ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ပိုင်ရှင်မဲ့ ပိုင်ရှင်မဲ့ နှင့် မောင်မိုးသူ

မောင်မိုးသူ – ပိုင်ရှင်မဲ့ ပိုင်ရှင်မဲ့ နှင့် မောင်မိုးသူ
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်သည်။

ပိုင်ရှင်မဲ့ ပိုင်ရှင်မဲ့ဆိုတဲ့ စကားလုံးကို မောင်မိုးသူ ခဏခဏ ကြားကြားနေရတယ်။ အထူးသဖြင့် အဓိကအားဖြင့် မူးယစ် ဆေးဝါးတွေပေါ့။ အဲသည် ပိုင်ရှင်မဲ့တွေရဲ့ တန်ဖိုးကလည်းများလိုက်တာ၊ သိန်းမက သန်းမက ဘီလျံလောက်အထိ ရှိနေပါ တယ်။ အဲသည်လောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေဟာ ဘာဖြစ်လို့ ဘယ်လိုကြောင့် ပိုင်ရှင်မဲ့ ဖြစ်နေရတာလဲ။ ပိုင်ရှင်ကော တကယ်ရှိရဲ့လား။ သည်လို သည်လို အတွေးတွေနဲ့ မောင်မိုးသူ ဟိုတုန်းက ဟိုတုန်းက အဖြစ်အပျက်တွေ တွေးမိသွားပါတယ်။

အခါတပါး မှောင်ခိုခေတ်ကြီးမှာ မီးရထားပေါ် ခေါင်မိုးထဲမှာ ဝှက်ထားတဲ့ မှောင်ခိုပစ္စည်းတွေကို ရှာဖွေရေးတွေက တွေ့ရှိသတဲ့။ ပစ္စည်းတန်ဖိုးတွေက မနည်းမနောကြီးလေ။ အဲသည်ပစ္စည်းတွေနဲ့အတူ တွေ့ရတာက မိန်းမချောလေး တယောက်တဲ့။ စစ်ဆေးရေးတွေက ` ဒီပစ္စည်းတွေက မိန်းကလေးဟာတွေလား ´ ဆိုတော့ မိန်းကလေးက ခေါင်းခါပြသတဲ့။ ဒါဆိုရင် ဘယ်သူ့ပစ္စည်းလဲဆိုတော့ မိန်းကလေးက ပြုံးစစနဲ့ အဲဒါတွေက ` ပိုင်ရှင်မဲ့ ´ ပါတဲ့။

ဩော်… ပိုင်ရှင်မဲ့ကိုး။

နောက်ထပ် အဖြစ်အပျက်တခုရှိသေးတယ်။ မှောင်ခိုခေတ်ကြီးရဲ့ ဆန်းကြယ်ပုံ ပြောပါတယ်။ ဈေးတွေ ဈေးတွေထဲမှာ အဲသည် အဲသည် မှောင်ခို မှောင်ခို ပစ္စည်းတွေက ဒုနဲ့ဒေးတဲ့။ ဒါပေမဲ့ ဈေးထဲက ပစ္စည်းတွေက တရားဝင်ပစ္စည်းတွေ ဖြစ်နေပါတယ်။ ဟုတ်တာပေါ့လေ။ဈေးဆိုင်ဆိုတော့ ဈေးဆိုင်ပိုင်ရှင်တွေက ပိုင်ရှင်ရှိနေတာပဲဟာ။ ဈေးဆိုင်ကလည်း ဈေးထဲမှာ တရားဝင် အခွန်အကောက်ပေးပြီး ဖွင့်ထားတာပဲဟာ။ သည်တော့ သည်ပစ္စည်းတွေ အားလုံး အားလုံးဟာ တရားဝင် ပစ္စည်းတွေချည်းပဲပေါ့။

နေဦး နေဦး ဇာတ်လမ်းက မဆုံးသေးဘူး။ တစ်ချိန်တည်းမှာ အဲသည်ပိုင်ရှင်ရဲ့ နေအိမ်တိုက်ခန်းမှာ စစ်ဆေးရေးအဖွဲ့က ဝင်ရှာတော့ ကားသုံးစီးတိုက်လောက် ပစ္စည်းတွေကို တွေ့ရသတဲ့။ သည်ပစ္စည်းတွေက နယ်စပ်ဒေသက တရားမဝင် အကောက်ခွန်မဲ့ သွင်းလာတဲ့ ပစ္စည်းတွေချည်းပဲ။သည်တော့ ပစ္စည်းတွေ အကုန်လုံး ကားပေါ်တင် ကားပေါ်တင်ဆိုပြီး ကားနဲ့တင်ကြတာ ကားသုံးစီးတိုက်လောက်ရှိသတဲ့။ အိမ်ရှင်အစ်မကြီးကိုလည်း ပစ္စည်းတွေနဲ့အတူ ရုံးကို လိုက်ခဲ့ပါလို့ ခေါ်သွားသတဲ့။ အိမ်မှာရှိတဲ့သူတွေကလည်း စိတ်တွေပူပြီး ကျန်ရစ်တာပေါ့။

တစ်နာရီလည်း ပြန်မလာ၊ သတင်းမကြား။ နှစ်နာရီလည်း ပြန်မလာ သတင်းလည်း မကြား။ သုံးနာရီ ဆိုတော့ မိုးတောင် ချုပ်လာပြီ။ အိမ်သားတွေကလည်း စိတ်ပူတာပေါ့။ စိတ်ပူလို့မှမဆုံးသေးခင်မှာ အမျိုးသမီး အိမ်ပြန်လာသတဲ့။ အိမ်သူအိမ် သားတွေကလည်း ဘယ်လိုအခြေအနေရှိသလဲပေါ့လေ။ အမျိုးသမီးက ပြောပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ အဲသည် အဲသည်ပစ္စည်းတွေက ကျမ ပစ္စည်း မဟုတ်ဘူးရှင့်၊ ဘယ်သူ့ပစ္စည်းမှန်းလည်း မသိပါဘူး။ အဲဒါတွေက ပိုင်ရှင်မဲ့လို့ ပြောပြီး ပြန်လာခဲ့သတဲ့။

ပိုင်ရှင်မဲ့၊ ပိုင်ရှင်မဲ့။

တချိန်တခါတုန်းကပေါ့လေ။ မြန်မာနိုင်ငံတွင်းကို နိုင်ငံခြားဖြစ် အရက်မျိုးစုံကို သံတမန်ကုန်တိုက်ဆိုသဟာကြီး တခုပဲ ရောင်းချဖို့ တင်သွင်းခွင့်ရှိပြီး ဘယ်သူမှ ဘယ်လိုမှ တင်သွင်းရောင်းချ ခွင့်မရှိဘူးခင်ဗျ။ သံတမန်ကုန်တိုက်ကြီးကလည်း တနှစ် တနှစ် လိုင်စင်နဲ့ တရားဝင်တင်သွင်းခွင့်ရှိပြီး တင်သွင်းထားတဲ့ ဝီစကီများ ၊ ဝိုင်ပုလင်းများက  ၁၀ ၀၀၀ လောက်ရှိ တယ်ဆိုပါစို့။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ နိုင်ငံခြားအရက်ပုလင်းပေါင်းက သိန်းချီ၊ သန်းချီ ရှိနေသတဲ့။

ဘယ်က ဘယ်လို ဝင်ကြသလဲဆိုတော့ စက်လှေ ခိုးလှေတွေနဲ့လည်း ဝင်သတဲ့။ နယ်စပ်ကုန်းလမ်းကလည်း ဝင်သတဲ့။ ဟဲ့ ဟဲ့ အဲသည်ပစ္စည်းတွေကို မဖမ်းကြဘူးလားဆိုတော့  ဖမ်းတဲ့အခါလည်းရှိ၊ မိတဲ့အခါလည်း ရှိပေါ့ဗျာ တဲ့။ ဒါဆိုရင် မိတဲ့သူတွေ ထောင်ကျကုန်ကြမှာပေါ့လေဆိုတော့ မကျဘူးတဲ့ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မိတဲ့ပစ္စည်းတွေ ၊ အရက်တွေက ပိုင်ရှင်မဲ့ဖြစ် နေလို့တဲ့။

အဲ အရက်ဆိုလို့ ပြောရဦးမယ်။ မောင်မိုးသူ လည်း နိုင်ငံခြားဖြစ် စကော့တလန်က ထုတ်လုပ်တဲ့ ဝီစကီကိုဆေးဖြစ်ဝါးဖြစ်ပေါ့လေ၊ အဟုတ်ပြောတာပါ။ ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ကို ညနေ ညနေ ဟတ်ပက် ဟတ်ပက် နှစ်ခါသောက်ပြီးမှ အရွက်သုပ်လေး၊ ကြက်ပြုတ်ရည်လေး သောက်ရတာလေ။ ဟုတ်ပါတယ်။ ညစာမှ မစားဘဲကိုး။

အဲသည်လို အဲသည်လို ဆေးဖြစ် ဝါးဖြစ် မှီဝဲသုံးဆောင်ဖို့ စကော့တလန်က ထုတ်တဲ့ ဝီစကီကို အိမ်က အဖော်မိန်းကလေးကို အနားတဝိုက်မှာရှိတဲ့ ဘာမတ်ညာမတ်တို့၊ ဘာဝမ်း ညာဝမ်းတို့ကို လွှတ်လွှတ်ပြီး အဝယ်ခိုင်းရပါတယ်။ ဂျော်နီတုတ်ကောက်ဖြစ်ဖြစ်၊ ခွေးဖြူခွေးမည်း ဖြစ်ဖြစ် ၊ချီးပြားဆိုလား၊ ချီးယားဆိုလား ဝယ်ခဲ့ဆိုရင် အလွယ်သားခင်ဗျ။
နောက်တော့ အဲသည်မတ်တွေ၊ စတိုးဆိုင်ကြီးတွေမှာ နိုင်ငံခြားအရက်များ မရောင်းတော့ဘူးတဲ့။ ပြည်တွင်းဖြစ်များသာ ရောင်းခွင့်ရှိသတဲ့။ သူတို့ သူတို့ရဲ့ ဖောက်သည်လို့ သွင်းရတဲ့ လုပ်ငန်းရှင်များကိုလည်း မိုဘိုင်းတင်းဆိုသဟာကြီးက ဖမ်းဖမ်းနေလို့တဲ့။ မိုဘိုင်းတင်း ဆိုသဟာကြီးကလည်း ဖမ်းလိုက်ရင် မိလိုက်ရင် အချီကြီးတွေချည်းပဲ ခင်ဗျ။ အခုတော့ အခုတော့ မိုဘိုင်းတင်းကိုလည်း ဖျက်သိမ်းလိုက်ပြီ လို့ ကြားပါတယ်။

မောင်မိုးသူ ဆေးဖြစ်ဝါးဖြစ် မှီဝဲနေတဲ့ အရက်ဝီစကီထက် ဆိုးတာက မူးယစ်ဆေးပါ။ ဘိန်းဖြူကအစ ဆေးပြားအထိပဲပေါ့ ခင်ဗျ။ အဲသဟာတွေကလည်း မြို့တိုင်း နယ်တိုင်း နေရာတိုင်းမှာ ဝယ်လို့ ၊စားသုံးမှီဝဲလို့ ရသတဲ့။ မဖမ်းဘူးလားဆိုတော့ ဖမ်းတာပေါ့ခင်ဗျာ။ ဘယ်နေမှာလဲ။ ဒါပေမဲ့ ဒါပေမဲ့ ဖမ်းမိသမျှတွေဟာ ` ပိုင်ရှင်မဲ့ ´ တွေချည်းများပါတယ်။ အမှိုက်ပုံတွေ မှာတွေ့တာနဲ့ ၊ ရေမြောင်းထဲမှာ တွေ့တာနဲ့ ၊အငှားအိမ်ကြီးတိုက်ကြီးတွေထဲမှာ တွေ့သဟာချည်းပဲ။ တွေ့လိုက်ရင်လည်း `ပိုင်ရှင်မဲ့ ´ ချည်းပဲခင်ဗျ။

ဩော်… ပိုင်ရှင်မဲ့ ပိုင်ရှင်မဲ့ နှင့်မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts