ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ယန္တရားကြီးများနှင့် ဘကြီးမိုး

 မောင်မိုးသူ – ယန္တရားကြီးများနှင့် ဘကြီးမိုး
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆

ကုမုဒြာဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

တနေ့က ကာတွန်းတစ်ကွက်တွေ့တယ်။ ကလေးချော့နေတဲ့မိခင်ပေါ့။ ရှေးတုန်းကတော့ ကလေးရယ် ငို .. ကြောင်အိုပေ မှေး ကိုက်လှည့်ပါလေးတဲ့။ အခုတော့ အဲဒါအစား ဘူဒိုဇာပေမှေး တိုက်လိမ့်မယ်လေးတဲ့။

တလောက ကျူးကျော်အိမ်လေးတွေကို ဘူဒိုဇာလားဘာလား မသိပါဘူး ရှေးယခင်က မမြင်ဘူးသေးတဲ့ စက်ယန္တရားကြီး တွေနဲ့ ပိစိညှောက်တောက်တဲကလေးတစ်လုံးကို ဖျက်နေပုံတွေ့ရပါတယ်။ တကယ်ငိုနေတာက နွမ်းလျနေတဲ့ မိခင်တစ်ဦး ပါပဲ။ ဘကြီးမိုးလေ အဲသည်ယန္တရားကြီးကို အမြင်ကတ်လိုက်တာ။

တလောကပေါ့ ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပုံ တွေ့ရပါတယ်။ ပတ်ချာလှည့် နက်ရှိုင်းစွာတူးနေကြတာကလည်း အဝီစိရောက်မလားထင်ရတယ်။

အဲသည်ထဲက စွန့်ပစ်မြေစာတွေကို သွန်ချပေးလိုက်ချိန်မှာလည်း ရေဆေးကျောက်ဆိုလား ၊ ရေမဆေး ကျောက်ဆိုလား လုယက်ရှာဖွေကြတဲ့ ထောင်နဲ့ချီတဲ့လူအုပ်ကြီးကို တွေ့ရပါတယ်။ သည်လူတွေဟာ အနယ်နယ်အရပ်ရပ်က မြေစာပုံတွေ ထဲက ကျောက်ရနိုးနိုးနဲ့ လာကြ၊ ယက်ကြ ရှာတဲ့ လောပန်လောင်းတွေပါ။ လောပန်ဖြစ်မဖြစ်တော့ မသိပါဘူး။  မူးယစ်ဆေး ဝါးစွဲပြီး ဘိန်းစားတွေတော့ ဖြစ်ကုန်ကြတာ တွေ့ရပါတယ်။

တစ်ချိန်တည်းမှာ ရာပေါင်းများစွားသောလူများ မြေစာပုံပိပြီး သေဆုံးတဲ့သတင်းတွေ စာနယ်ဇင်းတွေ မှာပါလာတော့ စုံစမ်းရေးကော်မစ်ရှင်တွေဘာတွေ လွှတ်သတဲ့။ အဲသည်ကော်မရှင်လာတုန်း လုပ်ငန်းရှင်တစ်ဦး က သူ့ရဲ့စက်ယန္တရားတွေကို တစ်နေရာမှာ ဝှတ်ထားတယ်ဆိုတဲ့ပုံတွေကိုလည်း တွေ့ရရဲ့။ ဝှက်ထားရအောင်ကလည်း စက်ယန္တရားတွေက ပိစိညှောက် တောက်ကလေးတွေကိုး။  တချို့လုပ်ငန်းရှင်ဆိုရင် သူတို့မှာ စက်ယန္တရား သုံးလေးခုပဲ ရှိပါသတဲ့။ ဖြစ်မှဖြစ်ရလေ ကျွတ်….ကျွတ်….ကျွတ်။

အဲ စုံစမ်းရေးကော်မရှင်တွေလည်း ပြန်သွားရော အဲသည်ဒေသမှာ စက်ယန္တရားတွေ အများကြီး တွေ့မြင်နေရတာကို သတင်းဓာက်ပုံတွေထဲမှာ တွေ့ရပါတယ်။

စက်ယန္တရားတွေနဲ့ကို မြန်မာ့ကျောက်စိမ်းတွေ တူးဖော်နေလိုက်ကြတာ သယံဇာတကျိန်စာလို့တောင် ခေါ်နေကြပြီပဲ။

ယန္တရားကြီးတွေကြောင့်လား၊ လောဘသားတွေကြောင့်လား ဘယ်လိုကဘယ်လို ခွင့်ပြုချက်ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေကြောင့် လား။

ဘာပဲပြောပြော တရားခံအစစ်က တရားခံအစစ်ကတော့ စက်ယန္တရားကြီးတွေပဲဖြစ်ပါတယ်။ မဟုက်ဘူးလား စာဖတ်သူရယ်။ ကျန်တဲ့ ဆရာ့ ဆရာကြီးတွေကို အပြစ်တင်ဖို့မှ ဘကြီးမိုးမရဲတာ။

အဲသည်ကောင် စက်ယန္တရားဆိုတဲ့အကောင်တော့ ဟင်း …… ။

အဲ နောက်ထပ် စက်ယန္တရားတစ်ခုကတော့ သဲသောင်ပြင်တစ်ခုကိုဖြတ်ပြီး  ဖောက်လုပ်နေတဲ့   ယန္တရားဖြစ်ပါတယ်။ အဲ သည်မြောင်းပေါက်သွားရင် ဒုက္ခတော့ အကြီးအကျယ်ရောက်တော့မှာပဲဆိုပြီး ကန့်ကွက်နေကြတဲ့လူတွေကိုလည်း တွေ့ခဲ့ရ တယ်ခင်ဗျ။

နောက်ယန္တရားတစ်ခုကတော့ မြစ်ပြင်အောက်ခြေက ကျောက်စရစ်တွေကို တူးဖော်နေကြတဲ့ စက်  ယန္တရားတွေပဲဖြစ်ပါတယ်။ အဲသည်မြစ်ထဲက ကျောက်စရစ်တွေ ဆယ်ယူလိုက်လို့ ကမ်းပါးတွေပြိုနေတာကို  တွေ့မြင်နေရသလို အဲသည်စက်ယန္တရား တွေကြောင့် ဂေဟစနစ်တွေပျက်ပြုန်းပြီး ငါးမျိုးစိတ်တွေ ပျက်သုဉ်း ကုန်ဆုံးလာတယ်လို့ သိရပါတယ်။ ကမ်းပါးတွေပြိုရင် အဲသည်ဒေသ ၊ အဲသည်နေရာမှာ နေထိုင်ကြသူများ အခြေမဲ့အနေမဲ့ဘဝ ရောက်ကုန်ကြမယ်။ မြစ်အောက်ခြေက ကျောက်စ ရစ်တွေ သယ်ယူသွားကြတဲ့အတွက် မြစ်ကြောင်းတွေ ပြောင်းလဲသွားနိုင်တာကိုလည်း သိရပါတယ်။ သည်မှာလည်း တရား ခံက သင်းပဲ၊ စက်ယန္တရား ဆိုတဲ့ကောင်ပေါ့။

လာပြန်ပြီ နောက်တစ်ကောင်၊ ငပလီကမ်းခြေသောင်ပြင်မှာ သဲတွေတူးနေတဲ့ စက်ယန္တရားတဲ့။

ငပလီဆိုတဲ့နာမည်ဟာ နာပိုလီဆိုတဲ့ ကမ္ဘာကျော်ကမ်းခြေတစ်ခုရဲ့ နာမည်ကိုယူပြီး မှည့်ခေါ်လိုက် တယ်လို့ ကြားဖူးတာပဲ။

ဘကြီးမိုးလည်း ငပလီကို အခေါက်ခေါက်ရောက်ဖူးခဲ့ပါတယ်။ အညာသားဖြစ်တဲ့ ဘကြီးမိုးဟာ ရခိုင်ရိုးမကို လေယာဉ် ကျော်ပြီး ပင်လယ်ပြာကြီးကို မြင်လိုက်ရတာပါပဲ။ ဘကြီးမိုး ရောက်ဖူးမြင်ဖူးတယ်ဆိုတဲ့ ပင်လယ်ဆိုတာ မော်လမြိုင်က စက်စဲလေ။ ရေက ဝါကြန့်ကြန့်နဲ့။ ရုပ်ရှင်တွေထဲက ပင်လယ်ပြာပြာနဲ့လည်း မတူ ဘူးလို့လေ။ ငပလီကို ပထမဆုံးရောက်ဖူးတဲ့ ပထမဆုံးအကြိမ် ရိုးမတောင်ကြီးကို ကျော်လိုက်တာနဲ့ ပင်လယ်ပြာကြီးကို စတင်မြင်လိုက်ရတော့ ဒါမှ ပင်လယ်ကိုးလို့ မှတ်ခဲ့ဖူးပါတယ်။

ပထမဆုံးရောက်ဖူးတဲ့ ငပလီရဲ့ ဖမ်းစားမှုကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ရပါတယ်။

နောက်လည်း ငပလီကို အကြိမ်ကြိမ်ရောက်ဖူးခဲ့။ ငပလီမှာ ရက်ပေါင်း ၅၀ ကျော် ရုပ်ရှင်ရိုက်ရင်း နေခဲ့ ရပါတယ်။ ပင်လယ်ထဲ ကိုလည်း မဆင်းချင်တော့ ၊ လှိုင်းသံလည်း မကြားချင်အောင် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့  ပင်လယ်ပြာနဲ့ သဲသောင်ပြင်ကိုတော့ အမြဲအမှတ်ရနေမိပါတယ်။ အခုတော့လည်း ငပလီမရောက်တာကြာပေါ့။

အခု အဲဒီသဲသောင်ပြင်ပေါ်မှာ ယန္တရားကြီးတွေ့လိုက်ရတော့ အင်း ….. လာပြန်ပြီးလား သည်ကောင်။

ယန္တရားကြီးများနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts