သူတို့အာဘော် မောင်မိုးသူ

အနာဂတ်ကို မျှော်ကြည့်ခြင်း နှင့် ဘကြီးမိုး

Photo – Myanmar NOW

အနာဂတ်ကို မျှော်ကြည့်ခြင်း နှင့် ဘကြီးမိုး
ဘကြီးမိုး ၊ကုမုဒြာသတင်းဂျာနယ်၊ (မိုးမခ) ဖေဖေါ်ဝါရီ ၃၊ ၂၀၁၆

ဘကြီးမိုး သည်ဆောင်းပါးရေးနေရတဲ့ ရက်က ဇန်နဝါရီ ၃၁ ရက်နေ့ပါ။ နက်ဖြန် ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင် ပြည်လုံးကျွတ်ဆန္ဒမဲတွေနဲ့ တောင်ပြိုကမ်းပြို အနိုင်ရလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သစ်ကို စတင်ဖွင့်မယ့်ရက် ဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌတွေ အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် တို့ကို ရွေးချယ်ကြောင်း ကြေညာ၍ အစမ်းလေ့ကျင့်မှုများ ပြုလုပ်သည်ကို တွေ့ရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ တဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တဦး၊ ရခိုင်အမျိုးသားပါတီမှ တဦးတို့ကို ရွေးချယ်ကြောင်းကို တွေ့ရှိရလို့ လေ့လာကြည့်ရှုလိုက်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပါဝင်ပြီး လူမျိုးစုတွေက အများစု ပါဝင်နေတာကို တွေ့ရပါတယ်။ဒါကိုကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကြိုတင်ပြောကြားခဲ့တဲ့အတိုင်း ဒီမိုကရေစီအစိုးရသစ်မှာ အားလုံးပါဝင်လာမှာ သေချာပြီး သိနားလည်တတ်ကျွမ်းသောပုဂ္ဂိုလ်များကို မည်သည့်ပါတီမှ မဟုတ်တဲ့ အပြင်လူများကို ရွေးချယ်ခန့်ထားမယ့် အကြောင်းလည်း ကြားသိရပါတယ်။

အစိုးရသစ်တဖွဲ့လုံးကို ဖေဖေါ်ဝါရီလ ၁ရက်နေ့မှ စတင်ပြုလုပ်မယ့် လွှတ်တော်ကိုယ်စားလှယ်သစ်များ အစည်းအဝေးကို တင်သွင်းကြမှာ ဖြစ်တယ်။

ဒီမိုကရေစီအစိုးရသစ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါမှပါလေမလားလို့ စိုးရိမ်ပူပန်မှု၊ လူမျိုးစုများ ပါဝင်မှ ပါဝင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုများလည်း လျော့ပါးသွားနိုင်ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အစိုးရသစ်ဟာ ကျွမ်းကျင်ပညာရှင်များ၊ ပါတီများ၊ တပ်မတော်ကိုယ်စားလှယ်များ၊ လူမျိုးစုများပါဝင်မယ်လို့ ခန့်မှန်းနေရပါတယ်။

ဒီမိုကရေစီအစိုးသစ်ဟာ လွှတ်တော်က ရွေးချယ်တဲ့သူများနဲ့ တပ်မတော်က ရွေးချယ်တင်မြှောက်တဲ့ ကာကွယ်ရေး၊ နယ်စပ်နှင့်ပြည်ထဲရေးဌာနတို့ စုပေါင်းဖွဲ့ကြရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရသစ်လုပ်ဆောင်ရမယ့် တာဝန်မျးဟာ တောင်ပုံရာပုံ မြင့်မားလှပါတယ်။

အရေးကြီးဆုံးက တရားဥပဒေစိုးမိုးကို ခိုင်မာစွာတည်ဆောက်ပြီး အကျင့်ပျက် လာဘ်လာဘ်ယူမှုများ ပပျောက်အောင် လုပ်ဆောင်နိုင်ကြဖို့ကပထမအရေးကြီးဆုံး ဖြစ်ပါတယ်။

ဒုတိယအရေးကြီးဆုံးက မြန်မာနိုင်ငံရဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ သယံဇာတများ ကိုစနစ်တကျနဲ့ တိုင်းပြည်အတွက် အကျိုးရှိအောင် စီမံခန့်ခွဲကြရမှာ ဖြစ်ပါတယ်။အဲသည်လို စီမံခန့်ခွဲရာမှာလည်း နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုများ လိုအပ်ပြီး ပါဝင်လာကြဖို့ ဖြစ်ပါတယ်။

ယခင်လက်ထက်တုန်းကလို လက်သင့်ရာ ပေးကမ်းလုပ်ကိုင်စေခြင်းမဟုတ်ဘဲ စည်းနဲ့ကမ်းနဲ့ဥပဒေနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးမှုများ ရရှိအောင် စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ တချိန်တည်း နိုင်ငံတကာကျွမ်းကျင်သူများရဲ့ အကူအညီနဲ့ သယံဇာတများကို တန်ဖိုးမြင့်များ ဖြစ်စေရန် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်သိမ်းယာသိမ်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး စိုက်ပျိုးရေးနည်းပညာများမှာလည်း ကျွမ်းကျင်သော ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ အကူအညီဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး ထွက်လာတဲ့သီးနှံများကိုလည်း တန်ဖိုးမြင့် (Value added ) ပစ္စည်းဖြစ်အောင် လုပ်ဆောင်ပြီး အာဆီယံ ဘုံဈေးကွက်မှာ တိုးဝင်ကြဖို့ ဖြစ်ပါတယ်။

လုပ်ဆောင်ရမယ့် အလုပ်များက အများကြီးမှ အများကြီး ဖြစ်ပါတယ်။

မန္တလေးသားဖြစ်တဲ့ ဘကြီးမိုးကတော့ ဆရာငြိမ်းရဲ့ သီချင်းထဲကလို

` ဖြစ်ဟဲ့ဆို ဖြစ်ရမယ်ကွဲ့x ခေတ်သစ်လူသား အားမာန်ဖွံ့ဖြိုးနေx လို့ အားပေးချင်ပါတယ်။

သည်တခါ အစိုးရသစ်ဟာ ပြည်သူရဲ့ဆန္ဒ၊ ပြည်သူရဲ့အားနဲ့ တင်မြှောက်ခံထားရတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူရဲ့အား အပြည့်အဝရရှိပြီး ဖြစ်ပါတယ်။

ပြည်သူရဲ့အားနဲ့ နိုင်ငံရေးပါတီစုံရဲ့အား၊ လူမျိုးစုတွေရဲ့အားနဲ့ တည်ဆောက်ကြမယ်ဆိုရင် ဘာမှ မဖြစ်မြောက်နိုင်စရာ မရှိပါဘူး။

ဖေဖေါ်ဝါရီလအတွင်းနဲ့ မတ်လအတွင်း ဖွဲ့စည်းဖြစ်ပေါ်လာမယ့် ကျွမ်းကျင်ပညာရှင်များ အားလုံးပါဝင်လာမယ့် အစိုးရသစ်အတွက် အနာဂတ်ကို မျှော်ကြည့်ကြိုဆိုလိုက်ရပါကြောင်း….။

အနာဂတ်ကို မျှော်ကြည်ခြင်းနှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts