ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – ၁၁

စစ်တပ်က လွှတ်တော်ကိုယ်စားလှယ် ဗိုလ်တောက်ထွန်း


ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – ၁၁

(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆

၁၀၉။ ယနေ့တပ်မတော်မှာ လူမျိုးမရွေး၊ ဘာသာမရွေး လူတန်းစားပေါင်းစုံ ပါဝင်နေတာမို့ ပြည်ထောင်စုတပ်မတော်ဖြစ်တယ် ဆိုတာကိုတော့ စာရေးသူ လက်ခံပါတယ်။ စာရေးသူတို့အပါတ်စဉ်မှာ ကရင် (၃) ဦး၊ ရှမ်း (၁) ဦး၊ ရခိုင် (၄) ဦး ၊ မွတ်ဆလင် ဘာသာဝင် (၁) ဦး ၊ မွန် (၁) ဦး ၊ ချင်း (၁) ဦး၊ ပါ ပါတယ်။ ဒါပေမဲ့ အဲဒီအရာရှိတွေအပါအဝင် လူတော်တွေ၊ ထိပ်ပိုင်းအရာရှိကြီးတွေ အဖြစ် ဘာလို့တက်မလာရသလဲဆိုတဲ့ ပြင်ပကနိင်ငံရေး၊ စစ်ရေး လေ့လာသူတွေရဲ့ မေးခွန်းတွေ ဖြေရပါတော့မယ်။

ဦးနေဝင်းရဲ့ လူကောင်းလူတော် ဆိုပြီး မြန်မာဆိုရိုးစကားကို စတန့်ထွင် ပြောင်းပြန်လုပ်တာက စ ပါတယ်။ ဦးနေဝင်းက လူတော်အောင် ကျင့်ပေးလို့ရပြီး ၊ လူကောင်းက နဂိုဗီဇ အရိုးစွဲနေတာမို့ ကောင်းအောင် လုပ်လို့ မရဖူးဆိုတာဟာ စာရေးသူက မှားတယ်လို့မြင်ပါတယ်။ လူကောင်းဆိုတာဟာ တပ်ထဲ စဝင်ကတည်းက ရပ်ကွက်၊ ရဲစခန်းထောက်ခံချက်ယူပြီးမှ ဝင်ရတဲ့အပြင် တပ်ထဲမှာ အတွင်းစည်း၊ အရေးပါတဲ့ ရာထူးတွေ ရဖို့ နောက်ကြောင်းကင်းရှင်းကြောင်း ထောက်လှမ်းရေး အဆင့်ဆင့်လိုက်ပြီးမှ ပေးတဲ့အတွက် တော်ရုံ အကျင့်စာရိတ္တ မကောင်းသူများ ပါလာဖို့ ခဲယဉ်းပါတယ်။ တော်ဖို့ဆိုရာမှာ ကိုယ်တိုင် လုံ့လ၊ ဝိရိယ၊ ကြိုးစား အားထုတ်မှူလိုသလို မူလဗီဇက ဥဏ်ရည်ထက်မြက်မှူ၊ မှတ်ဥဏ်ကောင်းမှု၊ ဖြတ်ထိုးဥဏ်ရှိမှု၊ ကြံရည်ဖန်ရည်ရှိမှုတွေ မရှိကတည်းက ဘယ်လိုဘဲ လေ့ကျင့်ကျင့် တော် လာမှာ မဟုတ်ဖူးလို့ မြင်ပါတယ်။ တခုရှိတာက ဦးနေဝင်းဟာ လူတော်တွေ သူ့အနားကပ်ထားရင် လုပ်ကြံခံရမှာစိုးလို့ ခပ်ထူထူတွေသာ ဆွဲတင်ချင်လို့ဒီလိုပြင်ပြောတာဖြစ်ပြီး၊ အဲဒီကတည်းက ထိပ်ပိုင်းကို တော် တဲ့အရာရှိတွေတက် မလာတာဖြစ်ပါတယ်။

၁၁၀။ ဦးသန်းရွှေ လက်ထက်(သူက နိုင်ငံရေးဖက်အာရုံနှစ်ထားရလို့စစ်ရေးကို ဒုတပ်ချုပ်ကို လွှဲထားတဲ့) ဦးမောင်အေးဟာ မူဝါဒတွေ အမျိုးမျိုးထုတ်ကာ တင်းကြပ်လာတာကြောင့် ပိုဆိုးသွားခဲ့ပါတယ်။ ထိပ်ဆုံးကို ဆွဲတင်မဲ့ အရာရှိကြီးတွေဟာ ဦးသန်းရွှေ၊ ဦးမောင်အေး တို့နဲ့ တပ်ထဲ တနေရာရာမှာ ဆုံဖူးမှ၊ ယုံကြည်မှူရှိတာမျိုး၊ စစ်ရုံးမှာ အရာရှိငယ်ဘဝနဲ့ နေဖူးမှ သတ်မှတ်တာမျိုး ၊ထိပ်ပိုင်းက လူကြီးတွေက ထောက်ခံပေးမှ ဆိုတော့ ရိုးသားကြိုစားပြီး၊ ခြေလျင်မှာသာအနေများတဲ့ အရာရှိတွေခင်မျာ ထိပ်ဆုံးသို့ တက်ဖို့ အိမ်မက်တောင် မက်ခွင့် မရမှာ သေချာပါတယ်။

၁၁၁။ စာရေးသူအနေနဲ့ DSA ကျောင်းဆင်း မိတ်ဆွေသူငယ်ချင်းအရာရှိများကို အားနာသော်လည်း ဒီနေရာမှာ DSA ကျောင်းတော်ကြီး (အခြားအရာရှိများက အခေါ်-ဒေါ်စိန်အေး) အစွဲ စိတ်ဓါတ်ပြင်းကာ ထိပ်ပိုင်းကို ဆွဲတင်ကြပါတယ်။ ဦးမောင်အေးဟာ ဗိုလ်သင်တန်းကျောင်း စစ်နေချိန်မှာ ကျောင်းအုပ်ကြီးအား ဆိုင်းဘုတ်မှာရှိတဲ့ စာသား (အနာဂတ်ရဲ့ ခေါင်းဆောင်) အစား (အနာဂတ်ရဲ့ စစ်ခေါင်းဆောင်) လို့ ပြင်ခိုင်းတာရှိပါတယ်။ နိုင်ငံရေးအမြင်အရ အကောင်းဘက်မြင်နိုင်သော်လည်း ကျောင်းအုပ်ကြီးကမူ ဦးမောင်အေးအနေနဲ့ DSA ဆောင်ပုဒ်နဲ့ နှိုင်းယှဉ်ပြီး သာသွားမှာကို မလိုလားလို့ ပြင်ခိုင်းတယ်လို့ တိုးတိုးလေး ငြီးခဲ့တာကို မိတ်ဆွေတစ်ဦးက စာရေးသူကိုပြောပါတယ်။ ဦးမောင်အေးလုပ်ပုံတွေက ၁၉၉၆ခုနှစ်မှာ ဦးအုန်းမြင့် (မွန်)၊ ဦးမောင်မောင်သိမ်းတို့ အသုတ်၊ တပ်မမှူး ရာထူးတိုးမြှင့်ရေးအမိန့်စာကို ကြည့်လိုက်ရင် DSA ကျောင်းဆင်းတွေ အများစုတက်လာပြီး OTS ကျောင်းဆင်းဆိုလိုဦးအေးကြွေ တစ်ဦးသာပါတာတွေ့ရပါတယ်။

ဦးမောင်အေးရဲ့ ကျောင်းတော်ကြီးစိတ်ကို ရိပ်မိတဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေဝင်း (တေဇ ၁၊ OTC 1) က အဲဒီဖိုင်ကို အသာလေး မျဉ်းတားကာ၊ အဖိုးကြီး ဦးသန်းရွှေ စားပွဲပေါ်တင်ပေးလိုက်ရာ၊ မှင်နီတားပြီး သူတို့တတွေကို တိုင်းမှူး မပေးတော့ဘဲ သတ္တုတွင်းဝန်ကြီး၊ မွေး/ရေ ဝန်ကြီးတွေအဖြစ် ရုံခါ ပညာပေးခဲ့ပါတယ်။

၁၁၂။ ဦးမောင်အေး အချိုးမပြေပုံတွေက ငယ်ရွယ်နုပျိုတဲ့ တပ်မတော်ဖြစ်ရမယ်ဆိုပြီး အသက်၄၀ကျော်ရင် တပ်ရင်းမှူး မပေးဘူးသတ်မှတ်လိုက်ရာ နယ်ဘက်ကဘွဲ့ရပြီး တပ်ထဲဝင်လာတဲ့ OTS ဆင်းအရာရှိတွေ ဂွ ကျပ်ကုန်တာတွေ၊ တဖန်အရာရှိတွေ ဘွဲ့ရမှ တဆင့်မြှင့်စဉ်းစားမယ်ဆိုတာကြောင့် OTC ဆင်း တေဇတွေ တက်လမ်းပိတ်တာတွေ၊ သူတို့က ကျားကုပ်ကျားခဲ စာပေးစာယူဘွဲ့ယူပြန်ကျတော့ တန်ဖိုးမထားတာတွေ၊ တေဇ OTC  ဗိုလ်လောင်းအပါတ်စဉ်ကို ခိုင်လုံစွာ အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ရတာတွေ၊ ယနေ့ကာလထိ စာပေးစာယူဘွဲ့ရတဲ့အပြင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဆင်း၊ တပ်မမှူး၊ ထူးချွန်လျှက်သားနဲ့တေဇ OTC ဆင်း၊ အရာရှိကြီးတွေကို တိုင်းမှူး မပေးဘဲ နှိမ်ထားတာတွေဟာ ဒေါ်စိန်အေးကျောင်းတော်ကြီးစိတ်ဓါတ် လွှမ်းမိုးနေတာကြောင့်လား ဆိုပြီး မေးချင်ပါတယ်။

၁၁၃။ စစ်ရုံးထိပ်ပိုင်း၊ အရေးပါတဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စစ်ဦးစီးအရာရှိချုပ်၊ လကခချုပ်၊ စရဖချုပ် စတဲ့ နေရာတွေကို လက်ညှိးထိုးလိုက်ရင် OTC နဲ့OTS ကျောင်းဆင်းအရာရှိကြီးတွေ ဘာလို့ မထားတာလဲဆိုတာ တပ်ချုပ် အသိဆုံးဖြစ်ပါတယ်။ စစ်သားရဲ့ မှတ်ကျောက်ဟာ စစ်မြေပြင်မှာသာ ရှိတယ်ဆိုတဲ့ အယူအဆမျိုးလက်ခံတယ်ဆိုရင် ကျောင်းစွဲ မထားသင့်ဘဲ လူတော်ကိုသာ နေရာပေးသင့်ပါတယ်။ Standard Army ဖြစ်ဖို့ဒါတွေလိုတယ် ဆိုရင်တောင် လက်ရှိအရာရှိတွေ တက်လမ်းကို ပိတ်ဆို့ မထားသင့်ဘဲ ချွင်းချက်ထားပြီး မူဝါဒပြင်တာဟာ အောက်ခြေ ဗိုလ်လောင်းအဆင့်မှ တဖြေးဖြေးပြင်သင့်ပါတယ်။

နောက်ဖြစ်စဉ်တွေကတော့ ဦးသန်းရွှေ ကိုယ်တိုင် ဘီပိုးရှိလျှက်နဲ့ အသည်းရောင် ဘီပိုးရှိသူများ တပ်ထဲမှာ မထားဖူးဆိုတဲ့ မူဝါဒနဲ့အရာရှိကတော်တွေ ဘွဲ့ရဖြစ်ရမယ်ဆိုတဲ့ မူတွေကြောင့် ဂယက်ရိုက် သွားခဲ့ပါတယ်။ တပ်မတော်အရာရှိတွေဟာ ရှေ့တန်းမှာသာ အချိန်ပေးရတာမို့ နဖူးစာရွာလည်ကာ တိုင်းရင်းသူတွေနဲ့ အိမ်ထောင်ကျရတာမို့ တိုင်းရင်းသူတချို့ဟာ ပညာရေးတပိုင်းတစနဲ့ ယောင်နောက် ဆံထုံး ပါရလေရာ သူတို့ရဲ့ခံစားချက်တွေ ရှိခဲ့ပါတယ်။ ဒီလိုဆိုရင် ဦးမောင်အေးအနေနဲ့ ဘွဲ့မရသူ ဒေါ်ကြိုင်ကြိုင်နဲ့ အမြင့်ဆုံးဘွဲ့ရသူ ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ အားပြိုင်ညှိနေကြတာကို ဝင်ရောက်ဖြန်ဖြေပြီးမှ ဒီမူကို ထုတ်ခဲ့ရင် ကောင်းမယ်လို့မြင်ပါတယ်။

၁၁၄။ တပ်မတော်သမိုင်းမှာ အစဉ်အလာရှိခဲ့တဲ့ တိုင်းရင်းသားနံမည်နဲ့ပေးထားတဲံ့ ကယား၁၊ ချင်း (၁၊ ၂၊ ၃၊ ၄)၊ ရှမ်း၁၊ ကချင်(၁ ၊၂ ၊၃ ၊၄) တပ်ရင်းတွေ ဖျက်ပြီး နံပါတ်တွေနဲ့ အစားထိုး လိုက်တာကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေက ထောက်ပြဝေဖန်သွားပါတယ်။ အဆိုးဆုံးမှာ မလုပ်ချင်ရင်ထွက် ဆိုတဲံ့ လက်သုံးစကားဟာ ရှေ့တန်းတိုက်ပွဲနေရာမှာ တသွေး တသံ တမိန့်နဲ့ ပြောရတာဆိုပေမဲ့၊  ထစ်ကနဲရှိ ဒီစကားလုံးတွေကို အထက်လူကြီးဆိုတိုင်း လှိုင်လှိုင်သုံးနေတာ မသင့်တော်ဖူးလို့တင်ပြချင်ပါတယ်။ တပ်ချုပ်ကိုယ်တိုင်တောင် အမှုမဲ့သုံးခဲ့တာ မိတ်ဆွေတစ်ဦးထံမှ သိရတာကတော့ ကိုးကန့်ဒေသတိုက်ပွဲမှာ လက်နက်များစွာရကာ၊ ထူးချွန်ခဲ့ပြီး ချွေးသွေးရင်းနှီးခဲ့ရတဲံ့ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မမှူးတစ်ဦးကို ကိစ္စတခုအပေါ် အလိုမကျတိုင်း ဒီစကားလုံးကို ပြောခဲ့တယ်လို့ သိရပါတယ်။ စာရေးသူ အထက်ပါတင်ပြချက်တွေဟာ တပ်မတော်ကို ဖြိုခွဲချင်လို့ ဂုဏ်သိက္ခာ သက်သက်ကျဆင်းအောင် လုပ်ကြံပြောနေတာမဟုတ်ဘဲ တပ်ထဲမှာ အကြောက်တရားနဲ့ နေနေ ရတဲ့အရာရှိတွေရဲ့ ဖြစ်ရပ်မှန်တွေသာဖြစ်ပြီး Standard Army ဖြစ်ဖို့ တပ်ချုပ် အားထုတ် နေတာကို အထောက်အကူဖြစ်ရေး အရိုးခံစေတနာနဲ့ တိုက်တွန်းလိုက်ရတာဖြစ်ပါတယ်။

၁၁၅။ နောက်ဆုံးအကြံပြုတင်ပြလိုတာက NLD ပါတီလွှမ်းမိုးတဲ့ လွှတ်တော်တွေကို တပ်မတော်က တင်သွင်းလာတဲ့ ၂၅%သော တပ်မတော်သား ကိုယ်စားလှယ်အရာရှိတွေရဲ့ လုပ်ဆောင်သင့်တဲ့ အနေအထားနဲ့သူတို့ရဲ့ အနာဂတ်ဖြစ်ပါတယ်။

သူတို့တွေဟာ မိမိတပ်ကို 2IC လိုမျိုး second in commander ဒုခေါင်းဆောင်ကို ခေတ္တတပ်မှူး အဖြစ် လွှဲခဲ့ကာ လွှတ်တော်ကို တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးပါက တပ်ကိုပြန်သွားရတယ်လို့ သိရပါတယ်။ လွှတ်တော်ကျင်းပတဲ့ကာလမှာ ကျင်းပတဲ့ အကြိမ်တွေ ပေါင်းလိုက်ရင် တနှစ်မှာ အနည်းဆုံး (၆)လ ရှိရာ လာမည့် ဒုတိယအကြိမ်လွှတ်တော်ဆိုပါက ဒီထက်ပိုကြာမြင့် နိုင်မည်ဖြစ်ရာ ဒီလို ယာယီတာဝန်သဘော လွှတ်တော်ကို တာဝန်ပေးတာဟာ မဖြစ်သင့်ဖူးလို့ မြင်ပါတယ်။

စကခ(၄)၊ တပ်မ(၁၁) တပ်မမှူးတွေဟာ စစ်ရုံး ကက (ကြည်း) စစ်ဆင်ရေး ဗိုလ်မှူးချုပ်များရဲ့ ရာထူးယူတဲ့ အဖြည့်ခံ တပ်မဖြစ်ခဲ့ပြီး စနေ တနင်္ဂနွေ ရုံးပိတ်ရက်များသာ သူတို့ဆီ လာရောက် ကွပ်ကဲခဲ့တာကြောင့် ကရင်ပြည်နယ်စစ်ဆင်ရေး ထိုးလိုက်တဲ့အခါ စကခ(၄)ဟာ တပ်ရင်းမှူး နှစ်ဦး ကျဆုံး၊ သေဆုံးကုန်ပြီး အများအပြား ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ခေတ္တတပ်မှူးတွေကလည်း လုပ်ပိုင်ခွင့်အကန့်အသတ်ရှိလို့ တပ်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း မလုပ်နိုင်သလို၊ လွှတ်တော်ရောက်နေတဲ့ အရာရှိတွေဟာလည်း မိမိတပ်ကို စိတ်ရောက်နေဖို့ များနိုင်ပါတယ်။

လွှတ်တော်အတွင်းမှာလည်း အမတ်တွေတင်လာတဲ့ ခေါင်းစဉ်တွေဟာ အမျိုးမျိုး ရှိနိုင်ပြီး ဥပဒေပြဌာန်းမှု၊ ပြင်ဆင်မှုတွေမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ အကိုးအကားရှာဖွေကြဖို့ အာရုံစူးစိုက်ဖို့ လိုသလို၊ အစိုးရအဖွဲ့က ပေးပိုလာတဲ့ကိစ္စရပ်များလည်း ရှုပ်ထွေးနက်နဲလေရာ ရွေးချယ်ခံအမတ်များနဲ့ ပူးပေါင်းလို့ဖြစ်စေ၊ ငြင်းခုန်လို့ ဖြစ်စေ အချိန် လုံလောက်စွာ ပေးထားဖို့ လိုပြီး သဘာဝမတူတဲ့ ဌာန၊ နေရာနှစ်ခုကို တွဲပေးထားလိုက်တာဟာ လူတော်ပင်ဖြစ်စေ အာရုံခွဲလိုက်ပါက နှစ်ခုစလုံးမှာ အားနည်းချက် ရှိနိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော်တွေမှာ ခေါင်းဆောင်ဗိုလ်ချုပ်တွေရှိလို့ သူတို့ပဲ ဦးဆောင်လိမ့်မယ်လို့ ယူဆစရာရှိပေမဲ့ စစ်တပ်ပုံစံနဲ့ တိုင်းတာလုပ်ဆောင်လို့ မလွယ်တာ တွေ့ရှိပါလိမ့်မယ်။

၁၁၆။ ပြောင်းလဲချိန်တန်ပြီလို့ကြွေးကြော်ပြီး ဝင်လာတဲ့ အမတ်များဟာ၊ ဥပဒေပြင်ဆင်ဖို့ ကြိုးစားကြမည်ဖြစ်သလို ဖက်ဒရယ်နဲ့စပ်လျဉ်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ဆက်နွယ် ပတ်သက်ဖို့ရှိနေတဲ့ HOT ISSUE ခေါင်းစဉ်တွေနဲ့ တန်းစီနေရာ၊  စုပေါင်းအကြံဥာဏ်ပေးမှု၊ ဥပဒေ လေ့လာမှု၊ အချက်အလက်ရှာဖွေမှု၊ ဝိုင်းဝန်းလုပ်နိုင်မှ အမတ်များနဲ့ တန်းတူရည်တူ ဆွေးနွေးနိုင်မှာဖြစ်တယ်။ ခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အဆင့် ၊ တိုင်းမှူးရာထူး level ပေးထားလို့ တပ်ချုပ်ရဲ့မူဘောင်ချထားတဲ့အတွင်း တော်ရုံတန်ရုံ တင်ပြဖို့ မလိုဘဲ ရဲရဲတင်းတင်းလုပ်ရမည့် အခြေအနေတွင်ရှိနေတာကြောင့် အမှားမခံဘဲ သတိတရားနဲ့တိုင်တိုင်ပင်ပင် လုပ်သင့်ပါတယ်။

၁၁၇။ ဒါကြောင့် လွှတ်တော်ကို တာဝန်ပေးမဲ့ တပ်မတော်အရာရှိတွေအား သီးခြားစုစည်းထားတဲ့ ဌာနတခုအသစ် ဖွဲ့စည်းပုံ တိုးချဲ့သင့်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ကွပ်ကဲရတဲ့ ကက(ပြည်) ကိုခွဲထုတ်ရင် ဖြစ်စေ၊ စစ်ဖက် – အရပ်ဖက် ဆက်ဆံရေးညွှန်ကြားရေးမှူး ဌာနသစ်ဖြစ်စေ၊ ကက (ကြည်း) တာဝန်ဖွဲ့စည်းပုံအရ ထပ်ဖွဲ့ဖို့ ကြပ်နေရင်လည်း၊ စစ်ဖက်-အရပ်ဖက် သုတေသနဌာန အမည်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရုံးထဲ တိုက်ရိုက်ထဲ့ပြီး ဒုတိယဝန်ကြီးက ကွပ်ကဲရရင်ဖြစ်စေ၊ လိုအပ်သလို ဖွဲ့စည်းသင့်ပြီး စခန်းသွင်း လေ့ကျင့်တဲ့ အနေအထား ဆိုရင် သင့်မလားစဉ်းစားရပါမယ်။ လွှတ်တော် နားပါက မိမိဌာန အစီအစဉ်နဲ့ နိုင်ငံရေးရာအဖျာဖျာ၊ လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်များကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲများ၊ လာမည့် အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်သင့်သည်များ၊ တပ်ချုပ်ထံ မူဝါဒတောင်းရမည့် ခေါင်းစဉ်များ၊ တိုင်းနဲ့ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တပ်မတော်အရာရှိများရဲ့ အတွေ့အကြုံများ အပြန်အလှန်ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲများ၊ နယ်ဘက် လူထုလူတန်းစားအဖွဲ့အစည်းများက ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်းနဲ့ ဖြစ်နိုင်က ပါတီများနဲ့ ညှိနှိုင်းပြီး တပ်ပိုင်းဆိုင်ရာ ဗဟုသုတ၊ အခေါ်အဝေါ်၊ ဓလေ့စရိုက်တွေကို ဟောပြောပွဲပြုလုပ်ခြင်းဖြင့် လူထုထံ ဆက်စပ် စည်းရုံးရေး ကွန်ယက် တည်ဆောက်ပြီးသားဖြစ်သလို အင်ဒိုနီးရှားတပ်မတော်အရာရှိများကဲ့သို့ နိုင်ငံရေးပါတီများ စဉ်ဆက်မပြတ် ထိတွေ့နေတဲ့ နမူနာကို ယူသင့်ပါတယ်။

၁၁၈။ ဒါမှသာ လူထုလည်း တပ်မှာဖြစ်ပျက်နေတာ သိရှိနားလည်မှု ရသွားသလို၊ အရပ်ဖက်က စစ်တပ်ကို  အုပ်ချုပ်ချင်သူများအတွက် လေ့လာနိုင်ဖို့ လမ်းစခင်းပေးလိုက်သလို ဖြစ်သွားပါတယ်။ တကယ်တမ်းသိမှ  တပ်ကို ထိမ်းချုပ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ အင်ဒိုနီးရှားဖြစ်စဉ်နဲ့တကွ သဘောပေါက် နားလည်မှာ ဖြစ်ပါတယ်။ နယ်ဘက်အရပ်ဖက်ပညာရှင်တွေက လေ့လာအား အချိန်ပိုရလို့ တပ်ထက် ပိုသိနေပြီး ခေတ်မှီတပ်မတော်တွေရဲ့လက်နက်ခဲယမ်း၊ သုတေသနလုပ်ငန်း၊ နိုင်ငံတကာမဟာဗျုဟာ၊ နည်းဗျုဟာပညာရပ်ကို ပေးနိုင်ပါတယ်။ NLDပါတီအနေနဲ့ ပြောင်းလဲရေးမှာ တပ်မတော်ကို ရင်းနှီးမှူမှ ယုံကြည်မှုရသည်အထိ တည်ဆောက်နိုင်ဖို့လိုပါတယ်။ တပ်ချုပ်ရဲ့ တိုက်ရိုက်ထိတွေ့တဲ့ လူထုစည်းရုံးရေး ယဉ်ကျေးမှုသစ် ရှေ့တန်းစစ်မျက်နှာမှာ ဆေးတပ်ဖွဲ့ ကုသရေးလုပ်သလို၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သီးခြားအစီအစဉ်နဲ့ တာဝန်ပေးသင့်ပါတယ်။

မိမိ ကျောထောက်နောက်ခံပေးခဲ့တဲ့ ပါတီတွေကို မှီလို့ သင်ခန်းစာတွေ ရပေါင်းများခဲ့ပြီ ဖြစ်ပါတယ်။ တပ်ချုပ်အနေနဲ့လည်း ကိုယ့်လူကို စိတ်မချလို့၊ မှားမှာ စိုးရိမ်နေလို့၊ သူတို့တွေ ကြောက်နေရလို့ ထိမ်းချုပ်နေရင် မသာမာသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှု ရှိလာခဲ့ရင် အချိန်မှီ မတုန့်ပြန်နိုင်ပါက တပ်ပုံရိပ် ကျဆင်းသွားတာမျိုး ထပ်မံကြုံတွေ့နိုင်ပါတယ်။

၁၁၉။ လွှတ်တော်မှာ တာဝန်ပေးထားတဲ့ တပ်မတော်အရာရှိတွေဟာ လွှတ်တော်အမတ်လစာ ၁၀ သိန်းကျပ် မယူတဲ့အပြင်၊ နေ့တွက်စရိတ်ကျပ် ၁၀,၀၀၀ ကိုလည်း မယူတာသိရလို့ ချီးကျူးပါတယ်။ ဒါဆိုရင် အထက်ပါတင်ပြပါ နည်းဗျူဟာအတိုင်း ရွေးမည်ဆိုပါက သူတို့ရဲ့အနာဂတ်ဟာ တဆင့်မြှင့်ရာထူး၊ ခြေလျင်လို မရှိနိုင်ရင် ဘယ်သူ့မှ လုပ်မှာ မဟုတ်တော့ပါ။

ဒါကြောင့် ထောက်လှမ်းရေးလို၊ ပညာသည်တပ်ဖွဲ့လို ခြေလျင် ဆင်းစရာမလိုဘဲ၊ အထူးကိစ္စရပ်အနေနဲ့ တဆင့်မြှင့်ရာထူးကို စီစဉ်ပေးသင့်ရာမှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ညွှန်ကြားရေးမှူး ဌာနသစ်ကို လက်အောက်ခံ တိုင်းစစ်ဌာနချုပ်အဆင့်ထိ ရာထူးနေရာများကို တိုးချဲ့ပေးလိုက်ရင် နေရာလပ်တွေ
ပေါ်နိုင်ပါတယ်။ တိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီး ဗိုလ်မှူးကြီးရာထူးအပါအဝင် ယခင် ဦး (၅)  လို့ခေါ်တဲ့ ဆက်ဆံရေး၊ သို့မဟုတ် ပြည်သူ့စစ် ဌာနကိုဘဲ တိုးချဲ့လိုက်ရင် ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တပ်မတော်က တောက်လျှောက် ၂၅% ယူထားမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ် တိုးတက်လာလို့ ဖက်ဒရယ် ရုပ်လုံးပေါ်လာလို့ တည်ငြိမ်မှုရှိလာရင်ဖြစ်ဖြစ်၊ အခြေခံဥပဒေပြင်ဆင်ခွင့်ရလာလို့ ဒီမိုကရေစီရင့်ကျက်လာရင် တဖြေးဖြေးပြန် မလျော့ဖူးလားဆိုတဲ့ မေးခွန်းကို ပြင်ဆင် တွက်ချက်ထားရပါမယ်။

အဲဒီအခါကျရင် တာဝန်ကျေပွန်တဲံ့ အရာရှိတွေရဲ့ အနာဂတ်ကို စဉ်းစားပေးထားဖို့ လိုပါတယ်။ သူတို့ဟာ အမျိုးသားနိုင်ငံရေးတစိုက်မတ်မတ် လုပ်ခဲ့သူမို့ သူတို့ရဲ့မူလရည်မှန်းချက် တပ်ချုပ်ဖြစ်ရမည်လိုမျိုး၊ ထားကောင်းထားနိုင်ရာ (တဆင့်မြင့်ရာထူး စီစဉ်ပေးသော်လည်း ခြေလျင်လို တက်လမ်း ပွင့်သင့်သလောက် မလွယ်ပါ) ဒီရည်မှန်းချက်အတွက် အခွင့်အလမ်းနည်းသွားလို့၊ သူတိုအနာဂတ်မျှော်လင့်ချက် ရွေးချယ်ပိုင်ခွင့် ပေးသင့်ပါတယ်။ သူတို့ဟာ လွှတ်တော်အမတ်လစာနဲ့အခွင့်အရေးမယူတဲ့ အတွက် ပြန်လည်ကြည့်ရှုတဲ့အနေနဲ့ တပ်က ခန့်ခွင့်ရှိတဲ့ ဦးပိုင်ကုမ္ပဏီ နဲ့မြန်မာစီးပွါးရေးကော်ပိုရေးရှင်းကို ပြောင်းခွင့်ပြုမလား၊ စစ်ဖက်-အရပ်ဖက် သုတေသနဌာနလိုမျိုး ၊ NGOအဖွဲ့အစည်းတွေ ၊ အရပ်သားများနဲ့တွဲလုပ်တဲ့ ရာထူးတွေပေးမလား၊ NLD အပါအဝင် ပါတီလိုင်းကို အရပ်သားအဖြစ်ကူးပြောင်းပြီး  စစ်ရေးအကြံပေးအဖြစ် ပူးပေါင်းမယ်၊ သီးခြားပါတီ ထောင်ခွင့်ပေးမလား၊ အစိုးရနဲ့ညှိပြီး စီမံထားသင့်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – ၁၁
  1. ဦးပိုင်ဘက်နဲ့ဝန်ကြီးဌာနကို ပြောင်းရင် ၁နှစ်၂နှစ်ပဲခံမှာ။သူတို့ထွက်ကြမှာပဲ။
    နောက်ပြီး ဆောင်းပါးရှင်ပဲပြောတယ်လေ။စစ်တပ်ကအရည်သွေးကျနေတယ်ဆို။အဲ့တော့ ဒီစစ်ဗိုလ်တွေကို ဘာပါတီက စစ်ရေးအကြံပေးခေါ်တော့မှာလဲ။သီးခြားပါတီထောင်ရင်ထောင် မထောင်ရင်NGOတွေထဲဝင်ပေါ့။ဒါပဲရှိတာပဲ။

Comments are closed.