ကဗျာ

လင်းခါး – ဖြစ်တည်မှု ပဓာနဝါဒ နောက်ကျောတွေ

လင်းခါး – ဖြစ်တည်မှု ပဓာနဝါဒ နောက်ကျောတွေ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

ရုပ်ရှင်ရိုက်ကွင်းတခုမှာ
မင်းသားဘေးက ငါ ဖြတ်လျှောက်လာ
ငါ့နောက်ကျောဟာ အများပြည်သူရှေ့ရောက်သွားတယ်
ထို ငါ့နောက်ကျောကြီး အော်စကာ ဆန်ကာတင်ထဲပါလာ
ခေတ်အဆက်ဆက် နောက်ကျောတွေထဲ
ငါ့နောက်ကျောဟာ
လူသားတိုင်းရဲ့ ဖြစ်ရှိမှုကို အဖော်ကျူးနိုင်ဆုံး နောက်ကျောကြီးပဲတဲ့
ငါလည်း သိပ်မသိပါဘူး
ငါ့နောက်ကျောဟာ ငါ့နောက်ကျောပဲ ဆိုပေမယ့်
ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့လုပ်ရင်တော့
ငါဘယ်သိပါ့မလဲ သို့ပေမယ့်
ငါ့နောက်ကျောအတွက် ငါ ပွဲတက်ရ
ငါ့နောက်ကျောအတွက် ငါ ဂုဏ်ယူရ
ငါ့နောက်ကျောအတွက် ငါ ဆုတက်ယူတော့
ငါ့နောက်ကျောအကြောင်း
ငါဘာမှမပြောနိုင်ခဲ့လို့
နောက်ကျောမလုံ ဖြစ်ခဲ့ရသေး
ငါ့နောက်ကျောဟာ
ဘယ်သူ့နောက်ကျောမှ မဟုတ်ပေမယ့်လို့
ငါ့ နောက်ကျောဟာ အားလုံးပါပဲ
ငါ့တို့သည် နောက်ကျောများသာပေါ့။    ။

လင်းခါး
ဖေဖော်ဝါရီ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts