ရသဆောင်းပါးစုံ

ခိုင်ဇင်(မန္တလေး) – ချစ်လည်း ချစ်၊ ရှက်လည်း ရှက်တတ်ကြပါစေ

 

ခိုင်ဇင်(မန္တလေး) – ချစ်လည်း ချစ်၊ ရှက်လည်း ရှက်တတ်ကြပါစေ

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၆
နွေဦးသည် မြူနှင်းတို့ မထွက်ခွာမှီအချိန်မှာပင် စောလျင်စွာ ဝင်ရောက်လာသည်။ တမာရွက်ြွေကများသည် ရွှေမန်းလမ်း၏ ဘယ်ညာ တစ်ဖက်စီတွင် ကတ္တီပါကောဇောခင်းထားသည့်နှယ်။ ပထဝီဆောင်၏ တောင်ဘက် ပလက်ဖောင်းပေါ်မှ ကျောင်းသူတချို့ ဖြတ်လျှောက်သွားကြသည်။ ပင်မဆောင်၏ လှေကားထစ်တွင် ကျောင်းသားကျောင်းသူများ အမှတ်တရ ဓါတ်ပုံရိုက်နေကြသည်။ ငယ်ရွယ်နုပျိုသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် ပန်းရောင်စုံများ ဖူးပွင့်နေသည့်နှယ် ငယ်ရွယ်သည့် အားမာန်ဖြင့် လှချင်တိုင်း လှနေကြသည်။

တစ်ခေတ်တစ်ခါက ပညာတတ်ပေါင်းများစွာ၊ အနုပညာရှင် ပေါင်းများစွာ မွေးထုတ်ခဲ့သည့် အထက်အညာတွင် နာမည်ကျော်ကြားလှသည့် ခန့်ညားထည်ဝါဝင့်ကြွားလှသည့် တက္ကသိုလ်ကြီးသည် ဆယ်စုနှစ်တစ်ခုကြာအောင် အိပ်မောကျခဲ့ရာမှ ယခုအချိန်တွင် နိုးထခြင်းနှင့် ပြောင်းလဲခြင်းတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုနေရာသည် အထက်အညာ၏ နာမည်ကျော် မန္တလေးတက္ကသိုလ်ပင်ဖြစ်သည်။

ပိတ်ထားသော အဆောင်များ တံခါးများ ပွင့်လာသည်။ မြတမာ၊ ရွှေမန်း၊ မန်းသပြေ၊ မန်းကေသီ အစရှိသော နာမည်ကျော် မိန်းကလေးအဆောင်များ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူများ လက်ခံလာသည်။ စည်းစနစ်ကျနသော ဆရာမကြီးများ၏ လက်အောက်တွင် တန်ဖိုးရှိစွာ လုံခြုံစွာ မိဘများ စိတ်ချမ်းသာစွာ အပ်နှံထားလို့ ရခဲ့ပြီ။

နေရာဒေသစုံမှ မန္တလေးတက္ကသိုလ်သို့ ပညာရှာမှီးကြသော ကျောင်းသား ကျောင်းသူတို့သည် ပြောင်းလဲခြင်းနှင့်အတူ ရောက်ရှိ၍ လာကြသည်။ ခြောက်ကပ်ကပ် တိတ်ဆိတ်ငြိမ်သက်နေသည့် ကျောင်းတော်ကြီးသည် ယခု တစ်ဖန် ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။

အသက်ဝင် လှုပ်ရှားလာသည့် ကျောင်းတော်ကြီးတွင် အမြင်မတော်ဖြစ်စဉ်များကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ထိုမြင်ကွင်းမှာ ကျယ်ပြောလှသည့် ကျောင်းလမ်းမကြီး၏ဘေး၊ သစ်ပင်များအောက်၊ ကျောင်းမြက်ခင်းပြင်များတွင် ဆယ်ကျော်သက်အရွယ် စုံတွဲများ၏ အနေအထိုင်မဆင်ခြင်သည့် ပုံရိပ်များပင်ဖြစ်သည်။ တက္ကသိုလ်သည် ပန်းခြံမဟုတ်ပါ။ တက္ကသိုလ်သည် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူကျောင်းသားများ၏ ပညာရှာမှီးရာ၊ ပညာဖြန့်ဝေရာ နေရာတစ်ခုသာဖြစ်သည်။

ထိုနေရာ ထိုလမ်းမများတွင် အမြင်မတော် တွေ့ရသော စုံတွဲများအကြောင်းကို

“ကျောင်းထဲမှာ လာချိန်းကြတဲ့ စုံတွဲတွေက အရင်ကတည်းက ရှိပါတယ်။ ဒါပေမယ့် ဒီလောက်တော့ မဆိုးဘူးပေါ့ဗျာ။ ခုက နေ့ခင်းကြောင်တောင်မှာတောင် စုံတွဲတွေရဲ့ နေထိုင်ပုံအပြုအမူက တော်တော်ဆိုးတယ်။ ယိုသူ မရှက် မြင်သူရှက်ပေါ့။ ပြီးတော့သူတို့ကို ကြည့်လိုက်ရင် ပိုဆိုးပြီး လူတွေကို ဂရုမစိုက်သလို ပိုပြီး အရွဲ့တိုက်ကြတယ်။ မဖြစ်သင့်ဘူးပေါ့ဗျာ။” ဟူ၍ တက္ကသိုလ်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှ ပြောသည်။

ချစ်သူစုံတွဲ ဟူသည် တက္ကသိုလ်နယ်မြေတွင်သာမက နေရာတိုင်းတွင် ရှိမြဲဖြစ်သည်။ သို့သော် ချစ်တတ်ကြသလို ရှက်တတ်ကြဖို့လည်း လိုအပ်သည်ဟု တွေးမိသည်။ ပညာသင်ထားသော ပညာတတ်များဖြစ်သည်မို့ ပိုမိုပြီး ဆင်ခြင်သင့် သည်ဟု ယူဆမိသည်။ နေညိုချိန် မရောက်ခင်အချိန်မှာပင် ရွှေပြည်အေးလမ်းထောင့်တွင် စုံတွဲ နှစ်တွဲ သုံးတွဲ နေရာယူထားပေသည်။

“ကျောင်းထဲက စုံတွဲတွေက ကျွန်တော်တို့ ကျောင်းကချည်းပဲ မဟုတ်ပါဘူး။ အပြင်က စုံတွဲတွေ လာချိန်းတွေ့တာ များပါတယ်။ ကျွန်တော်တို့ ကျောင်းက မဟုတ်ဘူးလို့လည်း မပြောပါဘူး။ ဒါပေမယ့် နည်းပါတယ်။ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေ ဒီလောက်ကြီးမဆိုးပါဘူး” ဟု တက္ကသိုလ်ဆရာတစ်ဦးမှ ပြောပါသည်။

မန္တလေးတက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဖြင့် ဒုတိယနှစ်တက်ရောက်နေသော ကျောင်းသူ တစ်ဦးမှလည်း …

“ကျောင်းထဲက စုံတွဲတွေအကြောင်းပြောရင် သမီးတို့ ကျောင်းကိုပဲ လာပြောကြတယ်။ နင်တို့ကျောင်းက စုံတွဲတွေပေါ့ဆိုတဲ့ ပုံစံမျိုးနဲ့ တကယ်တော့ သမီးတို့အဆောင်တွေက ညနေခြောက်နာရီဆို ပိတ်ပါတယ်။ ခြောက်နာရီ မတိုင်ခင်ကတည်းက အဆောင်ကို ဝင်ရတာပါ။ တကယ်တော့ ညနေခင်းစုံတွဲတွေဆိုရင် သမီးတို့ကျောင်းက လုံးဝ လုံးဝ မဟုတ်ပါဘူး” ဟု ညနေခင်း မန်းတက္ကသိုလ်လမ်းမထက်မှ စုံတွဲများကို မန္တလေးတက္ကသိုလ်မှ ကျောင်းသူများဟု ထင်မြင်မိမှာကို စိုးရိမ်ဟန်ဖြင့် ရှင်းပြသည်။ ခပ်ကဲကဲ စုံတွဲများကို သူမတို့၏ တက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဟု ထင်မှားမိမှာကို စိုးရိမ်ဟန်တူသည်။

သို့သော်လည်း မန္တလေးတက္ကသိုလ် မြောက်ဘက်တံခါးပေါက်အထွက် လမ်းမကြီးဘေး ဘယ်ညာ တစ်လျှောက်တွင်တော့ တစ်ဦးနှင့်တစ်ဦး ခွာ၍ မရလောက်အောင် ချစ်ကြင်နာနေသော စုံတွဲများ၊ သစ်ပင်စိုက်ထားရ ကျိုးနပ်အောင် အသုံးချကြသော စုံတွဲများသည်လည်း အမှောင်ရိပ်မတိုင်ခင်မှာပင် ကမ္ဘာလောကကြီးကို မေ့ထားခဲ့ကြလေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts