သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – တံတိုင်းတွေဖျက် တံတားတွေ ခင်းပါ

ငြိမ်းချမ်းအေး – တံတိုင်းတွေဖျက် တံတားတွေ ခင်းပါ

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆

“လူတဦးဟာ တံတားတွေ ပေါင်းကူးခင်းပေးရမယ့်အစား အုတ်တံတိုင်း နံရံတွေချည်းဆောက်ဖို့စဉ်းစားနေရင် ခရစ်ယာန်ဘာ သာဝင် မဟုတ်ဘူး..။”

ပိုက်ဆံအားကိုးပြီး လူမျိုးရေးမုန်းတီးမှုတွေဖော်ဆောင် နိုင်ငံရေးအမြတ်ထုတ်ကာ အမေရိကန် သမ္မတရာထူး ရူးရူးမူးမူး မှန်း နေသူ  ဒေါ်နယ်လ် ထရမ့် အပေါ် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ရဲ့ မှတ်ချက်စကားပါ။

ပိုက်ဆံချမ်းသာလို့ ထင်တိုင်းလုပ်နေတဲ့ ထရမ့်ရဲ့ နိုင်ငံရေးသမိုင်းကြည့်ရင် ဒီမိုကရက်ဖြစ်လိုက်၊ ရီပတ်ဘလစ် ဖြစ်လိုက်၊ တသီးပုဂ္ဂလ တိုးတက်ရေးသမား အယောင်ဆောင်လိုက်နဲ့ သူဟာ အမုန်းတရားကလွဲရင် ဘာရပ်တည်ချက်မှတော့ တသ မတ်တည်း မရှိခဲ့ပါဘူး။  ဆိုတော့ သူက ဘယ်သူပါလို့ ပြောလို့မရဘူး။

ဒီလိုပြောလို့မရတဲ့အထဲမှာ သူယုံကြည်ကိုးကွယ် ကာကွယ်လိုပါတယ်ဆိုတဲ့ ခရစ်ယာန်ဘာသာဝင်လည်းမဟုတ်ဘူးဆိုပြီး အခု ကြီးမြတ်တဲ့ ခရစ်ယာန်ခေါင်းဆောင်တယောက်က ပြောလိုက်ခြင်းပါ။

လူမျိုးရေးခွဲခြားသူ၊ ဘာသာရေးအစွန်းရောက်သူ၊ အမုန်းတရားကြီးသူတွေအတွက် နိုင်ငံရေးမှာ၊ ဘာသာရေးမှာ၊ လူမှုအဝန်း အဝိုင်းမှာ နေရာမရှိပါဘူး။  ဗုဒ္ဓ၊ ယေရှုခရစ်တော်၊ မိုဟာမက် ဘယ်သူကမှ အစွန်းရောက်၊ အစွဲကြီးသူတွေကို လက်မခံပါဘူး။

ကျနော်တို့ တိုင်းပြည်မှာလည်း လူမျိုးနဲ့ဘာသာကို ကာကွယ်လိုပါတယ်၊ (ဒေါ်နယ်လ်ထရမ့် အခု အော်နေသလို) ဘယ်သူ တွေကတော့ မုဒိမ်းကောင်နဲ့ ရာဇဝတ်သားချည်းပါပဲ အမြဲအော်ဟစ်နေသူ ဘာသာရေးသမား၊ နိုင်ငံရေးသမား၊ ဘာသာကို အာဏာအတွက် အသုံးချလိုသူ ထရမ့်လို အရူးတွေ အများကြီး ရှိနေတယ်။  ဒါဟာ ဗုဒ္ဓဘာသာ မဟုတ်ဘူးလို့ ကျယ်ကျယ် လောင်လောင်ပြောဖို့ လိုနေတယ်။  အထူးသဖြင့် အခု ပုပ်ပြောသလို သြဇာကြီးသူ ဘာသာရေးခေါင်းဆောင်တွေက “မင်းတို့ အစွန်းရောက်အရူးတွေပါ” လက်ညှိုးထိုးထောက်ပြဖို့ လိုနေတယ်။

တိုင်းပြည်ငြိမ်းချမ်းဖို့၊ ကမ္ဘာမြေ အေးချမ်းဖို့ အမုန်းကြီးသူတွေကို ရှာဖွေဖော်ထုတ် ထောက်ပြရပါမယ်။  ဘာသာတရား ကိုး ကွယ်ယုံကြည်မှု ရှိသူလို့ ကိုယ့်ဘာသာထင်နေသူတွေကို မေးခွန်းတွေ ထုတ်ရပါမယ်။  ခင်ဗျားတို့ ပြောနေတာ ဘာသာရေး မဟုတ်ကြောင်း ရှင်းပြကြပါ။  ချစ်ခြင်းတရားကသာ ဘာသာရေးဖြစ်ကြောင်း သတင်းစကားတွေ လက်ဆောင်ပါးပါ။

နိုင်ငံရေးမှာ၊ လူမှုရေးမှာ၊ ဘာသာရေးမှာ နေရာတိုင်းမှာ လူသားရဲ့ နှလုံးသားတွေ နီးစပ် ထိကပ်ဖို့ ချစ်ခြင်းတရား တံတားတွေ ထိုးကြပါ၊ တံတိုင်းတွေ၊ အတားအဆီးတွေ၊ အစွန်းရောက်မှုတွေ၊ အမုန်းတရားတွေ ချိုးဖျက်ပစ်ကြပါ။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆

ရည်ညွန်းသတင်း — Pope Francis questions Donald Trump’s Christianity
http://www.bbc.com/news/election-us-2016-35607597


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – တံတိုင်းတွေဖျက် တံတားတွေ ခင်းပါ
  1. တံတိုင်းမဆောက်စေချင်ရင်democratနိုင်အောင်ပဲဆုတောင်းပေါ့။
    ted cruzတက်လာရင် တံတိုင်းမဆောက်ပါဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူး။

Comments are closed.