant ရဲ့ ပန်းပုရုပ်တုတွေကို လန်ဒန်မြို့အနီးမှာရှိတဲ့ ၀ဲလ်ဝင် ဂါဒဲန်း စီးတီး Welwyn Garden City က ဆေးရုံရဲ့ အ၀င်ခန်းမကြီးထဲ မှာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ထရေဗာ တဲန္နဲန့်ရဲ့ ပန်းပုရုပ်တုတခုဟာ အဲဒီ့အချိန်က အဲဒီဆေးရုံမှာ အလုပ်လုပ်နေခဲ့တဲ့ ဆရာဝန်တဦးက သိမ်းဆည်းယူဆောင်သွားခဲ့တဲ့အတွက် အဖျက်ဆီးမခံခဲ့ရ ပါ ဘူး။ ဗြိတိသျှအနုပညာရှင် ပေါ်လ် မွန့် Paul Mount  ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အင်္ဂလန် တောင်ဘက်အစွန်ဆုံးဒေသ ကော်န်ဝေါလ် Cornwall အရပ်ဒေသရှိ ဆူပါမားကက်အဆောက်အဦကို ၂၀၀၉ ခုနှစ်ထဲ ပြန်လည်ရှင်းလင်းစဉ်မှာ အဲဒီ့ ပန်းပုရုပ်တုကို ပြန်လည်တွေ့ ရှိခဲ့ပါတယ်။ ဒေသခံတွေက အနုပညာတွေရဲ့ ၆၀ ရာခိုင်နှုန်းရှိတဲ့ရုပ်တုတွေကို သူတို့ အိမ်တွေ၊ ခြံတွေထဲရွှေ့ပြောင်းခဲ့ကြတဲ့အတွက် ပျောက်ပျက်မသွားခဲ့ကြပါဘူး။ ပန်းပုရုပ်တုနဲ့အနုပညာလက်ရာ အတော်များများက တော့ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရုပ်တု ၁၆၀ ကျော်ကတော့ မြေပြိုတဲ့ထဲပါသွားခဲ့တဲ့အတွက် လုံးဝဆုံးရှုံးသွားခဲ့ရပါတယ်။ (ဘာသာပြန်သူ့ ကိုးကားဖြည့်စွက်ချက်။ ။ ဗြိတိသျှလူမျိုး ပန်းပုပညာရှင် ထရေဗာ တဲန္နဲန့်Trevor Tennant ကို လန်ဒန်မြို့မှာ ၁၉၀၀ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ မှာ မွေးဖွားခဲ့ပြီး “ဂိုးလ်စမစ် တော်ဝင် အနုပညာကောလိပ် Goldsmith’s College of Art and at the Royal Academy” မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ သူဟာ “နိုင်ငံတကာအနုပညာရှင်များအသင်း the Artists International Association” အဖွဲ့ကြီးရဲ့ ဂုဏ်ထူးဆောင်ဆုကို နှစ်ကြိမ်တိတိ လက်ခံရရှိခဲ့ပါတယ်။ သူဟာ ၁၉၃၀ ခုနှစ်ကနေ ၁၉၃၄ ခုနှစ်အထိ ကမ်ဘာဝဲလ် အနုပညာသင်ကောလိပ် Camberwell School of Art  မှာ၊ ၁၉၃၄ ခုနှစ် ကနေ ၁၉၄၀ ခုနှစ်အထိ ဒူးလ်ဝစ်ခ်ျ ကောလိပ် Dulwich College နဲ့ ၁၉၄၆ ခုနှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ဟမ္မားစမစ် အနုပညာသင်ကောလိပ် Hammersmith School of Art နဲ့ ၁၉၄၇ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ ဂီလ်ဖေါ့ဒ် အနုပညာ သင်ကောလိပ် Guildford School of Art  တို့မှာ အနုပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့ပါတယ်။ သူဟာ ၁၉၈၀ ခုနှစ် အောက်တိုဘာလနဲ့ဒီဇင်ဘာလအတွင်းမှာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း နော်ဖေါ့က် Norfolk ဒေသမှာ ကွယ်လွန် အနိစ္စရောက် သွားပါတယ်။ နေရာအတော်များများမှာ ပြောင်းရွှေ့ နေထိုင်ခဲ့တဲ့အတွက် သူ့ကွယ်လွန်မှု အသေးစိတ်ကို ဘယ်သူမှ အတိအ ကျ မပြောနိုင်ကြပါဘူး။ http://sculpture.gla.ac.uk/view/person.php?id=ann_1288733819 မှ ကိုးကားပါတယ်)

သူနဲ့ခေတ်ပြိုင် အနုပညာရှင်တွေဖြစ်ကြတဲ့ “ဘော့ (ဘ်) နဲ့ရဘက်ကာ စမစ် (သ်) Bob and Roberta Smith” ဇနီးမောင်နှံတို့ ဟာ အနုပညာရှင် “ဟင်နရီမိုး Henry Moore” ရဲ့ အထိမ်းအမှတ် ၂၀၁၃ ကို ဖန်တီးခဲ့ကြပါသေးတယ်။ (ဘာသာပြန်သူ့ကိုးကားဖြည့်စွက်ချက်။  ။ဗြိတိသျှအနုပညာရှင် ဟင်နရီ စပင်ဆာ မိုး Henry Spencer Moore  ကို စိတ္တဇပန်းပုပညာရှင်လို့လူသိများကြပါတယ်။ သူ့အနုပညာရုပ်တုတွေကို ကမ္ဘာနဲ့တ၀ှမ်းမှာ တွေ့ မြင်နေကြရပါတယ်။ သူရဲ့ အနုပညာတွေဟာ လူသား တွေရဲ့ပုံမှန်အတိုင်းမဟုတ်ဘဲ အနေအထားကိုပြုပြင် ထုလုပ်တတ်တဲ့အတွက် စိတ္တဇပန်းပု ပညာရှင်လို့ လူသိများကြတာဖြစ်ပါ တယ်။ သူဟာ ၁၉၅၀ ခုနှစ်တွေတုန်းက ‘အမေနဲ့ရင်သွေး Mother-and-Child’ နဲ့ ကြေးသွန်းပန်းပုရုပ်တွေကို ထုဆစ်ခဲ့ပါတယ်။ သူ့ မွေးဇာတိ ‘ယောက်ရှိုင်းယား Yorkshire’ ရဲ့ တောင်ကုန်းတွေရဲ့ အလှအပတွေကိုလည်း စိတ္တဇပန်းပုပညာရပ်နဲ့ဖန်တီးခဲ့ပါ သေးတယ်။ သူ့ ကို အင်္ဂလန်နိုင်ငံက မော်ဒန်အနုပညာရှင်တဦးလို့သတ်မှတ်ခဲ့ကြတာပါ။ အင်္ဂလန်ရဲ့ ပြည်သူလူထုအများစုက “ဟင်နရီမိုး ဖောင်ဒေးရှင်း Henry Moore Foundation” ဆိုတဲ့ အဖွဲ့ကိုထူထောင်ပြီး သူ့ ကိုဂုဏ်ပြုခဲ့ကြပါတယ်။) ဟင်နရီမိုးရဲ့ ‘အနွေးထည်လွှမ်းထားတဲ့ ထိုင်နေတဲ့ အမျိုးသမီးတယောက် ပန်းပုရုပ်တု Draped Seated Woman’ ဟာ သူ့ နာမည်ကြီးပန်း ပုရုပ်တုတခုဖြစ်ပြီး အခုအချိန်မှာ “လန်ဒန်မြို့ ဟမ္မလက် တာဝါ London’s Tower Hamlets” ဆိုတဲ့ အဖွဲ့က ပိုင်ဆိုင်ထား ပါတယ်။ အခုပြောတဲ့ ပန်းချီ၊ပန်းပု အနုပညာပစ္စည်းတွေကို လူထုတရပ်လုံးက ပြည်သူပြည်သားတွေကဘဲ ပိုင်ဆိုင်ကြတယ် လို့ အခုအချိန်အထိ သတ်မှတ်နေကြဆဲဖြစ်ပါတယ်။

ဟင်နရီမိုးရဲ့ ‘အနွေးထည်လွှမ်းထားတဲ့ ထိုင်နေတဲ့ အမျိုးသမီးတယောက် ပန်းပုရုပ်တု Draped Seated Woman’ ကို ရောင်းချမယ့်အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြတောင်းဆိုမှုဟာ အောင်မြင်ခဲ့ပြီး အခုဆိုရင် ယောက်ရှိုင်းယားရုပ်တုပန်းခြံထဲမှာ တည်တည်တံ့တံ့ ရပ်တည်နေပါပြီ (Historic England မှ ကိုးကားပါတယ်)

“အကြောင်းအရာတွေကို လုပ်ဇာတ်ခင်းပြီး  အဲဒီအနုပညာတွေဟာ သိပ်ကိုတန်ဖိုးရှိပါတယ်” လို့ စမစ် (သ်) ဇနီး မောင်နှံတို့က ပြောဆို ခဲ့ပါတယ်။

“ဗြိတိန်နိုင်ငံရဲ့ လူထုမြင်ကွင်းအနုပညာဖြစ်ထွန်းမှု Evolution of Britain’s public art” ဟာ စစ်ပြီးကာလမှာပိုပြီး စည်းကမ်း တင်းကျပ်လာခဲ့တာပါ။ ပျက်စီးသွားခဲ့တဲ့မြို့တွေကိုပြန်လည်ပြုပြင်ဖို့အတွက် နိုင်ငံရေးစနစ်ကိုအဓိကထားပြီး ပြင်ဆင်ရမယ် လို့ ဗြိတိန်အစိုးရက စည်းရုံးပြောဆိုခဲ့ပါတယ်။ အနုပညာပစ္စည်းတွေနဲ့အလှဆင်ထားတဲ့ အပန်းဖြေပန်းခြံတွေ၊ ဆေးရုံတွေနဲ့ လူမှုရေးအိမ်ရာတွေဟာ အဆင့်မြင့်တဲ့ လူသားတွေရဲ့ လူ့ ဂုဏ်သိက္ခာနဲ့အညီလူ့ တန်ဖိုးတွေကို မြှင့်တင်ပေးဖို့နဲ့ လူ့ယဉ်ကျေး မှုတွေကို လူအများခံစားနိုင်ဖို့အတွက် ရည်ရွယ်ခဲ့ကြတာပါ။ အင်္ဂလိပ်စကားပြောနိုင်ငံတချို့မှာ စာသင်ကျောင်းသစ် စတင် တည်ထောင်ပြီဆိုတာနဲ့ အနုပညာရပ်ကို လူမှုရေးဘာသာရပ်တခုအနေနဲ့ ကျောင်းပြဌာန်းစာအုပ်ထဲ ထည့်သွင်းပြီး ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပြသပေးနေကြပါတယ်။

မြောက်ပိုင်းကမ္ဘာရဲ့ နတ်မိမယ်လို့ ကင်ပွန်းတပ်ထားတဲ့ အဲန်တိုနီ ဂေါမ္မလေ Antony Gormley ရဲ့ ၅၄ မီတာရှည်တဲ့ သတ္ထုနဲ့ သွန်းထုထားတဲ့ ဂိတ် (စ်) ဟက် လို့ခေါ်တဲ့ ရုပ်တု

 

(ဘာသာပြန်သူ့ ဖြည့်စွက်ကိုးကားချက်။ ။ဂိတ်(စ်)ဟက် Gateshead ဟာ အင်္ဂလန်ရဲ့ အရှေ့မြောက်ပိုင်းက ‘တိုင်းန်နဲ့ ၀ဲယား Tyne and Wear’ ဒေသမှာတည်ရှိပြီး ဘော်ရိုးဂိတ် (စ်) ဟက် မြို့ပြအနေနဲ့တည်ရှိနေတဲ့ မြို့တမြို့ဖြစ်ပြီး ဘော်ရိုး ဂိတ် (စ်)ဟက် Metropolitan Borough of Gateshead ကို ဂုဏ်ပြုတဲ့အနေနဲ့သူ့ ရဲ့ရုပ်တုကို ထုလုပ်ဆောက်တည်ခဲ့တာပါ။ https://en.wikipedia.org/wiki/Tyne_and_Wear မှ ကိုးကားပါတယ်)

ကမ္ဘာစစ်ကြီးကာလအတွင်း ဗြိတိန်နိုင်ငံကိုထွက်ပြေးလာခဲ့ကြတဲ့ ဥရောပရဲ့ အနုပညာရှင်အတော်များများဟာ သူတို့ရဲ့ ဖန် တီးမှုစွမ်းရည်ဟောင်းကို ဖန်တီးမှုအသစ်တွေနဲ့ပြောင်းလဲပစ်မယ့် ဗြိတိသျှတို့ရဲ့ ဉာဏ်သစ်လောင်းအစီအစဉ်တွေကို လိုက်နာ ကျင့်ကြံကြဖို့ ဆန္ဒမရှိကြပါဘူး။ ဗြိတိန်နိုင်ငံကတော့ ပန်းပုရုပ်တုတွေဖန်တီးထုလုပ်ကြဖို့အတွက် နေရာဌာနသစ်တခုအနေနဲ့ ဖြစ်လာနေပါတော့တယ်။

“အဲဒါဟာ အတိုင်းအတာတခုအထိလောက်ပဲ သည်းခံနိုင်ကြမှာပါ။ ကျောင်းသစ်တွေ၊ ဆေးရုံဆေးခန်းသစ်တွေ၊ စိတ်ကူးစိတ် သန်းသစ်တွေနဲ့အစား ထိုးလိုက်မှုတိုင်းဟာ သာမန်ပြည်သူပြည်သားတွေအတွက်ကတော့ အလုံးစုံမကောင်းနိုင်ပါဘူး” လို့ “လန်ဒန်ဆန်မ္မာဆက် စံအိမ်တော် London’s Somerset House” ပြတိုက်မှူး ဆာရာ ဂါဗဲန်တာ Sarah Gaventa က ပြော ခဲ့ပါတယ်။

● ပြည်သူလူထုရဲ့အကာအကွယ်ရယူခြင်း
ကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက်ပိုင်း အနုပညာပစ္စည်းတွေဟာ ပြည်သူလူထုတွေရဲ့ အကာအကွယ်နဲ့ ဆက်လက်ရပ် တည်နေရပါတယ်။ ဒါပေမယ့် ဇီဇာကြောင်တဲ့ လူတချို့ရှိနေသေးတာကြောင့် အနုပညာပစ္စည်းတွေဟာ ဆက်လက်ပျောက်ကွယ်ဆုံးရှုံးနေရဆဲပါ။

၁၉၇၂ ခုနှစ်တုန်းက ရုပ်တုပေါင်း ၁၆ ခုဟာ ပျောက်ဆုံးသွားခဲ့ရပါတယ်။ တခြားမြို့ တွေက ငှားယမ်းသွားခဲ့တာလို့ပြောဆို နေကြပါတယ်။ အဆိုပါမြို့တွေကလည်း သူတို့ဝယ်ယူခဲ့တာပါလို့ ပြောဆိုနေကြပါတယ်။ ဒါဆို “ပျောက်ဆုံးမှုစီမံကိန်း” လို့ သတ်မှတ်ရတော့မလိုမျိုးပါ။ နိုင်ငံတော်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးကတော့ “အညှီအဟောက်အဖြစ်အပျက်” တွေဆိုပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပန်းပုရုပ်တုတခုကလွဲလို့တခြားအနုပညာတွေကို မျက်နှာလွှဲခဲပစ်နေထိုင်ခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြို့ပြယဉ်ကျေးမှုဆိုင်ရာ ယဉ်ကျေးမှုပေါင်းကူး အစီအစဉ်ထဲက ကဏ္ဍတခုဖြစ်တဲ့ ကင်း ဘရစ်မှာရှိနေတဲ့ ဘယ်ရီ ဖလယ်နာဂဲန်ရဲ့ ရုပ်တုဖြစ်ပြီး အဆိုပါရုပ်တုဟာ အတော်များများပျက်စီးသွားတဲ့အတွက် ပြန် လည်ပြုပြင်နေ ပါတယ်။ (အာနိုလ်ဖီနီပြခန်း Arnolfini Gallery မှ တဆင့်ကူးယူဖေါ်ပြပါတယ်)

ပန်းချီ၊ ပန်းပုရုပ်တု အပျက်အစီး သံတိုသံစတွေဟာ လေဟာနယ်ထဲမှာပြသထားခဲ့တဲ့ ပန်းချီ၊ ပန်းပုအနုပညာပစ္စည်းတွေရဲ့ အန္တရာယ်ရှိနေကြောင်း မကြာသေးမှကာလတုန်းက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သိရှိရပါတယ်။ (ဘာသာပြန်သူ့ ကိုးကားဖြည့်စွက်ချက်။ ။ကြေးနဲ့သွန်းထုထားတဲ့ ပုံသဏ္ဍာန်နှစ်မျိုး (စက်ဝိုင်းကို နှစ်ပိုင်းပိုင်းထားတဲ့ ပန်းပုရုပ်တု) ကို ဘာ ဘရာ ဟက်ပ်ဝါ့သ် Barbara Hepworth က ၁၉၆၉ ခုနှစ်မှာ သွန်းထုခဲ့တာပါ။ အဲဒီရုပ်တုကို အပိုင်းခြောက်ပိုင်းခွဲပြီး လေ့ လာလို့ရပါတယ်။ ပန်းပုသွန်းထုသူအလိုအရ ရှုဒေါင့်အမျိုးမျိုးကနေ အဓိပ္ပါယ် အများကြီးကို ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ပန်းပုရုပ်တုရဲ့ ဒိုင်မင်းရှင်းက ၂၃၇၀ စင်တီမီတာ (၉၃၀ လက်မ)၊ ၂၃၄၀ စင်တီမီတာ (၉၂၀ လက်မ) နဲ့ ၅၄ စင်တီမီတာ (၂၁ လက်မ) တို့ ဖြစ်ကြပါတယ်။ https://en.wikipedia.org/wiki/Two_Forms_(Divided_Circle) မှ ကိုးကားဖြည့်စွက်ပါတယ်) အဲဒီ့ ပန်းပုရုပ်တုဟာ လန်ဒန်မြို့ ”ဒူလ်ဝစ် ဥယျာဉ် Dulwich Park”  ထဲကနေ ခိုးယူခံခဲ့ရပါတယ်။ ခိုးယူသူတွေက ရုပ်တုကို တစစီဖြုတ်ပြီး အရည်ကြိုချက် ပစ်ခဲ့တယ်လို့ရဲဌာနအဆိုအရ သိရှိရပါတယ်။ ပန်းပုရုပ်တုပေါင်း ၁၉၆၉ ဟာလည်း အလားတူ အခိုးခံခဲ့ရပြီး အရည်ကြိုချက်တာတွေ ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ အလားတူ ဟင်နရီမိုး ရုပ်တုဟာလည်း ခိုးယူကြိုချက်တာခံခဲ့ရတယ်လို့သိရှိရပါတယ်။

 

ဟင်နရီမိုးရဲ့ ကြေးပန်းပုရုပ်ဟာလည်း ၂၀၀၅ ခုနှစ်တုန်းက ဟာ့တ်ဖေါ့ဒ်ရှိုင်းယား Hertfordshire မှာ ခိုးယူခံခဲ့ရပါတယ်။ အဆိုပါ ပန်းပုရုပ်ဟာလည်းဘဲ အရည်ကြိုပြီး စတာလင်ပေါင် ၁၅၀၀ (အမေရိကန် ဒေါ်လာ ၂၁၆၀ ခန့်နဲ့ရောင်းချပစ်ခဲ့တာပါ။)

အဲဒီ ပန်းပုရုပ်တုဟာ သူ့တန်ဖိုး ဗြိတိသျှစတာလင်ပေါင် ၃ မီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ သန်းခန့်) တန်ဖိုးရှိနေ တာဖြစ်ပါတယ်။

 

ဘာဘရာ ဟက်ပ်ဝါ့သ် Barbara Hepworth ရဲ့ နာမည်ကျော် ပန်းပုရုပ်တုတွေဖြစ်တဲ့ ကြေးနဲ့သွန်းထု ထားတဲ့ ပုံသဏ္ဍာန်နှစ်မျိုး (စက်ဝိုင်းကို နှစ်ပိုင်းပိုင်းထားတဲ့ ပန်းပုရုပ်တု) ဟာ ၂၀၁၁ ခုနှစ်ထဲမှ ခိုးယူကြိုချက်ခံခဲ့ရပြီး တချို့ဟာ တစစီ ဖျက်ဆီးပစ် တာတွေခံခဲ့ရပါတယ်။ (အချက်အလက်တွေနဲ့ဓါတ်ပုံတွေကို အသုံးပြုခွင့်ပေးခဲ့တဲ့ ဖန်တီးမှုအနုပညာဌာန ဒိုင်းမွန်း ဂီဇာ Diamond Geezer ဌာနကို အထူးကျေးဇူးတင်ပါတယ်။)

အဲဒီ့ ပန်းချီ၊ ပန်းပု အနုပညာပစ္စည်းတွေကို အဆောက်အဦးတွေထဲ ပြောင်းရွှေ့သိမ်းဆည်းထားမယ်ဆိုရင် အပျောက်အရှ မရှိနိုင်ဘဲ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မရနိုင်ပေဘူးလော။ အဲဒီလို သိမ်းဆည်းထားမယ်ဆိုရင် နေ့တဓူဝ လက်ရာမြောက် အနုပညာပစ္စည်းတွေကို မပျောက်မရှဘဲ ယုံယုံကြည်ကြည် စိတ်ချမှုအပြည့်နဲ့ရှိနေစေမှာပါလို့ “လန်ဒန်ဆန်မ္မာဆက် စံအိမ် တော် London’s Somerset House” လို့ခေါ်တဲ့ ပြတိုက်ရဲ့ ပြတိုက်မှူး ဆာရာ ဂါဗဲန်တာ Sarah Gaventa  က ယူဆနေပါတယ်။
“အဲဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ပြတိုက်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အနုပညာပစ္စည်းတွေလည်း လုံလုံခြုံခြုံနဲ့ သိမ်းဆည်း သွားနိုင်မှာပါ။ အဲဒါမျိုးဟာ နေ့စဉ်လုပ်ရမယ့်လုပ်ငန်းစဉ်တွေလို့ သဘောထားရှိပါတယ်။ အဲဒီလို စိတ်ဓါတ်မျိုးတွေကို မွေးမြူ မြှင့်တင်ပေးရမှာပေါ့” လို့ ဆာရာ ဂါဗဲန်တာက ယူဆနေတာပါ။

လူအများဖြတ်သွားဖြတ်လာလုပ်လေ့ရှိတဲ့ မာ့က် ၀ါလင်ဂါ ရဲ့ ‘လမ်းဆုံလမ်းခွ Labyrinth’ လို့အမည်ရတဲ့ ၂၀၁၃ ခုနှစ် လန်ဒန် မြေအောက်ဘူတာရုံစင်္ကြန် ဓါတ်ပုံ (တီအဲရီ ဘာလ် Thierry Bal မှ အကူအညီပေးထားတဲ့ဓာတ်ပုံ)

“လေဟာနယ်မှာ အနုပညာပစ္စည်းများပြသခြင်း” နဲ့ပါတ်သက်ပြီး Historic England ရဲ့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် အယ်လင် ဟာရီဆင် Ellen Harrison က မေ့ပျောက်လို့မရတဲ့ “အဖိုးတန်ပစ္စည်းများ forgotten national collection”  လို့ပြောဆို နေပါတယ်။ အရေးကြီးတာက အခန်းတခုခု၊ ဒါမှမဟုတ် အဆောက်အဦ တခုခုထဲမှာ ပိတ်လှောင်သိမ်းဆည်းမထားဖို့နဲ့လူထုကို ပြသထားဖို့ဘဲလိုတာပါလို့ သူက ဆက်ပြောခဲ့ပါတယ်။

“ဘာပစ္စည်းတွေ သူတို့ပိုင်ဆိုင်ထားလဲဆိုတာသိရင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သူတို့သိမှာပါ” လို့ သူက ဆက်ပြော ခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ ပန်းချီ၊ ပန်းပု အနုပညာလက်ရာတွေကို ‘တွစ်တာ Twitter’ လူမှုရေးကွန်ယက်က တဆင့်စုံစမ်းရှာဖွေသင့်ကြောင်းနဲ့ အနုပညာလက်ရာအားလုံးရဲ့ ပစ္စည်းစာရင်းကို ကက်တလောက်စာရင်းတခု ပြုလုပ်သင့်တယ်လို့ သူ့သဘော ထားကို ပြောပြခဲ့ပါတယ်။

 လန်ဒန်ကောလိပ်ဝင်းထဲက ဟင်နရီ စပင်ဆာ မိုး ရဲ့ ၁၉၆၂ ကနေ ၁၉၆၅ ခုနှစ်တွေအတွင်း ထုလုပ်ခဲ့တဲ့ ‘ဓါးရဲ့ အစွန်းနှစ်ဖက် Knife Edge Two Pieces’ ပန်းပုရုပ်တုဟာ ၀က်မင်စတား နန်းတော်ရဲ့ ဘေးနားမှာ တည်ရှိနေတဲ့ပုံ (ဒီဓါတ်ပုံကို ဂျပ်စတင် ကေ့စ် Justin Kase  က ကူညီပေးတဲ့ပုံ။ အကိုးအကားနံပါတ် Justin Kase z12z/Alamy ဖြစ်ပါတယ်)

ဒါပေမယ်လို့ပျောက်ဆုံးသွားခဲ့တဲ့ ပန်းပုရုပ်တုတွေနဲ့ ပန်းချီကားချပ်တွေရဲ့ စာရင်းကို ဒီနေ့အချိန်အထိ အတိအကျ မသိရှိရ သေးပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲမှာ ဗြိတိန်အစိုးရက ဘာဘရာ ဟက်ပ်ဝါ့သ်၊ ဟင်နရီမိုးနဲ့ အဲန်ထော်နီ ဂေါ်မ်္မလေး Antony Gormley ရဲ့ ရုပ်တုတွေအပါအ၀င် ကမ္ဘာစစ်ကြီးမတိုင်မီတုန်းက ပျောက်ဆုံးခဲ့တဲ့ ပန်းပုရုပ်တုပေါင်း ၄၁ ရုပ်တုကို ဗြိတိသျှ အစိုးရက ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေလို့သတ်မှတ်ပြီး စနစ်တကျနဲ့ ကာကွယ်စောင့်ရှောက်ထားပါတယ်။ အဲဒီ့ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့နေရာတွေကို အင်တာနက်ကနေတဆင့် ရှာဖွေသွားရောက်လေ့လာလို့ရနေပါတယ်။


ဆာရာ ဂါဗဲန်တာက ပန်းပုရုပ်တုပန်းချီကားတွေအပါအ၀င် စံနမူနာတွေကိုပါ သူအလုပ်လုပ်နေတဲ့ “လန်ဒန်ဆန်မ္မာဆက် စံအိမ်တော် London’s Somerset House” ပြတိုက် လေဟာနယ်ထဲမှာ ပြသထားတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။

“အကောင်းတကာ့အကောင်းဆုံးနဲ့ထိပ်တန်းပန်းချီ၊ ပန်းပုတွေရဲ့ တကယ့်အစစ်တွေကိုတော့ ကျမတို့လူထုတရပ်လုံးရဲ့ လေ ဟာနယ်မြင်ကွင်းမျိုးမှာတော့ ကျမတို့မပြနိုင်သေးပေမယ့် အကောင်းဆုံးဖြစ်အောင် စီစဉ်ထားတာပါ” လို့ ဆာရာ ဂါဗဲန်တာက ရှင်းပြခဲ့ပါတယ်။

(အခုဆောင်းပါးဟာ ဗြိတိန်နိုင်ငံရဲ့ ဘီဘီစီဌာနရဲ့ မူပိုင်ခွင့်နဲ့တင်ပြထားတာပါ။ အခု စီးရီးတွေကို ဆက်လက်ဖတ်ရှုချင်တယ် ဆိုရင် ဘီဘီစီရဲ့ ပင်မ၀က်ဆိုဒ်ကနေ ဖတ်ရှုလို့ရပါတယ်။ ဖေ့ဘွတ် Facebook နဲ့ တွစ်တာ Twitter တို့ကနေလည်း ဖတ်ရှု လို့ရနေပါတယ်)

(ဒီဆောင်းပါးကို ဆိုဖီ ဟာဒက်စ် Sophie Hardach က ဘီဘီစီ ယဉ်ကျေးမှုဆိုင်ရာ ၀က်ဆိုဒ်ထဲမှာ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့မှာ ရေးသားခဲ့တဲ့ ဆောင်းပါးကို မောင်ဖေသက်နီက မြန်မာဘာသာပြန်ဆိုပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts