ကိုအောင်မှိုင်း ဝေဖန်ရေးရာ

ကိုအောင်မှိုင်း – နိုင်ငံရေးမြေမြုတ်မိုင်းများ

ကိုအောင်မှိုင်း – နိုင်ငံရေးမြေမြုတ်မိုင်းများ

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၆

ပြည်တွင်းစစ် နှစ် ၆၀ ကျော်လာတာနဲ့  မြေမြုတ်မိုင်း နင်းမိလို့ ခြေပြတ်လက်ပြတ် သေကြေဒဏ်ရာရရှိခဲ့ကြသူ သောင်းဂဏန်း ကျော်ကျော် ရှိမယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိလာပါတယ်။ တိကျတဲ့ စာရင်းဇယားတခု မဟုတ်ပေမဲ့  ဒီကိန်းဂဏန်းထက် တကယ်ဖြစ်ခဲ့သူ အရေအတွက်က မနဲဘူးဆိုတာတော့ ပြောလို့ရမှာဖြစ်ပါတယ်။ ထူးခြားတာက မြေမြုတ်မိုင်းထောင်ခဲ့ကြတာ နှစ်ဘက် စစ်တပ်များ ဖြစ်ကြပေမဲ့ သေကြေဒါဏ်ရာရတဲ့ လူနဲ့  ခြေပြတ်လက်ပြတ်သူ အရေအတွက်ဟာ အရပ်သားတွေ ပိုများတယ်လို့လဲ သိရပါတယ်။ အထူးသဖြင့်ကတော့ တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားညီအကို မောင်နှမများသာ အထိနာခဲ့ကြတယ်လို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။

မိုင်း လို့ပြောလိုက်တာနဲ့  တိုင်းရင်းသားဒေသတွေက လူထုကတော့ စေ့စေ့စပ်စပ် သေသေချာချာကို သိခဲ့ကြပါတယ်။ ဘ၀ကပေးတဲ့ အသိ လို့ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်ရွာမှာ ဘယ်သူတော့ မိုင်းနင်းလို့ ခြေပြတ်သွားတယ်၊ ဘယ်သူတော့ သေသွားတယ် စတဲ့ သတင်းတွေ၊ ဖြစ်ရပ်တွေဟာ ငယ်ဘ၀တွေကထဲက မကြာ မကြာ ကြားလေ့ရှိတဲ့ ခလေးတွေအတွက် အိပ်ယာဝင်ပုံပြင်တွေဆိုရင် မှားမယ်မထင်ပါ။ အကြားတွေအမြင်တွေ အောက်မှာ တိကျတဲ့ အသိတွေပါ တပါတည်း ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့  မိုင်းအကြောင်း၊ မိုင်းဗဟုသုတတွေဟာ ဘယ်ကျောင်းမှ မတက်ရဘဲ ပြည့်ပြည့်စုံစုံ သင်ကြား တတ်မြောက်သွားခဲ့ကြရတာလဲ ဖြစ်ပါတယ်။

နင်းမိုင်း၊ တိုက်မိုင်း၊ ခုန်မိုင်း၊ မိုင်းပဒေသာ၊ ခုန်ပျံ ရှပ်ကွဲမိုင်း စသဖြင့် မြန်မာနာမည် အမျိုးမျိုးပေးခဲ့ကြပါတယ်။ ဒီမိုင်းတွေထဲမှာ လူထုကို ဒုက္ခအပေးဆုံးက နင်းမိုင်း လို့ခေါ်တဲ့ မြေမြုတ်မိုင်းတွေဘဲ ဖြစ်ပါတယ်။ မြေမြုတ်မိုင်းတွေမှာ တချို့ က လပိုင်းဘဲ အစွမ်းရှိကြတယ်။ တချို့ ကတော့ နှစ်ပေါက် အစွမ်းရှိတယ်။ တချို့ ကတော့ နှစ်ရှည် လများကို အစွမ်း ရှိကြပါတယ်။ သိပ္ဗံပညာ တိုးတက်လာတဲ့အလျှောက် မိုင်းတွေရဲ့ အရည်အသွေးနဲ့ ထိရောက်မှုကလဲ သိသိသာသာကို တိုးတက်ခဲ့ပါတယ်။ လက်ဖက်ရည် ပန်းကန်လုံးလောက်ရှိတဲ့ မိုင်းတလုံးဟာ လူတယောက်အတွက် လုံလောက်တဲ့ ထိရောက်မှုကို ပေးနိုင်တယ်ဆိုတာပါဘဲ။

မြန်မာနိုင်ငံ စစ်မြေပြင်တွေမှာ ရည်ရွယ်ချက်အမျိုးမျိုးအတွက် မိုင်းတွေကို စစ်တပ်တိုင်းလိုလို သုံးလေ့ရှိပါတယ်။ စစ်တပ်တွေဟာ ကိုယ်ထောင်တဲ့မိုင်းတွေကို ကိုယ် ပြန်ဖေါ်ရပါတယ်။ များသောအားဖြင့်တော့ ဖေါ်လေ့မရှိဘဲ စွန့်ပစ်မိုင်းတွေ ဖြစ်ကုန်တာ များပါတယ်။ တော်လှန်ရေးအဖွဲ့ တွေကတော့ အများအားဖြင့် ပြန်ဖေါ်လေ့ရှိပါတယ်။ ကိုယ့်ဒေသလဲဖြစ်ပြီး မိုင်းများများစားစားလဲ မရှိတာကြောင့်ဖြစ်ပါတယ်။ အစိုးရစစ်တပ်ကတော့ စွန့်လွတ်မိုင်းတွေ ထောင်လေ့ရှိတာများပါတယ်။ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးရရင် ပထမဆုံးလုပ်ရမဲ့အလုပ် က မြေမြုတ်မိုင်းတွေ ပိုက်စိတ်တိုက် ဖေါ်တဲ့ အလုပ်ဖြစ်မှာပါ။

အနှစ်၆၀ ကျော်ကြာ မြေမြုတ်မိုင်းတွေအကြောင်း ကျနော်တို့ပြောကြပြီးနောက် မြန်မာနိုင်ငံအတွင်း ၅နှစ်ကြာ မြေမြုတ်မိုင်းတွေအကြောင်း ဆက်ပြောလိုပါတယ်။ ဒါတွေကတော့ မြေမြုတ်မိုင်းတွေလို ဖျက်အားပြင်းပြီး နှစ်တိုနှစ်ရှည် လူထုကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ ဦးသိန်းစိန်၊ ကြံ့ဖွံ့အစိုးရရဲ့  နိုင်ငံရေးမြေမြုတ်မိုင်းများအကြောင်း ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရဟာ ပြုတ်လုပြုတ်ခင် ကာလအထိ လူထုကို ဒုက္ခပေးဘို့ နိုင်ငံရေးမြေမြုတ်မိုင်းတွေ တလုံးပြီး တလုံးဆိုသလို ဆက်မြုတ်နေတာ တွေ့ ရတော့ လူထုအပေါ် အာဃာတ တော်တော်ကြီးပါလားလို့လဲ သံဝေဂရမိတယ်။ အဂုင်္လိမာလခေတ်ကသာဆို NLD ကို မဲထည့်တဲ့လက်ညိုးတွေကို အကုန်များဖြတ်လေမလား မသိတော့ပါ။ ခက်တာက ဒီမိုကရေစီခေတ်ကို ရောက်ပြီ၊ အဆုံးအဖြတ်ကို မဲခွဲဆုံးဖြတ်တာ မှန်တယ်ဆိုပြီး လုပ်ချင်တာအားလုံးကို ဖြစ်စေ၊ မလုပ်ချင်တာ အားလုံးကိုဖြစ်စေ ဥပဒေအဖြစ် ပြဌာန်းဘို့၊ လွှတ်တော်မှာ မဲ ခွဲလေ့ရှိပါတယ်။ မဲခွဲတိုင်းလဲ ကြံ့ဖွံ့ပါတီကနိုင်တယ်။ လွှတ်တော်ဆိုတာကြီးမှာ ကြံ့ဖွံ့ ပါတီက အမတ်အများဆုံးဖြစ်သလို၊ တပ်မတော်သားကိုယ်စားလှယ်ဆိုသူတွေကလဲ ပိတ် သုံး ပိတ်တွေ ဖြစ်နေပြန်တော့ တရားတဲ့ ဥပဒေရော၊ မတရားတဲ့ ဥပဒေရော – လူများလို့ “ဤ” ကို “ကျွဲ” ဖတ်လိုက်ကြတာ အကုန် “ကျွဲ”တွေ ဖြစ်ကုန်ကြတာပေါ့ဗျာ။

ဦးသိန်းစိန် ပထမဆုံးထောင်ခဲ့တဲ့ မြေမြုတ်မိုင်းကတော့ “မြစ်ဆုံရေကာတာ အရေးအခင်း ”အတွက် ဆုံးဖြတ်ချက်ပါဘဲ။ ပြောရရင် လူရီစရာပျက်လုံးတခုလို ဖြစ်ခဲ့တာပါ။ သူ့အစိုးရလက်ထက်မှာ ရပ်ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဘဲ ဖြစ်ပါတယ်။ စီမံကိန်းတခုဟာ မှားရင်ရပ်ပြီး၊ မှန်ရင် ဆက်လုပ်ဘို့ဘဲ ရှိပါတယ်။ အခုတော့ သူ့အစိုးရလက်ထက်မှာ ရပ်ထားမယ်။ နောက်အစိုးရလက်ထက်တော့ သူတို့ဒုက္ခနဲ့ သူတို့ ရှိစေတော့ ဆိုတဲ့ မြေမြုတ်မိုင်းတလုံး ထောင်လိုက်တာပါ။ အဓိကပြဿနာက တတိုင်းပြည်လုံး ဧရာဝတီကို ကာကွယ်ဘို့ လူထုလူတန်းစားအားလုံး အပါအ၀င်၊ တတ်သိပညာရှင်များပါမကျန် တလုံးတစည်း အံတုလာတဲ့အခါ ဆက်လုပ်ဘို့ ခက်ခဲလာပါတယ်။ ဘက် တဘက်ကလဲ ဒီစီမံကိန်းကို သူကိုယ်တိုင် စစ်အစိုးရလက်ထက် ၀န်ကြီးချူပ်ဘ၀မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဆိုတော့ ရပ်လိုက်မယ်ဆိုရင် ပြဿနာက အကြီးကြီး။ စီမံကိန်းတိုင်းမှာ အပေါ်ငွေ၊ အောက်ငွေဆိုတာကလဲ ရှိနေပြန်တော့ ရူးချင်ယောင်ဆောင်ပြီး နောက်အစိုးရအတွက် မြေမြုတ်မိုင်းကြီးကြီး တလုံး လက်ဆောင်ပေးလိုက်တာပါ။

ဒုတိယမြေမြုတ်မိုင်း လို့ ပြောလို့ရတဲ့ စီမံကိန်းနောက်တခုကတော့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဘဲ ဖြစ်ပါတယ်။ ယခင်နအဖအစိုးရ လက်ထက်မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်က သဘောတူလက်မှတ်ရေးထိုးကြတာပါ။ လက်မှတ်ရေးထိုးခဲ့တာက Norinco (ChinaNorth Industries Corp) လို့ ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးကုမ္ဗဏီတွေထဲက တစ်ခုနဲ့ ဖြစ်ပါတယ်။ အဲဒီကုမ္ဗဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမ္ဗဏီကြီး တစ်ခုလဲ ဖြစ်ပါတယ်။ နအဖစစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမ္ဗဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလဲ လုပ်ခဲ့ကြပါတယ်။ မုံရွာ – လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်ပါတယ်။

( ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသောစစ်ဆေးတွေ့ရှိချက်များကို စာအမှတ် စဆ/ ၂၂၁ (၆/၂၀၁၂)နှင့် စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ မုံရွာ ကြေးနီးသတ္တုတူးဖော်ရေး လုပ်ငန်းမှာ ယခင် မြန်မာ့အိုင်ဗင်ဟိုကြေးနီကုမ္ပဏီလီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စုမြန်မာနိုင်ငံ၊ စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်းဝယ်ယူမှုအတွက် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက် မှ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းထံ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း၊ အဆိုပါပေးချေမှုမှာ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်။ အလွယ်ခေါ်ရင် ၀မ်ပေါင်း ပေါ့ဗျာ။)

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲရောင်းလိုက်ခြင်း ဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံ ကုမ္ဗဏီပါ။ ဒီကိစ္စကို The Voice ဂျာနယ်က ” ၀န်ကြီးဌာနတချို့၏ ကျပ် သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ပါတယ်။ ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ။ ဖြုတ် ထုတ် ခံ သွားရှာပါတယ်။ The voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားခဲ့ပါတယ်။ ၀မ်ပေါင်းကုမ္ဗဏီက ကြေးနီထုတ်ဘို့ ရွာတွေရွှေ့၊ သိမ်တွေ ဖျက်၊ လုပ်လာတဲ့အခါ လူထုနဲ့ ထိပ်တိုက် တွေ့ပါတော့တယ်။ ဆရာတော်၊ သံဃာတော်တွေပါ ပါလာခဲ့ပါတယ်။ ဒီအခါ ကြေးစားရဲတပ်ဖွဲ့ အကူအညီနဲ့ လူထုကို ဖြိုခွင်းဘို့လုပ်ရာက၊ သံဃာတော်တချို့ မီးလောင်ဗုံးစာ မိခဲ့ရပါတော့တယ်။ ဗိုလ်သိန်းစိန်အစိုးရဟာ ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ် လွှဲတင်လိုက်ပြန်ပါတယ်။ ဒီပြဿနာဟာ အခုတိုင် မပြေလည်သေးတဲ့ပြဿနာတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒါလဲ နောက်အစိုးရအတွက် ပြောရရင်ေ မြေမြုတ်မိုင်း တခုပါဘဲ။

မြေမြုတ်မိုင်းများစွာထဲက နောက်တခုကတော့ အမျိုးသမီးအဖွဲ့များနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့ က ကြေငြာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ကြတဲ့ကြားက အောက်ပါဥပဒေတွေကို လူများတရားနိုင် “ဤ” ကို “ကျွဲ” လုပ်ခဲ့ပြန်ပါတယ်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ။
Law No 48/2015 ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ။
Law No 50/2015 ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ။
Law No 54/2015 ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၁ရက်

ဒီဥပဒေရဲ့ အနှစ်သာရက ဘုန်းကြီးရဟန်းတွေရဲ့  သိက္ခာကို ရေမြောင်းပုပ်ထဲ ပစ်ချလိုက်တာဘဲလို့ ပြောလိုပါတယ်။ ဘုန်းတော်ကြီးတွေက အတွဲတွေချောင်း၊ တည်းခိုခန်းတွေက ခြင်ထောင်တွေ လှန်ရတော့မဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ကြီးမြတ်မှုတွေကို ရွေးကောက်ပွဲ မဲရဘို့ လဲလှယ်လိုက်တဲ့ ဘုန်းကြီးတုတွေရဲ့  ဥာဏ်အမျှော်အမြင်နဲမှုလို့ပဲ နိဂုံးချူပ်ချင်ပါတယ်။ ဒီမြေမြုတ်မိုင်းကလဲ ထပေါက်ဘို့ လူမိုက်ဆန်ဆန် (ဘုန်းကြီးမိုက် ဆန်ဆန်) လုပ်ရပ်တွေနဲ့ မီးပွါးတွေချနေကြပြန်ပါတယ်။ နောက်အစိုးရအတွက် ဦးသိန်းစိန်ထားခဲ့တဲ့ နိုင်ငံရေးမြေမြုတ်မိုင်း တခုပေါ့ဗျာ။

အကြီးဆုံး နိုင်ငံရေးမြေမြုတ်မိုင်းကြီးကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာကြီးဘဲ ဖြစ်ပါတယ်။ အချို့ ကလဲ ‘ညောင်နှစ်ပင်သစ်’ လို့လဲ နာမည်ပေးထားတဲ့ ညီလာခံကြီးဖြစ်ပါတယ်။ ၅ နှစ်လုံးလုံး အချိန်တွေဖြုန်း၊ ပိုက်ဆံတွေဖြုန်းခဲ့ကြပြီး ဆင်းရခါနီးမှ ဖုတ်ပူ မီးတိုက် ဆိုသလို ကောက်ကာငင်ကာ ညီလာခံဆိုတာကြီးကို လုပ်ခဲ့ကြတော့ ရိုးမှရိုးရဲ့လားဆိုတာ အတော်သံသယဖြစ်ကြပါတယ်။ သံသယဖြစ် စရာတွေကလဲ များသား ကိုးဗျာ။ ၅နှစ် လုံးလုံး လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို လူမစုံ တက်မစုံစွာ ၅ ရက်နဲ့ အပြီးသတ်ကြမယ်ဆိုပြန်တော့လဲ တွေးစရာတွေများကြတာ အပြစ်မဆိုသာဘူး ထင်ပါတယ်။

ညီလာခံတက်ရောက်မဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ ပတ်သက်ပြီး အစိုးရမှ ၇၅ ဦး၊ လွှတ်တော်မှ ၇၅ ဦး စစ်တပ်မှ ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၁၅၀ ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ ဦး၊ လက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသားပါတီမှ မဟုတ်တဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦး၊ အခြားဖိတ်ကြားသင့်တဲ့သူ ၅၀ ဦး စုစုပေါင်း ၇၀၀ ဦး တို့ဖြစ်ပါတယ်။ ညောင်နှစ်ပင်တုန်းကလို လုပ်ပေါက်ကတော့ တထပ်ထဲ လို့ပြောရမလားဘဲဗျာ။ လူများပြီး ပွဲမစည်။ နောက်ဆုံး ငြိမ်းချမ်းရေးပွဲစားတွေလက်ထဲ ဆုံးဖြတ်ချက်တွေ ရောက်ကုန်တော့တာပေါ့။

အမှန်ဖြစ်သင့်တာက တကယ်တိုင်းပြည်အနာဂါတ်နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ပေးနိုင်သူတွေ၊ တတ်သိ ပညာရှင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါရင် လုံလောက်မယ် ထင်ပါတယ်။ စစ်တပ်က ပါးစပ်ပိတ်နေရမဲ့ ၁၅၀ အစား ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်နဲ့  ၅ ယောက် လောက်ဆို လုံလောက်မယ် ထင်ပါတယ်။ နိုင်ငံရေးပါတီများမှ ၁၅၀ဆိုတာကလဲ လူ ရီစရာ ဖြစ်နေပြန်ပါတယ်။ ကိုယ်စားလှယ် တယောက်မှရွေးချယ်မခံရတဲ့ ကြံ့ဖွံ့လက်ခွဲပါတီတွေနဲ့ NLD မဲကွဲဘို့ အဖွဲ့ အစည်းအချို့ ရဲ့ အထောက်အပံ့နဲ့  ရပ်တည်နေတဲ့ ချဉ်ဖတ်ပါတီတွေကလဲ နေရာတကာ ရှေ့ဆုံးက ဖြစ်နေတာ တွေ့ရတော့၊ တခုခုတော့ မှားနေတာ ထင်ထင်ရှားရှားကို ဖြစ်ပါတယ်။

အဖွင့်အမှာစကားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က –
(၁) လွတ်လပ်ရေးရရှိပြီးနောက် စုစည်းနိုင်ခဲ့တဲ့ အကြီးမားဆုံး တိုင်းပြုပြည်ပြုညီလာခံ ဖြစ်တယ်။
(၂) လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ထူထောင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ဖြစ်တယ်။
(၃) နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးည်ီလာခံအတွက် အခြေခံ အုတ်မြစ်ကောင်း ချမှတ်ခြင်း ဖြစ်တယ်ဆိုတာကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

အဲဒါ မြေမြုတ်မိုင်း အစစ် ပါဘဲ။

ဦးသိန်းစိန်ပြောတာ တခုမှ မဟုတ်ပါဘူး။ တကယ့်ပြည်တွင်းငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ၀၊ကချင်၊သျှမ်း၊ မွန်၊ ကရင်နီ စတဲ့ အစဉ်အလာအရဖြစ်စေ၊ အင်အားအရဖြစ်စေ၊ စစ်တပ်ကို အံတုနိုင်မဲ့သူတွေ မပါကြတဲ့အတွက် အကြီးမားဆုံး တိုင်းပြုပြည်ပြုညီလာခံဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်တခုဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဘို့ ဘယ်မှာ ၅ ရက်နဲ့ လုံလောက်နိုင်မှာလဲ။ ဒါလဲ လိမ်တာ သက်သက်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးတခုဖြစ်တဲ့ နောက်အစိုးရသစ်အတွက် အခြေခံအုတ်မြစ်ကောင်းတွေ ချမှတ်တာဖြစ်တယ် ဆိုတာကတော့ အတော့်ကို လူရီစရာ ပျက်လုံးတခုလို့ ပြောရမှာပါ။ NLD ပါတီဟာ သူတို့ဟာသူတို့ အခြေခံအုတ်မြစ်ကောင်းတွေ ချနိုင်ပါတယ်။ အရည်အချင်းအရ ဖြစ်စေ၊ ကိုယ်ကျိုးစွန့်မှုအရ ဖြစ်စေ၊ တိုင်းရင်းသားများရဲ့ ထောက်ခံမှုအရဖြစ်စေ၊ အခိုင်အမာ စုစည်းရရှိထားတဲ့ ပါတီ ဖြစ်ပါတယ်။ ကျနော့်အမြင်တော့ နောက်တကြိမ်အစိုးရသစ်က ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်မယ် ဆိုတိုင်း အခုဦးသိန်းစိန်အစိုးရလက်ထက် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်ဆိုတာကြီးတွေ ပါချင်ကြ ပါလိမ့်ဦးမယ်။ ပါခွင့် ရရင်လဲ ကလန်ကဆန် ကပျက်ကယက်တွေ ပြောကြ ဆိုကြ ပါလိမ့်ဦးမယ်။ ဦးသိန်းစိန်ဟာ သူ့လက်ခွဲတွေကို နေရာတကာမှာ မြုတ်နှံပြီးနောက် အစိုးရကို အကြပ်ကိုင်ဘို့ ပြင်ဆင်တာဆိုတာ ထင်ရှားပါတယ်။ မြေမြုတ်မိုင်းတွေထဲက တလုံးပေါ့။

ကျနော်တို့ မြေမြုတ်မိုင်း အစစ်တွေကို ရှောင်နိုင်တိမ်းနိုင်ဘို့ ကျိုးစားကြရမှာ ဖြစ်သလို ရှင်းလင်း ဖေါ်ထုတ်ဘို့လဲ လိုမှာ ဖြစ်ပါတယ်။ ဒီလိုဘဲ နိုင်ငံရေးမြေမြုတ်မိုင်းတွေကိုလဲ အစိုးရနဲ့  တိုင်းရင်းသား၊ လုပ်သားပြည်သူများ အတူပူးပေါင်းပြီး ရှင်းလင်း ဖေါ်ထုတ်ရမှာ ဖြစ်ကြောင်းပါဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts