ဓာတ်ပုံသတင်း

SK ရှန်လိန်း – ချင်းသံဃသာမဂ္ဂီအဖွဲ့ကြီး၏ ပထမအကြိမ် ချင်းသံဃသ န္တွိပါတစုံညီ အစည်းအဝေးပွဲ ကျင်းပပြီးစီး

 

SK ရှန်လိန်း – ချင်းသံဃသာမဂ္ဂီအဖွဲ့ကြီး၏ ပထမအကြိမ် ချင်းသံဃသ န္တွိပါတစုံညီ အစည်းအဝေးပွဲ ကျင်းပပြီးစီး

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းသံဃသာမဂ္ဂီအဖွဲ့ကြီး၏ ပထမအကြိမ် ချင်းသံဃသနိပါတ စုံညီ အစည်းအဝေးပွဲကို ၂၀၁၆ ဖေဖေါ်ဝါရီလ ၁၂ နှင့် ၁၃ ရက်များတွင် ၂ ရက်တိုင်တိုင် မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့၊၊ရွှေတောင်ကျောင်းတိုက်၌ ကျင်းပရာ ချင်းသံဃာ ၅၉ ပါးသည် ဒေသဆိုင်ရာ သံဃ ကိုယ်စားလှယ်များအဖြစါ် တက်ရောက်တော်မူခဲ့ကြသည်။ချင်းသံဃာများ သီတင်းသုံးရာ ဒေသများမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မ န္တလေးတိုင်းဒေသကြီး ၊နေပြည်တော်ဒေသတို့ဖြစ်ရာ ထိုဒေသများကို ကိုယ်စားပြုတက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

စုံညီစည်းဝေးပွဲတွင် သဘာပတိဆရာတော်အဖြစ် အထက်မင်းလှမြို့နယ်၊မလွန်ရေခါးစာသင်တိုက်မှ ဆရာတော် ဦးပညာသာမိ (သာသနဓဇ၊ ဓမ္မာစရိယ) သက်တော် ၇၁ ၊ ဝါတော် ၅၁ က ဆောင်ရွက်တော်မူသည်။

တွဲဘက် သဘာပတိဆရာတော်များအဖြစ် ဆောင်ရွက်တော်မူကြသော ဆရာတော်များမှာ
(၁) အထက်မင်းလှမြို့နယ်၊ မလွန်စမ်းရွာ ဆရာတော် ဦးသောဘန သက်တော် ၇၉၊ ဝါတော် ၅၉
(၂) အထက်မင်းလှမြို့နယ်၊ ဆင်မတောင်ရွာဆရာတော် ဦးသုဇာတ သက်တော် ၇၀၊ ဝါတော် ၅၀
(၃) ပန်းတောင်းမြို့နယ်၊ ဆုတောင်းပြည့်ကျောင်းဆရာတော် ဦးကေလာသ သက်တော် ၆၄၊ ဝါတော် ၄၄
(၄) မန္တလေးမြို့၊၊ မစိုးရိမ်တိုက် စာချဆရာတော် ဦးညာဏာဘိဝံသ၊ သအဓမ္မာစရိယ၊ သက်တော် ၅၅၊ ဝါတော် ၃၅

တို့ ဖြစ်ကြသည်။အခမ်းအနားမှုးဆရာတော်အဖြစ် မလွန်ရေခါးစာသင်တိုက်မှ ဦးကေလာသက ဆောင်ရွက်တော်မူသည်။

စည်းဝေးပွဲ ပထမနေ့ နံနက်ပိုင်းတွင် သဘာပတိဆရာတော်များက သြဝါဒစကား ချီးမြှင့်ကြပြီးနောက် အင်းစိန်၊ ရွာမဆရာတော်ကြီး ဦးတိလောကာဘိဝံသထံမှ ပေးပို့သော သဝဏ်လွှာကို မင်းဘူး၊ သံသရာအေးဆရာတော် ဦးအာစိဏ္ဏက ဖတ်ကြားသည်။ သဝဏ်လွှာတွင် အစည်းအဝေး ဖြစ်ပေါ်လာသည်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုကြောင်း၊ ယခု အစည်းအဝေးကနေပြီး (၁) ချင်းအမျိုးသားများ စည်းလုံးရေး၊ ဗလငါးတန် ပြည့်စုံရေးတို့ကို လည်းကောင်း၊ (၂) မြန်မာ့တိုင်းရင်းသားအားလုံး စည်းလုံးရေး ဗလငါးတန် ပြည့်စုံရေး တို့ကိုလည်းကောင်း၊ (၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး စည်းလုံးရေး ဗလငါးတန် ပြည့်စုံရေးတို့ကို လည်းကောင်း
စွမ်းနိုင်သလောက် ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် ဆောင်ရွက်ကြပါဟု တိုက်တွန်းကြောင်း စသဖြင့် ပါရှိသည်။ ထို့နောက် ကြွရောက်သော သံဃာစာရင်းကို အတည်ပြုတော်မူကြသည်။

ထို့နောက် ချင်းသံဃသန္တွိပါတ စုံညီအစည်းအဝေး ကျင်းပရခြင်းနှင့် ဖြစ်ပေါ်လာပုံကို ကြည့်မြင်တိုင်မြို့နယ်၊ ကန်သာယာကျောင်းတိုက် နာယကဆရာတော် ဦးနန္ဒမာလာက လျှောက်ထားသည်။ ထို့နောက် ဦးနန္ဒမာလာ ကပင် ယမန်နှစ် ချင်းဘုရားပွဲတွင် ဖွဲ့စည်းခဲ့သော ချင်းသံဃသာမဂ္ဂီ အဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို ဖတ်ကြားလျှောက်ထားကာ သုံးသပ် အတည်ပြုတော်မူကြသည်။ ထို့နောက် ဒေသနှင့် နယ်ပယ်ဆိုင်ရာ ဆရာတော်များက ချင်းဗုဒ္ဓသာသနာ၏ ပရိယတ်၊ ပဋိပတ်နှင့် ပရဟိတ သာသနာပြုလုပ်ငန်းဆိုင်ရာ စာတမ်းများကို တင်သွင်းဖတ်ကြား လျှောက်ထားကြသည်။ စာတမ်းများ လျှောက်ထားရာ၌ ၁။အတွေ့အကြုံ ၂။ အခက်အခဲ ၃။ ဖြေရှင်းနည်း – ထို ၃ ချက်တို့ ပါဝင်သည်။

ဒုတိယနေ့ နံနက်ပိုင်းတွင် ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၏ လျှောက်ထားလွှာကို အဖွဲ့၏ကိုယ်စား ဆလိုင်းသီဟထွန်းက ဖတ်ကြားလျှောက်ထားသည်။ ချင်းပါလကအဖွဲ့၏လျှောက်ထားလွှာတွင် ၁၉၄၈ လွတ်လပ်ရေးရသောအခါ ချင်းတောင်ဒေသနေ ချင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းမျှသာ ဘာသာခြားဖြစ်ကြကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်း ရ၀ ခန့် ကာလအတွင်း  ချင်းပြည်နယ်၏ ၇၀ ရာခိုင်နှုန်းကျော် ဘာသာခြားဖြစ်သွားကြောင်း၊ သာသနာပြုရာ၌ တာဝန်ရှိသူတို့သည် မိမိတို့ ညံ့ဖျင်း မှားယွင်းမှုများကို ဝန်မခံရဲကြကြောင်း၊ နယ်ချဲ့များအား အပြစ်ပုံချခြင်းသည် သူရဲဘောနည်းခြင်းဖြစ်ကြောင်း ၊ မိမိတို့ကိုယ်တိုင် အစွန်းရောက်အယူသီးသူ မဖြစ်ဖို့ လိုသလို၊ အယူသီး ဘာသာခြားတို့၏ လုပ်ကြံမှုများကိုလည်း သတိပြုသင့်ကြောင်း စသဖြင့် ပါရှိသည်။

ထို့နောက် ရွှေစက်တော် ချင်းဘုရားပြုပြင် ထိန်းသိန်းရေးမှ ဦးအောင်မောင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် စုစည်းထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ကြပြီး လွယ်ကူလျင်မြန်စွာ အကောင်အထည် ဖေါ်ဆောင်နိုင်မည့် လုပ်ငန်းကို ဆွေးနွေးတော်မူကြသည်။ ထို့နောက် ဘဏ္ဏာငွေရှာဖွေမှုနှင့် အသုံးပြုခြင်းဆိုင်ရာကို ဆွေးနွေးတော်မူကြသည်။ ထို့နောက် လုပ်ငန်းစဉ်ချမှတ်ခြင်းနှင့် အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ကာလကို သတ်မှတ်တော်မူကြသည်။ ထို့နောက် ဒုတိယအကြိမ် စုံညီစည်းဝေးပွဲ ကျင်းပမည့် နေ့ ရက်နှင့် နေရာကို သတ်မှတ်တော်မူကြသည်။ ထို့နောက် သဘာပတိ ဆရာတော်က နိဂုံးချုပ်သြဝါဒ မြွက်ကြားတော်မူပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းတော်မူကြသည်။

လက်လှမ်းမှီသမျှ စာရင်းကောက်ကြည့်ရာ မြန်မာနိုင်ငံ၌ ချင်းရဟန်းတော်ပေါင်း ၂၅၀ ခန့်၊ သာမဏေပေါင်း ၅၀ ဝန်းကျင်၊ သီလရှင် ၃၀ ဝန်းကျင် ရှိကြောင်း အရှင်နန္ဒမာလာက မိန့်ကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts