တူမောင်ညို သူတို့အာဘော်

တူမောင်ညို – “ကာချုပ်” ကို ဘယ်သူခန့်သလဲ

Cartoon Saw Ngo (2010)

တူမောင်ညို – “ကာချုပ်” ကို ဘယ်သူခန့်သလဲ

မိုးမခ၊ (၂၀၁၆ ဖေဖေါ်ဝါရီ ၁၆ )

“ကာချုပ်” ကို ကာချုပ်ကပဲ ခန့်တယ်။ ဘယ်သူမှခန့်လို့ မရဘူး။ လက်ရှိ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ကို ကာချုပ်ဗိုလ်သန်းရွှေ က ခန့်ခဲ့တာပဲ။ ၁၉၈၈ စက်တင်ဘာ ၁၈ အာဏာသိမ်း (နဝတ) ဥက္ကဋ္ဌ ကာချုပ်ဗိုလ်စောမောင်ကို ကာချုပ်ဗိုလ်နေဝင်းကခန့်တာပဲ။ ဗိုလ်စောမောင်ကို ကာချုပ်အရာကထုတ်ပယ်ပြီး ဗိုလ်သန်းရွှေကို ကာချုပ်တင်တော့လည်း ဗိုလ်နေဝင်းကပဲ ခန့်ခဲ့တာပါ။ ဒီအကြောင်း (ဗိုလ်စောမောင်ကို ဖယ်ရှားပြီး ဗိုလ်သန်းရွှေ ကာချုပ်ဖြစ်လာပုံ) ကို ဗိုလ်ခင်ညွန့် ရဲ့ “မှော်ဝန်းသား” စာအုပ်မှာဖတ်ကြည့်နိုင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေအရလည်း “ကာချုပ်”ကို သမ္မတက ခန့်လို့မရဘူး။ ကာချုပ် ကသာ “ဒုတိယသမ္မတ” တစ်ယောက် စိတ် ကြိုက်တင်နိုင်ခွင့်ရှိတယ် မဟုတ်လား။ [၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆၀၊ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၃) ကိုကြည့်ပါ] ဒီပုဒ်မက “ကာချုပ်” ကို ဒုသမ္မတလောင်းစိတ်ကြိုက်ခန့်နိုင်တဲ့ အခွင့်အာဏာ ပေးထားခြင်းဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၃၄၂ အရ ကာချုပ်ကို(ကာလုံ)ရဲ့အဆိုပြုထောက်ခံချက်နဲ့ခန့်အပ်နိုင်တယ်လို့ ဘယ်လိုပဲ ရေးထား ပါစေ၊ ကာချုပ်သစ်ကိုလက်ရှိကာချုပ်ကသာခန့်အပ်မှာဖြစ်ပါတယ်။ တကယ်တော့(ကာလုံ)ဟာ ကာချုပ်ရဲ့အဆိုပြုချက်ကို ထောက်ခံတဲ့ တံဆိပ်တုံးထုပေးဖို့သာဖြစ်တယ်။ ဘာလို့လဲဆိုတော့ (ကာလုံ) ထဲမှာ ကာချုပ်အပါအဝင်နဲ့ ကာချုပ်က ခန့်ထားသူချည်း ၆ ယောက်ပါနေ တယ်မဟုတ်လား။ ၂၀၀၈အခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) နဲ့ (ဂ) ဖတ်ကြည့်ရင် စစ်တပ်နဲ့ပတ်သက်သမျှ သွန်လိုသွန်မှောက်လို လုပ်နိုင်တဲ့ အာဏာကုန် “ကာချုပ်” လက်ထဲအပ်ထားတယ်ဆိုတာ သိပ်ကိုထင်ရှားပါတယ်။

(၁၀ ဖေဖေါ်ဝါရီ) ဘီဘီစီသတင်းမှာ “ကာချုပ်နဲ့ ဒုကာချုပ် ပင်စင်သက်တမ်း ၆၅ နှစ်အထိတိုးမြှင့်” ဖို့ ၄ လပတ် အစည်း အဝေးမှာ ဆုံးဖြတ်တဲ့အကြောင်းသိရတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်က မီဒီယာကောင်စီနဲ့ ကာချုပ်တွေ့ဆုံတော့ မီဒီယာကောင်စီဝင် တစ်ဦး က ၂၀၁၆ မှာ ကာချုပ်အငြိမ်းစားယူမှာလား မေးတာကို ဘေးမှာရှိတဲ့ စစ်ဥပဒေချုပ်က ဝင်ဖြေတာက “ ကာချုပ်အနေနဲ့ စစ်ဥပဒေ အရ ဆက်ပြီး တာဝန်ဆက်ယူလို့ရတယ်” လို့ဖြေကြောင်းသိရတယ်။ ဒီတော့ ဒီလို တိုးတာ ဘာမှမဆန်းဘူး။ စစ်ဥပဒေရဲ့အထက်မှာ ကာချုပ် ထာဝစဉ်ရှိနေပြီး၊ ၂၀၀၈ အခြေခံဥပဒေရဲ့အထက်မှာလည်း “ကာချုပ်” ရှိနေပါတယ်။

သမိုင်းကိုပြန်ကြည့်ပါ။

၁၉၆၂ အာဏာသိမ်းပြီးနောက် (၁၉၇၂ ကနေ ၂၀၁၁အထိ) ကာချုပ် ၅ ယောက်ရှိပါတယ်။ အဲဒီ ကာချုပ် ၅ ယောက် စလုံးကို ဗိုလ်နေဝင်း စိတ်ကြိုက်ခန့်ခဲ့တာပါ။ ဒီအထဲမှာ ကာချုပ်ရာထူးက ဖယ်ရှားခံရတဲ့ ကာချုပ် ၂ ယောက်ရှိပါတယ်။ ကာချုပ် ဗိုလ်တင်ဦး ( ဒီချုပ် နာယကကြီး ဦးတင်ဦး ) နဲ့ ကာချုပ် ဗိုလ်စောမောင်တို့ပဲဖြစ်တယ်။

နေပြည်တော်က “စစ်သမိုင်းပြတိုက်သစ်ဖွင့်ပြီ”ဆိုတဲ့ ကြော်ငြာတွေ့ရတယ်။ အဲဒီမှာသွားကြည့်တဲ့အခါ အစဉ်အဆက် ကာချုပ် ဓါတ်ပုံတွေထဲမှာ ဗိုလ်တင်ဦးနဲ့ ဗိုလ်စောမောင်ပုံ ချိတ်ထားသလား ကြည့်ခဲ့ကြစမ်းပါ။ ဗိုလ်နေဝင်းပုံတော့ ချိတ်ဆွဲထားမှာ သေချာပါတယ်။

လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင်ကို သမ္မတရဲ့ “ဘောလုံးပုံစွမ်းဆောင်ရည်ဆု” နှစ်ထပ်ကွမ်းရစေချင်လို့ထင်ပါရဲ့ (VOA) သတင်းဌာနက သုံးသပ်သူ စည်သူအောင်မြင့်က “ တပ်မတော်ကို Standard Army ပီသစွာ တပ်ချုပ်တစ်ယောက်ကနေ နောက်တစ် ယောက်ကို စနစ်တကျ တာဝန်လွှဲပေးသွားခဲ့” ဖို့ ရွှေနားတော်သွင်းနေပါတယ်။ ဒီလိုလုပ်နိုင်ခဲ့ရင် သမ္မတနေရာတောင်မျှော်မှန်းနိုင်မယ်လို့ အတိတ်ကောင်း၊ နိမိတ်ကောင်းတွေတောင်စေတနာဗလပွနဲ့ ကြိုတင်ဆက်သွင်းဖတ်ကြားပေးနေပါတယ်။

“အမေရိကံအသံ” (VOA) ဆိုတော့ ဒီလိုအသံမြည်ပေးတာ အကြောင်းမဲ့တော့ဟုတ်ဟန်မတူပါဘူး။ အရင်စစ်အစိုးရ အာဘော် ဖြစ်တဲ့ “(VOA) လိမ်နေသည်/ညာနေသည်”လို့ ပြောရမှာမဟုတ်တော့ဘဲ၊ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ “(VOA) လှော်နေသည်/ ဖားနေသည်/ နှပ်ကြောင်းပေးနေသည်/ အလံရှူးလုပ်နေသည်” လို့ ပြောမှ ဖြစ်ရပ်နဲ့ကိုက်ညီလိမ့်မယ်ထင်ပါတယ်။

“အာဏာရှင်စနစ် ပြန်လည် ထွန်းကားမလာရေးအတွက် အရေးကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေဟာ အချိန် တန်ရင် အနားယူရမယ်” တဲ့ ( အနားမယူချင်လို့ ပင်စင်သက်ကို ၆၀ ကနေ ၆၅ ပြောင်းပါတယ်ဆိုမှ) စည်သူအောင်မြင့် မြှောက်ပင့် ပေးတဲ့အတိုင်းသာဆိုရင်တော့ သွားလေသူ စစ်အာဏာရှင်ဗိုလ်နေဝင်းကို အမှတ်ပေးရတော့မှာပါပဲ၊ ဗိုလ်နေဝင်းဟာ (၁၉၄၉ ဖေဖေါ်ဝါရီ လ ၁ ရက်မှ ၁၉၇၂ ဧပြီလ ၂၀ ရက်ထိ)ကာချုပ်လုပ်ခဲ့ပြီး ၁၉၇၂ ခု၊ ဧပြီလ ၂၀ အသက် ၆၁ နှစ် မှာ ကာချုပ်ကနေအနားယူပါတယ်။ ဗိုလ်စန်း ယု ကနေ ဗိုလ်သန်းရွှေအထိ သူ့စိတ်ကြိုက် “ကာချုပ်” တွေ တစ်ယောက်ပြီးတစ်ယောက်တင်ခဲ့ပါတယ်။ ဗိုလ်နေဝင်းကိုယ်တိုင် ၁၉၇၄ အခြေခံဥပဒေအရ သမ္မတကြီးလည်း ဖြစ်ခဲ့တာပဲလေ။ ကာချုပ် ဗိုလ်စန်းယုလည်း နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့တာပဲလေ။

၂၀၀၈ အခြေခံဥပဒေအရ

“ကာချုပ်သစ်”ကို လက်ရှိကာချုပ်က စိတ်ကြိုက်ခန့်နိုင်ပါတယ်။

သမ္မတလောင်းလျာတစ်ယောက်ကိုပင် ကာချုပ်က စိတ်ကြိုက်ရွေးတင်နိုင်ပါတယ်။ကာချုပ်နဲ့စစ်တပ်ကို နိုင်ငံသားအားလုံးရဲ့အထွတ်အထိပ်နေရာ ရရှိထားတယ်ဆိုတဲ့သမ္မတနဲ့ အမြင့်ဆုံးဥပဒေပြုရေး မဏ္ဍိုင်လို့ဆိုကြတဲ့ ပြည်ထောင်စုလွှတ်တော်က ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။

standard army ဖြစ်ဖို့ အရင်းခံအကျဆုံးအချက်က ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းရမယ်။ (၂၀၀၈ အခြေခံဥပဒေ ဆိုတာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံပေးထားတဲ့ဥပဒေဖြစ်တယ်၊ကာချုပ်နဲ့စစ်တပ်က ထင်ရာစိုင်းနိုင်တဲ့ ဥပဒေဖြစ်တယ် )

ဒုတိယအချက်က လက်ရှိစစ်တပ်ကို စစ်အုပ်စုက ခါးပိုက်ဆောင်တပ်အဖြစ်လုပ်ထားတဲ့အနေအထားကနေပြုပြင်ပြောင်းလဲယူ ရမယ်။ စစ်တပ်ကိုပြုပြင်ပြောင်းလဲရမယ်ဆိုတာက စစ်တပ်ဟာ ကာကွယ်ဝန်ကြီးဌာနအောက်မှာရှိရမယ်။ သမ္မတ၊ အစိုးရနဲ့ လွှတ်တော် ကိုနာခံရမယ်။“သမ္မတ၊လွှတ်တော်နဲ့အခြေခံဥပဒေတို့ကို ကာချုပ်နဲ့စစ်တပ်ကဗိုလ်ကျလွှမ်းမိုးထားချုပ်ကိုင်တဲ့အနေအထား”ကို ပြောင်းလဲ ပစ်ရလိမ့်မယ်။

အရင်းရှင်စနစ်နိုင်ငံတော်မှာပဲဖြစ်ဖြစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်နိုင်ငံတော်မှာပဲဖြစ်ဖြစ် စစ်တပ်နဲ့ကာချုပ်ဟာ သမ္မတနဲ့ လွှတ်တော်ရဲ့အမိန့်ကို နာခံကြရတယ် မဟုတ်လား။

ညွန်း
မြဝင်း – တပ်မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း (၁၉၄၈ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တူမောင်ညို – “ကာချုပ်” ကို ဘယ်သူခန့်သလဲ
  1. ဆောင်းပါးအနှစ်ချုပ်ကို ဥာဏ်မှီသလောက် ကောက်နုတ်ရရင်
    ၁။ စစ်တပ် (သို့မဟုတ်) ကာချုပ်မကြေနပ်ရင် ကာလုံ စစ်တပ်(၆)ဦး မဲဆန္ဒနဲ့ စစ်အုပ်ချုပ်ရေး အချိန်မရွေးလုပ်နိုင်ကြောင်း
    ၂။ အင်အယ်ဒီနဲ့ တွဲလုပ်ရတာ ..အဆင်မပြေဖြစ်လာရင်တော့ လက်ရှိထိုင်းနိုင်ငံက စစ်အုပ်ချုပ်ရေးလို အလွယ်တကူလုပ်နိုင်ကြောင်း….
    ဖြစ်ပါတယ်..။
    .
    ဒါပေမဲ့ …ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနဲ့ရင်ကြားစေ့စပ်ရေး (ဦးသိန်းစိန်၊ ဦးသန်းရွှေ တို့နဲ့ အထိရှမခံတဲ့ အင်အယ်ဒီ ပေါ်လစီပေါ် မူတည်ပါတယ်။ အောင်မြင်ကြပါစေ…။

  2. သူတို့က စစ်သားတွေနဲ့အပြင်လူတွေရောသွားမှာကို ကြောက်တယ်ဆိုတော့ အနော်ကတော့ စစ်မှုမြန်မြန်ထမ်းချင်နေပြီ။

Comments are closed.