ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ်တိုက်တွန်းချက် – (၆)

လက်ရှိအစိုးရ၏ ပြည်ထဲရေးဝန်ကြီး ကိုကို (၂၀၁၁ တုန်းက ပုံ)

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ်တိုက်တွန်းချက် – (၆)
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၆

၅၃။ တရုတ်နိုင်ငံဆိုရင် မြန်မာနိုင်ငံကို စီးပွါးရေးလုပ်ကိုင်သည့် ကုန်သည်၊ အလုပ်သမားအသွင်ယူပြီး
မြန်မာနိုင်ငံအနှံ့ ခြေစကြ်ာဖြန့်ပြီး ထောက်လှမ်းရေးများ စေလွှတ်ထားသလို ဘုံကျာင်းအများစုကလည်း
သတင်းဖလှယ်ရာ ဖြစ်ခဲ့ပါတယ်။ မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်က အမိန့်တွေမထွက်ခင် လမ်းမတော်၊ လသာ တရုတ်တန်းရပ်ကွက်က ကြိုတင်သိနေတဲ့အထိ ထောက်လှမ်းရေး အားကောင်းပါတယ်။ အေးရှားဝေါ ဦးထွန်းမြင့်နိုင်တို့ ဆိပ်ကမ်းမှ ပြည်ပပို့ကုန်တင်ပို့လို့ မရအောင် ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ Sanction ပြန်ဖွင့်ပေးဖို့ ကြိုးစားနေရာ အမေရိကန်အပါအဝင် အနောက်နိုင်ငံကုမ္ပဏီများက ခက်ခဲတယ်လို့ အသံထွက်
လာပြီး တိုက်ဆိုင်လို့ဘဲလားမသိ ၊ ရွေးကောက်ပွဲရလဒ် အကြောင်းပြပြီး (၆) လအစမ်း အမေရိကန်က ဖွင့်ပေးခဲ့ပါတယ်။ ဒီလိုဘဲ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ NGO ၊ လူထုလူတန်းစား လူမှူရေးအဖွဲ့အစည်းများဟာလည်း ထောက်လှမ်းရေးမဟုတ်ဖူးလို့ဘယ်သူက အာမခံနိုင်သလဲလို့မေးစရာရှိပါတယ်။ ပထဝီ နိုင်ငံရေးအရ အင်အားကြီးနိုင်ငံများက စိတ်ဝင်စားတာခံရကတည်းက မြန်မာနိုင်ငံရဲ့ အမျိုသားလုံခြုံရေး အထူးလိုအပ်နေသလို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ) ဆိုတဲ့ ထိပ်ဆုံးအာဏာပိုင် အဖွဲ့အစည်းထံ ပြည်ထဲရေးနဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က တင်လာတဲ့ REPORTS များနဲ့ လုံလောက်မယ် မထင်ဖူးလို့ ယူဆပါတယ်။

၅၄။ သံသယဖြစ်တာက အခြေခံဥပဒေအရ (ကာ/လုံ)ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိန်းချုပ်ထားတာမို့ ပြည်ထဲရေးအနေနဲ့ တချို့ သတင်းဆိုရင် (စရဖ)နဲ့ အပြန်အလှန်ရှယ်ဖို့ လိုရာ ပြည်ထဲရေးထံမှ သမ္မတဆီ တင်လာတဲ့သတင်း နောက်ကျကောင်းနောက်ကျနိုင်သလို အခြားနေရာထံ စိစစ်နေရဆဲမို့ ကြန့်ကြာတာမျိုး ဖြစ်နိုင်ကာ တည်းဖြတ်တာလည်း ရှိနိုင်တာမို့ မပြည့်မစုံလည်း တက်လာနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိ (ကာ/လုံ) ဖွဲ့စည်းပုံအရ သတင်းဌာန ထွက်ပေါက်တခုတည်းမှ လာတဲ့ပုံစံမျိုး ဖြစ်နေတာကြောင့် သမ္မတအနေနဲ့ ဆုံးဖြတ်ချက်ချရာမှာ အမှားတွေ့နိုင်သလို ဆုံးဖြတ်ချက်ချဖို့ ကြာသွားနိုင်တာမို့ လူထုနဲ့ ထိပ်တိုက် တွေ့ခိုင်းသလို ဖြစ်သွားနိုင်ပါတယ်။ သတင်းတခုဟာ မှန်ကန်မှု၊ ခိုင်မာမှုဟာ အချက်အလက် ပြည့်စုံမှ အထောက်အထားစုံမှ သမ္မတအဖို့ ဆုံးဖြတ်ရ လွယ်ကူမည်ဖြစ်လို့ ထောက်လှမ်းရေးလိုင်း နှစ်လိုင်း၊ ဖြစ်နိုင်ရင် သုံးလိုင်း ထားပြီး တက်လာခိုင်းမှ နှိုင်းယှဉ်ရ ပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။

၅၅။ ဦးသိန်းစိန်ဟာ ဆုံးဖြတ်ချက်ချတာ နှေးတယ်လို့ ဝေဖန်ခံရခြင်းမှာ မိတ္ထီလာ အရေးအခင်း ဖြစ်စဉ် နမူနာ တင်ပြပါမယ်။ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့တဲ့ မြန်မာမွတ်ဆလင်များကို နယ်စပ်ကဘင်္ဂလီ
များရဲ့ ဆက်စပ်မူ ရှိမရှိ၊ ပြည်ပ ပရောဂပါ မပါ ထောက်လှမ်းဖေါ်ထုတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတရုံး
က အမြန် သိချင်နေပေမဲံ့ သတင်းက စီစစ်နေရတာ ကြာဟန်တူတယ်လို့ ရဲသတင်း ထောက်လှမ်းရေးရပ်ကွက်မှ သိရပါတယ်။ ဒါကြောင့်လည်း သမ္မတက မိတ္ထီလာကိစ္စမှာ ဆုံးဖြတ်ချက်ပေးဖို့ တုံ့ဆိုင်းနေပြီး ရဲက အထက်အမိန့်စောင့် နေရတယ်ဆိုပြီး သတင်းထွက်လာရခြင်းဖြစ်ပါတယ်။ သမ္မတက ရဲသတင်းတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဆွဲထုတ်ပြီး သမ္မတရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက် ထားဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဝင်းဟာ မျက်မှန်ကြီးတင်ဦးလက်ထက်က ထောက်လှမ်းရေးလုပ်ခဲ့ဖူးတာမို့ ဒုဝန်ကြီးအဖြစ် အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ကွပ်ကဲကာ အသစ်ဖွဲ့မယ်လို့ အသံ ထွက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက သဘောမကျတဲ့ လေသံကြားရသလို၊ (ကာ/လုံ)အစည်းအဝေးမှာ အဖွဲ့ဝင်တစ်ဦးက လွှတ်တော် သို့မဟုတ် လူထုနဲ့ ထိပ်တိုက် တွေ့ရှင်းနေရမှာ အလုပ်ရှုပ်နိုင်တယ်ဆိုပြီး တင်ပြသံကြားရကာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရေး ရပ်ဆိုင်းသွားတာ ဖြစ်နိုင်တယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။ တပ်ချုပ်က NLD နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ သူ့လူတွေကို ဘယ်လိုပြင်ထားနိုင်သလဲဆိုတာ နိဂုံးချုပ်အပိုင်းမှာ အသေးစိတ် တင်ပြပါ့မယ်။

၅၅။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်နယ်စပ် ကိုးကန့်၊ ဝ လက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်အားကိုးနဲ့ မငြိမ်းနိုင်သေးသလို နောက်ဘက်တံခါးနယ်စပ် ဘင်္ဂလီများကိစ္စကလည်း ဘင်္ဂလားဒေ့ နိုင်ငံခြားရေးဝန်ကြီးက နှပ်ကြောင်းပေးနေရာ အချိန်မရွေး နိုင်ငံတကာဖိအားအပြင် အကြမ်းဖက်အဖွဲ့က
ပေါ်တင်ခြိမ်းချောက်ထားပြီးဖြစ်လို့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်ပြီဖြစ်ပါတယ်။ အဖွဲ့ဖွဲရမှာ မဟာဗျူဟာရည်မှန်းချက်၊ နည်းဗျူဟာများ၊ လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်ဝတ္တရား၊ ဖွဲ့စည်းပုံတွေ၊ ထိန်းချုပ်မှု၊ စည်းကမ်းတွေနဲ့အတူ လွှတ်တော်မှာ ဥပဒေတစ်ရပ် ပြဌာန်းပြီး အကောင်အထည် ဖေါ်သင့်နေပြီဖြစ်ပါတယ်။

၅၆။ အကြံပြုတင်ပြလိုတာက အမျိုးသားထောက်လှမ်းရေးအဖွဲ့ မဟာဗျုဟာက မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွါးကာကွယ်ရေးတို့အတွက် မူဝါဒများပါသလို တပ်မတော်ရဲ့ ဒို့တာဝန်အရေး(၃)ပါး ၊ မဟာဗျုဟာနဲ့ဆက်စပ် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) နည်းဗျူဟာကတော့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနတို့မှ ထောက်လှမ်းရေးအဖွဲ့များနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ယက်၊ အဖွဲ့ရဲ့စီစဉ်မှုနဲ့ တိုင်းရင်းသား၊ ပါတီ၊ လူထု လူတန်းစား၊ သတင်းနဲ့ စာနယ်ဇင်းကောင်စီ၊ မီဒီယာများနဲ့ ပြည်တွင်းမှ ချိတ်ဆက်ထားတဲ့ ကွန်ယက်၊ နိုင်ငံတကာ အင်တာပိုနဲ့ ပြည်ပထောက်လှမ်းရေးများနဲ့ ချိတ်ထားတဲ့ ကွန်ယက် ဆိုပြီး ကွန်ယက်ကြီး (၃) ခု တည်ဆောက်ကာ ဟန်ချက်ညီညီ စီမံထားသင့်ပါတယ်။

၅၇။ (NIB)ရဲ့ အဓိကတာဝန်မှာ နိုင်ငံရဲ့ထိပ်ဆုံးအဖွဲ့ဖြစ်တဲံ့ (ကာ/လုံ)ကို အထောက်အကူပြုရမှာဖြစ်ပြီး အစည်းအဝေး လုပ်တိုင်း ထူးခြားသတင်းအပါအဝင် သတင်းစုံတင်ပြရမှာ သုံးသပ်ချက်ပါ ဖေါ်ပြဖို့လိုသလို၊ စီမံချက်များ ရေးဆွဲတင်ရပါမယ်။ (NIB) ဟာ အင်အားကြီး စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲသတင်း -အထူးတပ်ဖွဲ့ (S.B )ကို မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော် မှူခင်းကိစ္စ၊ တိုင်းရင်သား လက်နက်ကိုင်တွေနဲ့ ပတ်သက်လာတာမျိုးကြရင် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ပေးသင့်ပါတယ်။ မိမိအဖွဲ့ကလည်း လူထုရဲ့ တုန့်ပြန်သံ သိရှိနိုင်ဖို့ အောက်ခြေလူတန်းစားထိ ကွင်းဆင်းစည်းရုံးရေးနယ်ပယ် ပြုလုပ်ဖို့လိုသလို နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာများကို ထိတွေ့ဆက်ဆံရေး တည်ဆောက်တာဟာ မိမိအဖွဲ့ကို လူထုက အမြင်ရှင်းပြီး မိမိလိုချင်တဲ့ သတင်းအမှန်ကို အချိန်မှီရသွားနိုင်ပါတယ်။ အဲဒီရလာတဲ့ သတင်းကို (စရဖ) နဲ့ SB တို့က ပုံစံအမျိုးမျိုး တက်လာတဲ့ အဲဒီသတင်းတွေနဲ့ နှိုင်းယှဉ်ရင် အတည်ပြုဖို့ လွယ်ကူသွားသလို သတင်းဌာန (၃) ခု (NIB၊ စရဖ၊ SB) အားလုံးမှ ရတဲ့ အဲဒီသတင်းတွေကို သမ္မတဆီ စုတင်လိုက်ရင်လည်း အကျိုးရလဒ် ထွက်နိုင်ပါသေးတယ်။ သမ္မတအဖို့ နည်းလမ်းပေါင်းစုံ ရွေးချယ်နိုင်သလို ဆုံးဖြတ်ချက်ချရာ ယုံကြည်မှူရနိုင်ပါတယ်။

၅၈။ (NIB) ဥက္ကဌပါဝါဟာ ဝန်ကြီး၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ပါဝါထက် မြှင့်အောင်ထားမှသာ သူတို့ရဲ့ အဂတိလိုက်စားမှူလိုမျိုး စစ်ဆေးဖို့ သမ္မတက လိုအပ်လာချိန်မှာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ (NIB) ဟာ  သမ္မတကို တာဝန်ခံရမှာဖြစ်ပြီး ပါဝါတန်းစီ ဇယားအနေနဲ့ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဒုတပ်ချုပ် တို့ရဲ့ နောက်နားမှာ ရှိသင့်ပါတယ်။ လောလောဆယ်(NIB) ဥက္ကဌကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်အောက်မှ တန်ပြန်ထောက်လှမ်းရေး ကျွမ်းကျင်တဲ့ (ဒုစရဖချုပ်)ကို လျာထားသင့်သလို အတွင်းရေးမှူးအဖြစ်၊ အနိုင်ရ ပါတီက နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ယင်းဌာနမှ သံတမန်ရေးရာကျွမ်းကျင်တဲ့ အရပ်သားစစ်စစ်၊ ညွှန်ကြားရေးမှူးချုပ်အဆင့် ရှိသူကို အမည်စာရင်းပေးကာ ရဲအထူးသတင်းတပ်ဖွဲ့မှ စစ်ဗိုလ်မဟုတ်တဲ့ ရဲစစ်စစ် ရဲမှူးချုပ်တစ်ဦးကို တွဲဘက်အတွင်းရေးမှူး (၁) အဖြစ် တာဝန်ပေးသင့်ပါတယ်။ တဖန် နိုင်ငံရေးပါတီ လောင်းရိပ်မရှိဘဲ စစ်တပ်/ ရဲ မဟုတ်တဲ့ နောက်ကြောင်းရှင်း ထောက်လှမ်းရေးဝါသနာပါသော နိုင်ငံတကာသွားဖူးသူ ခေတ်ပညာတတ် ဘွဲ့ရလူငယ်တစ်ဦးကို စမ်းသပ်လေ့ကျင့်ပြီး တွဲထိမ်းလို့ ရလောက်ပါက တွဲဘက် အတွင်းရေးမှူး (၂) ခန့် သင့်ပါတယ်။ ယေဘူယျ တွဲဘက် အတွင်းရေးမှူး (၁)ကို အလုပ်များတဲ့ ပြည်တွင်း တာဝန်၊ တွဲဘက် အတွင်းရေးမှူး (၂) ကိုတော့ (နိုင်ငံခြားရေးဌာနမှ လာတဲ့ ညွှန်ချုပ်) အတွင်းရေးမှူးက ထိန်းခေါ်လို့ရတာမို့ ပြည်ပဘက်ခြမ်း တာဝန်ပေးသင့်ပါတယ်။ ဒါကြောင့် ပြည်ပက ငြိမ်သက်နေချိန်မှာ ပြည်တွင်းကိစ္စရပ်များမှာ ဘက်စုံလေ့လာလို့ရအောင် အတွင်းရေးမှူး (၂) အား စာတွေ့ လက်တွေ့ သင်ကြားပေးရမှာဖြစ်တယ်။ ဒီလူ ဖေါက်သွားခဲ့လို့ရှိရင် လိုလိုမယ်မယ် အရံလူတစ်ဦးပါ အဖွဲ့ဝင်ထဲမှာ ထည့်တားသင့်ပါတယ်။ NIB ရဲ့ လုပ်ငန်းပမာဏပေါ် မူတည်ကာ ကျန်အဖွဲ့ဝင်များဖွဲ့ကာ နည်းပညာရှင်များ ပါဝင်သင့်ပါတယ်။

၅၉။ (NIB) ရဲ့ သက်တမ်းကို ဟန်ချက်မပျက်စေရန် လွှတ်တော်သက်တမ်းနဲ့ မချိတ်ဘဲ (၆) နှစ်ခန့်ထားမှသာ
သမ္မတသစ်ကို ထောက်ကူနိုင်မှာဖြစ်ပါတယ်။ သက်တမ်းပြည့်ပါက ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး (၁) သာ လူချိန်းသင့်ပြီး အတွင်းရေးမှူး (၂) ကို ဆက်မွေးထားရမှာ ဖြစ်တယ်။ သက်တမ်း (၃) ကြိမ်ခန့် ဆိုပါက အဲဒီအချိန်ကျရင် လုပ်ငန်းသဘော နားလည် လည်ပတ်သွားပြီဖြစ်လို့ အငြိမ်းစားယူတော့မဲ့ ဥက္ကဌရဲ့ ထောက်ခံချက်အရ အတွင်းရေးမှူး (၂) တာဝန်ယူထား (အရပ်သား) ဟာ ဥက္ကဌဆက်ခံခွင့် ပေးဖို့သင့်မသင့် သမ္မတက ဆုံးဖြတ်ရပါမယ်။ ဒီလိုဖွဲ့စည်းလိုက်တဲ့ အသွင်ပုံစံဟာ လူထုအမြင်မှာ စစ်တပ်က ကြီးစိုးနေတာဘဲ မမြင်နိုင်တော့သလို အသစ်ကြီးဘဲ ထိုးတင်လိုက်ပါကလည်း ချက်နိုင်ငံဖြစ်စဉ်လို ဟန်ချက်ပျက်နိင်လို့ လက်တွဲခေါ်သွားတာဖြစ်ပါတယ်။ အတွင်းရေးမှူး (၂) က ဥက္ကဌဖြစ်လာချိန်မှာ ဒု (စရဖ) ချုပ်က အတွင်းရေးမှူး (၂) ရာထူးနေရာ ဝင်ယူခြင်းဖြင့် တပ်မတော်ရဲ့အဓိက တာဝန်ဖြစ်တဲ့ ပြည်ပရန်ကျုးကျော်မှူကို ကာကွယ်ခွင့် ရသွားသလို အတွင်းရေးမှူး (၁) ဖြစ် နေတဲ့ ရဲမှူးချုပ်ကလည်း ပြည်တွင်းလုံခြုံရေးကို ရဲ က တာဝန်ယူရတာမို့ လူမှန်နေရာမှန် သဘာဝကျသွားပြီဖြစ်ပါတယ်။

၆၀။ ဥက္ကဌဖြစ်နေတဲ့ အရပ်သားဟာ ၆နှစ်ပြည့်ပါက ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ မူအရ မရတော့ဘဲ မွေး
ထားတဲ့ အရံလူကို လက်ဆင့်ကမ်း လွှဲပြောင်းပေးရပါမယ်။ အဲဒီအရံလူ အရည်အသွေးမှီမမှီ တာဝန်ချိန်းတော့မဲ့ ဒုစရဖချုပ်(ဟောင်း)က သဘောထားမှတ်ချက်ကို သမ္မတထံ ပေးသွားရမှာဖြစ်တယ်။ သမ္မတနဲ့ တပ်ချုပ် တို့ ညှိနှိုင်းကာ လူသစ်မွေးမြုလေ့ကျင့်ရန်လိုပြီး (NIB) အဖွဲ့ရဲ့ တာဝန်လွှဲပြောင်းပုံအဆင့်ဆင့် စနစ်တကျဖြစ်ရေး အမိန့်နဲ့ညွှန်ကြားချက် ထုတ်ထားသင့်သလို ဥပဒေ ပြဌာန်းထားသင့်ပါတယ်။ (NIB) ဟာ ပါဝါရှိလို့ လုပ်ချင်သလို မလုပ်နိုင်စေရန် ထိန်းကြောင်းနိုင်ရေးမှာ အဖွဲ့အစည်း၊ လူထုက မနှစ်သက်လာလို့ဘဲဖြစ်ဖြစ်၊ တာဝန်မကျေပွန်လို့ဘဲဖြစ်ဖြစ်၊ အဂတိတရား ဖေါက်ဖျက်လို့ဘဲဖြစ်ဖြစ်၊ ရှိလာရင် လွှတ်တော်က တောင်းဆိုပိုင်ခွင့် ရှိရမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ စစ်ရေးချုပ် သို့မဟုတ် တပ်မတော်စစ်ဆေးရေးအရာရှိချုပ်၊ စစ်ဥပဒေချုပ်နဲ့ အစိုးရအဖွဲ့ နယ်ဘက်မှ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် ကဲ့သို့ အရာရှိကြီးများကိုေ တာင်းခံပြီး  လွှတ်တော်အခြေခံဥပဒေရေးရာ ခုံရုံးဥက္ကဌ သို့မဟုတ် လွှတ်တော်ကော်မတီ တစ်ရပ်ရပ်မှ ဥက္ကဌတစ်ဦးက ဦးစီးပြီး စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့ စစ်ခိုင်းကာ၊ လွှတ်တော်ကို တင်သွင်းခွင့်ပေးရမှာ ဖြစ်သလို၊ သမတကလည်း ခွင့်ြ့ပုချက်ပေးရမှာ ဖြစ်တယ်။ သို့သော် လုံခြုံရေး ခါးဆက်ပြတ်နိုင်တာမို့ လွှတ်တော်က (NIB) ကို ဖျက်ပိုင်ခွင့် မပြုနိုင်ဘဲ ခုံရုံးတွေ့ရှိချက်ကို သမ္မတထံပေးပို့ပြီး သမ္မတက အပြစ်ရှိသူတစ်ဦးချင်းကိုသာ တပ်ချုပ်နဲ့ တိုင်ပင်ကာ အရေးယူ လဲလှယ်နိုင်ခွင့် ပေးသင့်ပါတယ်။

၆၁။ (NIB)အနေနဲ့တချို့ကိစ္စရပ်များဟာ လုံခြုံရေးဆင့်အတန်းအရ ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်၊ အရေးကြီး၊ ရိုးရိုး ဆိုပြီး အဆင့်ခွဲထားရာမှာ အချိန်ကာလကြာမြှင့်လာတာနဲ့အမျှ အဆင့်လျှော့ချသတ်မှတ်ကာ နောက်ဆုံး သတင်းထုတ်ပြန်ပေးဖို့ လိုသလို၊ လွှတ်တော်ကိုလည်း သမ္မတခွင့်ပြုချက်နဲ့ အစီရင်ခံစာ တနှစ်တကြိမ်တင်သွင်း သင့်ပါတယ်။ ဒီလိုပွင့်လင်းမြင်သာမှူ အထိုက်အလျောက်ရှိမှသာ (NIB)ကို လူထုနဲ့လွှတ်တော်က အမြင်ရှင်းမှာ ဖြစ်သလို ဘတ်ဂျက်တောင်းခံရေး အဆင်ပြေမှာဖြစ်ပါတယ်။(NIB)`ဟာ သမ္မတတစ်ဦးတည်းသာ သစ္စာရှိ ရမှာဖြစ်ပြီး လွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးကို တာဝန်ခံရန် မလိုသလို၊ သမ္မတ ကျောထောက်နောက်ခံပါတီရဲ့ အရေးကိစ္စတွေမှာ လိုက်လုပ်ရန် သမ္မတက ခိုင်းလာရင်တောင် ငြင်းပယ်ပိုင်ခွင့် ၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ ပြတ်သားစွာ ပေးထားရမှာဖြစ်တယ်။ အနိုင်ရပါတီ၊ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ မည်သည့်ပါတီကိုမှ ဘက်မလိုက်ရဘဲ နိုင်ငံတော်လုံခြုံရေးနဲ့ လူထု ကာကွယ်ရေး အဓိကထားရမည်။

၆၂။ (NIB) ရှိခြင်းဖြင့် သမ္မတအနေနဲ့ ပိုပြီးဆုံးဖြတ်ရာမှာ ယုံကြည်မှု ခံစားနိုင်သလို(စရဖ)နဲ့ ရဲ သတင်းတပ်ဖွဲ့တွေကလည်း ပေါ့ပေါ့တန်တန် မနေရဲတော့ဘဲ အားထည့် လုပ်လာမှာဖြစ်ပြီး၊  ဘယ်အလုပ်မဆို အပြိုင်ရှိလာမှ တိုးတက်မှူု ရလဒ် အသီးအပွင့် ခံစားရသလို ၊ နိုင်ငံ့ဂုဏ်သိက္ခာအရရော လုံခြုံမှုပါ လူထုအနေနဲ့ ပိုမိုစံစားနိုင်မှာ ဖြစ်တယ်။ (NIB) ဟာ ပြည်သူလူထုနဲ့ နိုင်ငံတော်ရဲ့ မျက်နှာကို ဘဲကြည့်ဖို့ ရည်ရွယ်ချက်ထဲမှာ ထည့်မှသာ လူထုက နားလည်လက်ခံမှာဖြစ်တယ်။ နိုမို့ရင် ယခင်ကလို သမ္မတရဲ့ ခါးပိုက်ဆောင်တပ် ဖြစ်လိုဖြစ်၊ တပ်ချုပ်နဲ့ စရဖ၊ ပြည်ထဲရေးဝန်ကြီး သြဇာ မလွန်ဆန်နိုင်ဖြစ်နေရရင်(NIB) မရှိတာက ပိုကောင်းမယ်ထင်ပါတယ်။ (NIB) ဟာ သြဇာလွှမ်းမိုးမှု မခံရလေအောင် အရပ်သားစစ်စစ်၊ ဘွဲ့ရ၊ နောက်ကြောင်းရှင်း နှူတ်လုံစိတ်ချရသူများကို ပြုစု

ပျိုးထောင်ရင်း တပ်၊ရဲ၊အရပ်သား သုံးမျိုးစလုံး တက်ညီလက်ညီ ပူးပေါင်းပြီး ပွင့်လင်းလွတ်လပ်တဲ့ မျိုးဆက်သစ် ထောက်လှမ်းရေး အဖွဲ့အစည်းတခု အဖြစ်ရှင်သန်လာပါက (NIB)ဟာ (စရဖ)၊ ရဲသတင်းအထူးတပ်ဖွဲ့တို့အပေါ် အထက်ဌာနပီပီ ဦးဆောင်မှု ပေးလာနိုင်တဲ့အမျှ လူထုအတွက် ခိုင်မာစိတ်ချရတဲ့ နိုင်ငံရဲ့လုံခြုံရေးကွန်ယက်ကြီး ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆက်လက်ပြီး အစိုးရအုပ်ချုပ်ရေးကဏ္ဏမှာ စီမံခန့်ခွဲရေးရာများ ပြုပြင် ပြောင်းလဲရေးအတွက် အကြံပြုတိုက်တွန်းသွားပါမယ်။

၆၃။ စစ်အာဏာရှင်တွေဟာ နဝတခေတ်ကတည်းက ယခင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်အဆင့် ကွပ်ကဲရတဲ့ဌာနတွေကို ဝန်ကြီးဌာနများအဖြစ် တိုးချဲ့ ဖန်တီးခဲ့ပါတယ်။ အကြောင်းရင်းများက အာဏာ၊ ပါဝါ ယှဉ်ပြိုင်မှုနဲ့ တိုးချဲ့တာဖြစ်သလို၊ စစ်တပ်မှာမထားချင်လို့ ဖြုတ်လို့လည်း အပြစ်ရှာမရ ဖြစ်နေတာမို့ ဝန်ကြီး အဖြစ် ကျေနပ်နှစ်သိမ့်စေပါတယ်။ နယ်တွေကို ဝန်ကြီးတွေ စီမံကိန်းစစ်သွားရင် တိုင်းမှူးတွေက ရိုသေလေးစားမှု မရှိတာမို့ နောက်ဆုံး ဦးသန်းရွှေက ထိပ်စားပွဲမှာ အတူတူ ထိုင်ခိုင်းရတဲ့အထိ၊ နဖူးစည်း စာတန်းကိုတောင် ဘယ်ဟာကို ဦးစားမပေးခိုင်းတော့ဘဲ တွေ့ဆုံပွဲဟုသာ သတ်မှတ်ပေးခဲ့တာ ရှိပါတယ်။ မီးသတ်ဦးစီးဌာနလိုမျိုး ဝန်ကြီးဌာနအမျိုးမျိုးကို ပြောင်းရတဲ့ ဘုံပျောက်တဲ့ ဌာနရှိသလို တချို့ဌာနတွေဆိုရင် လဝက လိုမျိုးတွေဟာ လုပ်ငန်း ဆက်စပ်တဲ့ အခြားဝန်ကြီးဌာနတွေကို လိုက်ပါ လုပ်ပေးရတာမျိုးလည်းရှိပါတယ်။

၆၄။ မူလက ကော်ပိုရေးရှင်း၊ လုပ်ငန်း၊ ဦးစီးဌာန အဆင့်သာရှိပြီး ယခုဝန်ကြီးဌာနဖြစ်သွားတဲ့ ဌာနများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရထားဝန်ကြီး ဌာန၊

ဆက်သွယ်ရေး ဝန်ကြီးဌာန၊
သမဝါယမ ဝန်ကြီးဌာန၊
လူဝင်မှူကြီးကြပ်ရေး ဝန်ကြီးဌာန၊
အားကစား ဝန်ကြီးဌာန၊
အမျိုးသားစီမံကိန်း ဦးစီးဌာန၊
လျှပ်စစ်စွမ်းအား ဦးစီးဌာန၊တို့ဖြစ်ပါတယ်။
တကယ်တော့ ဈေးကွက်စီးပွါးရေးစနစ် ဖေါ်ဆောင်မယ်ဆိုရင် ပုဂ္ဂလိကဏ္ဏ ဦးစားပေးကြရမည်ဖြစ်ရာ စီမံကိန်းမရှိတော့သော တချို့ဝန်ကြီးဌာနများကို ပေါင်းသင့်သလို မူလကရှိခဲ့တဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြန်သုံးကာ ရထားနဲ့ ဆက်သွယ်ရေးတွေကို ညွှန်ချုပ်အဆင့် သာထားနိုင်ပါတယ်။ အလားတူ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနလိုမျိုး ပြန်ပေါင်းခဲ့ရင် ဖြစ်နိုင်သလို လူဝင်မှုကြီးကြပ်ရေးကို သူ့ရဲ့လုပ်ငန်းနဲ့ ဆက်စပ်လုပ်နေရတဲ့ ယခင်က ကွပ်ကဲမှုယူခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်လည်သွတ်သွင်းပါက အဆင်ပြေနိုင်ပါတယ်။ နယ်စပ်/ စည်ပင်ဝန်ကြီးဌာနဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့တော်ဝန်များထားလို့ စည်ပင်သာယာရေး မလုပ်ရသော်လည်း ကျန်တဲ့ မြို့များအားလုံး ရပ်ရွာဒေသဖွံဖြိုးရေး လမ်း ၊ဈေး လုပ်ဆောင်ရသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဒေသဖွံ့ဖြိုးရေးလုပ်ရတာမို့ အရေးပါပြီး စီစစ်သင့်ပါတယ်။ သမ္မတရုံး ဝန်ကြီး (၆) ပါး ထားတာဟာလည်း များလွန်းပြီး ဝန်ကြီးဌာနလက်ကိုင်ရှိသူတွေက တမျိုးမြင်နိုင်ပါတယ်။

၆၅။ အုပ်ချုပ်ရေးယန္တရားစီမံခန့်ခွဲရေးမှာ အဓိကကိုင်နေတဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေကို
တာဝန်ပေးအပ်ထားမှု ပြန်လည်သုံးသပ်သင့်ပါတယ်။ အခြေခံယူနစ်ဖြစ်တဲ့ ရပ်ကွက် ကျေးရွာ အုပ်စုတွေမှ လူထုဆန္ဒနဲ့ ဥက္ကဌတင်မြှောက်တဲ့ စနစ်ကို မြို့နယ်အဆင့်မှာ တိုးမြှင့်လုပ်နိုင် မနိုင် လေ့လာပြီး လုပ်နိုင်ပါက လူထုက ရွေးချယ်တင်မြောက်ထားတဲ့ ဥက္ကဌကို အထောက်အကူပေးတဲ့အနေနဲ့ (ထွေ/အုပ်) ဌာနမှ အရာရှိတွေကို အတွင်းရေးမှူး အဆင့်သာ တာဝန်ပေးသင့်ပါတယ်။ ခရိုင်နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ နံမည်ပျက်ရှိသူတွေ ဖယ်ရှားပြီး (ထွေ/အုပ်) ဌာနမှ မဟုတ်ဘဲ ဖြစ်နိုင်ရင် ပြည်ထဲရေးဝန်ကြီးဌာန မဟုတ်ဘဲ အခြားဝန်ကြီးဌာနတွေထဲက  (ဥပမာ နယ်စပ်/ စည်ပင်ဝန်ကြီးဌာန၊ စီမံကိန်းဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနတွေရဲ့ အလုပ်သဘော ဆက်စပ်နိုင်) ဝန်ထမ်းများနဲ့အစားထိုးပါက ပိုမို ကောင်းမွန်နိုင်ပါတယ်။(ထွေ/အုပ်) ဝန်ထမ်းတွေရဲ့ ကြီးစိုးမှုကို  တဆင့်ချင်း လှဲ ထုတ်ပါက ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ကို ပုံဖေါ်နိုင်ပါတယ်။ ဒုဝန်ကြီးအဆင့်ဟာ တချို့ဝန်ကြီးဌာနတွေက အလုပ်များပြီး နိုင်ငံတကာနဲ့ဆက်စပ်လုပ်ရတာဆိုရင် ထားသင့်ပြီး၊ တချို့ဝန်ကြီးဌာနရှိ အတွင်းဝန်ဆိုသူတွေဟာ ဌာနကို ကွပ်ကဲနိုင်စွမ်းရှိသူ ဖြစ်ပါက ဒုဝန်ကြီးထားရန် မလိုကြောင်း အကြံပြုတင်ပြ လိုက်ပါတယ်။

(ဆက်လက် ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts