ဖိုးထက် အတွေးအမြင်

ဖိုးထက် – မမုန်းချင်တဲ့ တံတိုင်းများ

ဖိုးထက် – မမုန်းချင်တဲ့ တံတိုင်းများ

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၆



တံတိုင်းတွေ တည်ဆောက် အသုံးပြုခြင်းကို ကျွန်တော်တို့ ဘယ်တုံးက စခဲ့ကြသလဲ။ ကျောက်ခေတ်ကတည်းက စခဲ့မည် ထင်သည်။ သားရဲတိရစ္ဆာန်တွေ၏ ဘေးက လွတ်လွတ်ကင်းကင်း အိပ်စက် အနားယူနိုင်ဖို့ အကာအရံ တံတိုင်းတွေ လုပ်ခဲ့ကြမည်။ အစကတော့ တံတိုင်းခပ်သေးသေး။ နောက်တော့ မျိုးနွယ်စု မတူသော ရန်သူများကိုပါ ကာကွယ်ဖို့ ၀ါးချွန်တွေ၊ သစ်လုံးတွေကို အသုံးပြုပြီး အခိုင် အခံ့ တံတိုင်းကြီးတွေ တည်ဆောက်ခဲ့ကြသည်။ခေတ်တွေ ပြောင်း၊ လူ့သက်တမ်းရင့်လာတော့ ဆူးညှောင့် ခလုတ် ကသင်းတွေ အပြည့် မြုပ်ထားသည့် ရေပြင်ကျယ်ကြီးခြားစေသည်။ ဒါ့အပြင် အားမရသေးဘဲ မြို့ရိုးကြီးတွေ လေးလက် လေးတန်ကာရံထားသည့် ရဲတိုက်ကြီးတွေ၊ တိုင်း နိုင်ငံတွေ ပေါ်ပေါက်လာသည်။ တံတိုင်းကြီးတွေ ကာရံလိုက်တာနှင့် လူတွေ၏ အသက်အိုးအိမ် စည်းစိမ်တွေ လုံခြုံသွားပြီလား။ စိတ်လက်ချမ်းသာစွာ အိပ်စက် အနားယူနိုင်ပြီလား။ မေးခွန်းတွေ ရှိလာသည်။

ကမ္ဘာပေါ်မှာ မရည်မတွက်နိုင်သော တံတိုင်းကြီးများကို တည်ဆောက်ခဲ့ကြသည်။

တရုတ်ဧကရာဇ် ရှီဟွန်ဂ်တိ (BC 259-BC 210) က တရုတ်မဟာတံတိုင်းကြီးကိုတည်ဆောက်ခဲ့သည်။ သူ့တံတိုင်းကြီးက ဘယ်လောက် ကြီးကျယ်သလဲဆိုလျှင် လကမ္ဘာမှ လှမ်းကြည့်လျှင်တောင်မှ မြင်နိုင်သည်ဟု ဆိုကြသည်။ သူ့ခေတ်တုံးက တရုတ်မြောက်ဘက်နဲ့ အနောက်ဘက်ကို အောင်နိုင်သော်လည်း (မွန်ဂိုမျိုးနွယ်တွေလို့ ကျွန်တော် ထင်သည်။) ရာသီဥတုအရ၊ လမ်းပမ်း ဆက်သွယ်ရေး အရ အရှည်အကြာကြီး နယ်ကို သိမ်းပိုက်ထားဖို့ မဖြစ်။ သွားတိုက်လိုက်။ နိုင်လိုက်။ ပြန်လာလိုက်။ ဟိုဘက်က ပြန်လာတိုက်လိုက်ဖြင့် လုံးခြာလိုက်နေခဲ့သည်။ ထို့ကြောင့် အဲဒီ မြောက်ဘက်က ရန်သူတွေကိုကာကွယ်ဖို့ ရည်ရွယ်ချက်နှင့် ကမ္ဘာကျော် မဟာ တံတိုင်းကြီးကို တည်ဆောက်ခဲ့သည်ဟု ဆိုကြသည်။

တရုတ် မဟာတံတိုင်းကြီးကို ၇ ရာစု အစောပိုင်းက တည်ဆောက်ခဲ့သည်။ မိုင်ပေါင်း လေးထောင်နီးပါး အရှည်ရှိသည်။ ဒီမိုင်လေးထောင်ဆိုတာက လူတည်ဆောက်ထားသော ကျောက်သား နံရံ တံတိုင်းကြီး၏ အလျားဘဲ ရှိသေးသည်။ မြေသားနံရံ တံတိုင်းတွေလို ဖြစ်နေသည့် တောင်တန်းတွေ၊ မြစ်တွေပါ ထည့်ရည်တွက်လျှင် မိုင်ပေါင်း တစ်သောင်း သုံးထောင်ကျော်သည်ဟု ဆိုကြသည်။ ရှီဟွန်ဂ်တိ နှင့် သူ့ လူများက တံတိုင်းကြီးတည်ဆောက် လိုက်သည်နှင့် သူတို့ အင်ပါယာကြီး လုံခြုံစိတ်ချရပြီ။ ကမ္ဘာတည်သရွေ့ ခိုင်မြဲပြီဟု အထင်ရှိခဲ့မှာ သေချာသည်။ သို့သော် သူသေတာနှင့် သူ့ကို ဆက်ခံသော သူ့သား လက်ထက်မှာပင် အသတ်ခံရကာ လေးနှစ်အတွင်း အင်ပါယာကြီး ပြိုကွဲခဲ့ရသည်။ တံတိုင်း အပြင်က လာတိုက်ခိုက်သော ရန်သူတွေကြောင့် မဟုတ်။ တံတိုင်း အတွင်းက သူဖိနှိပ်ထားသဖြင့် တော်လှန်ပုန်ကန်ကြသော လူတွေကြောင့် ဖြစ်သည်။

နောက်ထပ် ကမ္ဘာကျော် တံတိုင်း တစ်ခုက ဘာလင် တံတိုင်း။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ ဖက်ဆစ် ဂျာမဏီကို အမေရိကန် ဦးဆောင်သော နေတိုးတပ်တွေ နှင့် ဆိုဗီယက် တပ်နီတော်တို့က သိမ်းပိုက်လိုက်ကြသည်။ ဟစ်တလာလဲ သေပြီ။ ဖက်ဆစ် စနစ်လဲ ကျဆုံးပြီ။ သို့သော် ကွန်မြူနစ်စနစ် နှင့် ဒီမိုကရေစီ စနစ်တို့က ဆက်ပြီး တိုက်ကြ ခိုက်ကြရင်း ဂျာမဏီကို နှစ်ပိုင်း ခွဲခြား ပြစ်လိုက်ကြသည်။ အရှေ့ဂျာမဏီနှင့် အနောက် ဂျာမဏီ။ အားမရနိုင်သေးဘဲ ဘာလင် တံတိုင်းကြီးကို ကာရံလိုက်ကြသည်။ ဆိုဗီယက် သြဇာလွှမ်းသော အရှေ့ဂျာမဏီက ဂျာမန်များ အနောက် ဂျာမဏီကို ကူးပြောင်း ထွက်ပြေး အခြေချနေတာတွေကို ရပ်တန့်ပြစ်ဖို့ ဘာလင် တံတိုင်းကြီး ဖြစ်ပေါ်လာသည်။

ဘာလင်တံတိုင်းကြီးကို ၁၉၆၁ မှာ တည်ဆောက်ခဲ့သည်။ မိုင်ပေါင်း ၉၆ မိုင်ခန့် ရှည်လျားသည်။ ပျမ်းမျှ အမြင့်က ၁၂ မီတာ နီးပါး မြင့်သည်။ အရှေ့ဂျာမဏီကနေ အနောက်ဂျာမဏီသို့ ဘာလင်တံတိုင်းကြီးကို ဖြတ်ကျော် ထွက်ပြေးကြသည့် လူတွေ မရည်အတွက်နိုင်လောက်အောင် သေနတ်ဖြင့် ပြစ်သတ်ခံခဲ့ကြရသည်။ ဘာလင်တံတိုင်းကြီးကို ဆိုဗီယက် ကွန်မြူနစ်တွေ ခေါ်တာက Anti-Fascist Protective Wall တဲ့။ အနောက်နိုင်ငံတွေကတော့ Wall of Shame တဲ့။ ကိုယ့်အယူအဆနဲ့ကိုယ် ကြိုက်သလို ခေါင်းစဉ်တပ်ခဲ့ကြသော်လည်း အရှေ့ဂျာမဏီဘက်က လူတွေအတွက် ဘာလင်တံတိုင်းကြီးသည် ထောင်နံရံနဲ့ အတူတူဘဲလို့ သမိုင်းက အထင်အရှားပြသည်။ ရင်တမမ နေခဲ့ရသည့် စစ်အေးကာလ တိုက်ပွဲ၏ တိုက်ပွဲခေါ်သံ အစပြုသည့် တံတိုင်းကြီးဟု ဆိုသော် ရကောင်းသည်။

ဘာလင်တံတိုင်းကို တည်ဆောက်ခဲ့စဉ်ကတော့ ဆိုဗီယက် ခေါင်းဆောင်များက သူတို့ ကွန်မြူနစ်စနစ်ကြီး တည်တံ့ခိုင်မြဲဖို့၊ လုံခြုံစိတ်ချစေဖို့ ရည်ရွယ်ခဲ့ဟန်တူသည်။ သူတို့ရည်ရွယ်ချက်က ရာစုနှစ် တစ်ဝက်တောင် မကြာလိုက်။ ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲခြင်းနှင့် အတူတူ ၁၉၉၂ မှာ ဘာလင် တံတိုင်းကြီးလဲ ပြိုပျက်ခဲ့သည်။ ဘာလင်တံတိုင်း၏ အစ၊ အပဲ့တွေကို နိုင်ငံစုံက ပြတိုက်တွေထဲမှာ ယခုအချိန်ထိ ပြသထားခြင်းသည် လူ့သမိုင်းကို ဂုဏ်ယူချီးမြှောက်ချင်သော သဘောကြောင့် မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါသည်။

လက်ရှိ ကမ္ဘာမှာလဲ အရုပ်ဆိုး အကျည်းတန်သည့် တံတိုင်းကြီး တစ်ခု တည်ဆောက်နေသည်။ အစ္စရေးနဲ့ ပါလက်စတိုင်းကို ခွဲခြားဖို့ မိုင်ပေါင်း လေးရာနီးပါးရှိလာမည့် ကွန်ကရစ် တံတိုင်းကြီးကို တည်ဆောက်နေသည်။ ၂၅ ပေခန့် မြင့်သည့် အဆိုပါ တံတိုင်းကြီးက လုံခြုံစိတ်ချမှုကို ယူဆောင်လာမည် မဟုတ်။ ခွဲခြား ဆက်ဆံမှုတွေ၊ ပိုင်စိုး ပိုင်နင်း ကန့်သတ် ချုပ်ချယ်မှုတွေ၊ အမုန်းတရားတွေ၏ ပြယုဂ်ဖြစ်လာမည့် တံတိုင်းကြီး ဖြစ်သည်။

ပြီးခဲ့သော လပိုင်း လောက်က အစ္စရေး ၀န်ကြီးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှုးကို ဝေဖန်ရှုံချသည့် သတင်း တစ်ပုဒ် ဖတ်လိုက်ရသည်။ ဘန်ကီမွန်း ပြောသော စကားကို မကြိုက်လို့ဟု ဆိုသည်။ မစ္စတာ ဘန်က ပါလက်စတိုင်းတွေက အစ္စရေးတွေကို အကြမ်းဖက် သတ်ချင် ဖြတ်ချင် လာတာကို သူ့ထုံးစံအတိုင်း ကန့်ကွက်ပါသည်ဟု ဆိုသည်။ ဒီအထိ အကောင်း။ နောက်ဆက်တွဲ ဆက်ပြောတာက အစ္စရေးဘက်ကလဲ အရာရာတိုင်းကို လုံခြုံရေး အသိ၊ အမြင်နဲ့ဘဲ ပါလက်စတိုင်းတွေကို ဆက်ဆံနေလျှင် ပြဿနာတွေက ဘယ်လို ပြီးမလဲဟု ထပ်ဖြည့်စွက်သည်။ ဒီစကားကို အစ္စရေး ၀န်ကြီးချုပ်က သဘောမကျခြင်း ဖြစ်သည်။

ဘယ်သူမှန်၊ ဘယ်သူမှား ခွဲခြားလိုက်ဖို့ သိပ်ခက်တတ်သော လူတို့ ကိစ္စတွေမှာ အစ္စရေး၊ ပါလစတိုင်း အရေးလဲ ပါမည်ဟု ကျွန်တော် ထင်မြင်မိသည်။ တစ်ဖက်ကလဲ လက်နက်အားကိုး၊ အင်အားကြီး နိုင်ငံကြီးများ၏ ကျောထောက် နောက်ခံနှင့် လုံခြုံအောင် နေချင်သည်။ ပြီးတော့ ခွဲခြား ဆက်ဆံသည်။ အနိုင်ကျင့်သည်။ တစ်ဖက်ကလဲ သွေးထဲ၊ သားထဲ၊ အူထဲကကို အမုန်းကြီး မုန်းကြသည်။ အမုန်းတွေကို မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတာ ကျွန်တော်တို့ အသက်မကတော့။ အူဇီသေနတ်ကိုင်ထားသော အစ္စရေးစစ်သားတွေကို ကျောက်ခဲများဖြင့် ၊ ဓာတ်ဆီပုလင်း ဗုံးများဖြင့် ယှဉ်သတ်ရဲသော ပါလတိုင်းတွေရဲ့ အမုန်းကို အစ္စရေးတို့ တည်ဆောက်နေသော တံတိုင်းကြီးက ဘယ်လို ရပ်တန့်နိုင်မှာလဲ။ တစ်ဖက်နှင့် တစ်ဖက် မယုံမကြည်ဖြစ်မှု အတောမသတ်နိုင်ကြနိုင်ခြင်းက ဖြစ်ပေါ်လာမည့် တံတိုင်းကြီး ဖြစ်သည်။ လူ့လောကကို အရုပ်ဆိုးစေသော တံတိုင်းကြီးတစ်ခု အဖြစ် ဖြစ်လာတော့မည်။

တံတိုင်းဆိုတိုင်း အဆိုးဘက်က ကြည့်လို့မရ။ အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့ကြီးကို တံတိုင်း ကာရံဖို့ စလုပ်နေပြီဟု သတင်း ဖတ်လိုက်ရသည်။ ဘာသာရေး အစွန်းရောက် IS တွေ လာလာပြီး တိုက်ခိုက်လွန်းလို့ အီရတ်တို့ တည်ဆောက်ကြမည့် အဆိုပါ တံတိုင်းကြီးကတော့ အရုပ်ဆိုးသော်လည်း လုံခြုံစိတ်ချမှုကို ပေးနိုင်မည်လို့ ထင်သည်။

နောက်ထပ် မြန်မာ့သမိုင်းမှာလဲ ချစ်စရာကောင်းသည့် တံတိုင်းကြီး ရှိသည်။ အင်းဝကိုသိမ်း။ မြန်မာတွေ အမြတ်တနိုးထားသည့် ဆံပင် ပုံစံကိုပါ ဟံသာဝတီ ပုံစံ သွတ်သွင်းပြီး အတင်းဖြတ်စေခဲ့သောကြောင့် ရွှေဘိုသား ဦးအောင်ဇေယျ၏ နာကျည်းစိတ်က အစပြုခဲ့သော ထန်းလုံးခံတပ် တံတိုင်းကြီးကတော့ သမိုင်းမှာ ဂုဏ်ယူစရာလို့ ထင်မြင်မိသည်။ ထန်းလုံး တံတိုင်းနံရံကြီးက အစပြုခဲ့သော ဦးအောင်ဇေယျ၏ တော်လှန်ပုန်ကန်မှုက မြန်မာ့ သမိုင်းကို အများကြီး ပြောင်းလဲ ပြစ်ခဲ့သည်။

တံတိုင်းများမှာ အချို့ တံတိုင်းများက ကြီးကျယ် ခမ်းနားသည်။ အချို့တံတိုင်းများက အရုပ်ဆိုး အကျဉ်းတန်သည်။ လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသည့် တံတိုင်းကြီးတွေ ဖြစ်သည်။

ထို့အပြင် အချို့တံတိုင်းများကတော့ အရှည်အကာအဝေး၊ အမြင့် ဘယ်လောက် ရှိမယ်ဟု သိပ္ပံနည်းကျ တိုင်းတာလို့ မရသော်လည်း အမှန်တကယ် ရှိနေတတ်သည်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ တံတိုင်း အကာအဆီးကြီး ရှိနေသည်။ တံတိုင်းကြီးကို အခိုင်အမာ အကာအကွယ်ယူကာ ခြေတစ်လှမ်းသော်မှ မကျူးနိုင်အောင် တည်ဆောက်ထားကြသည်။ ထိုတံတိုင်းကြီးသည် မမြင်နိုင်၊ ကိုင်တွယ် စမ်းသပ်လို့ မရနိုင်သော်လည်း တရားမျှတမှု ကင်းသော တံတိုင်းကြီး တစ်ခုသာ ဖြစ်ပါသည်။ လုံခြုံစိတ်ချရတယ်ဟု အချို့က ထင်ကြသော်လည်း ကျွန်တော်တို့အားလုံးက ဖြိုကို ဖြိုပြစ်ရမယ့် နံရံတံတိုင်းကြီးဆိုတာ သိကြသည်။

တံတိုင်းနံရံကြီးတွေ အကြောင်းကို တွေးမိတိုင်း၊ မြင်မိတိုင်း အားကျ လုံခြုံသည့်စိတ်ဘဲ ဖြစ်စေချင်သည်။ မုန်းတီး နာကျည်းရတဲ့ တံတိုင်း၊ ခေါင်းနဲ့ ၀င်ဆောင့်ချင်သော တံတိုင်းကြီးတွေ မတည်ဆောက်မိဖို့ ကျွန်တော်တို့ ကြိုးစားကြရပေအုံးမည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts