တူမောင်ညို သူတို့အာဘော်

တူမောင်ညို – မြဝတီသတင်းစာရဲ့ ငှက်ဆိုးထိုးသံ

တူမောင်ညို – မြဝတီသတင်းစာရဲ့ ငှက်ဆိုးထိုးသံ

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၆

“မြဝတီသတင်းစာ” ဟာ စစ်တပ်ပိုင်သတင်းစာဖြစ်ပါတယ်။

စစ်တပ်ပိုင်သတင်းစာမှာ ဖော်ပြတဲ့ “ဆောင်းပါး” ဆိုတာဟာ စစ်တပ်ကို ဂုပ်ခွစီးထားတဲ့ စစ်အုပ်စုသဘောထားနဲ့ စစ်အုပ်စု အာဘော်ကို တိုက်ရိုက်ထင်ဟပ်ပြတာဖြစ်တယ်လို့ ယူဆရမယ်။

ဒီနေ့ထုတ် (၁ ဖေဖေါ်ဝါရီ) မြဝတီသတင်းစာ၊ စာမျက်နှာ ၁၃ မှာ စိုင်းဝေဠု (မဟာဥပဒေ) ဆိုတဲ့ ကလောင်အမည်နဲ့ “နိုင်ငံ တော်သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို အမိနိုင်ငံအကျိုးစီးပွားအတွက် ထာဝရမပြောင်းမလဲတည်ရှိစေလို” ဆိုတဲ့ ဆောင်းပါးဖော်ပြထားပါတယ်။ ဘယ်လိုပဲကလောင်နာမည်ယူထားပါစေ အဓိကအချက်က ဒီဆောင်းပါးရဲ့ အာဘော် ဖြစ်ပါတယ်။

ဒီဆောင်းပါးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အတိအလင်းရည်ရွယ်ထားတာဖြစ်ပြီး၊ “ပုဒ်မ ၅၉(စ)” အပေါ်ထားတဲ့ စစ်အုပ်စု ရဲ့ သဘောထားနဲ့ရပ်တည်ချက်ကို ရှင်းလင်းရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆောင်းပါး တစ်ပုဒ်လုံးဖတ်ဖို့ပင်မလိုပါ ဆောင်းပါးခေါင်းစဉ်နဲ့တင် သူတို့သဘောထားသိပ်ပေါ်လွင်နေပါတယ်။

(NLD) ပါတီနဲ့မဲဆန္ဒရှင် ပြည်သူတွေ မင်္ဂလာယူနေတဲ့ အခုလိုအချိန်အခါသမယမှာ စစ်အုပ်စုဟာ နဲနဲလေးမှ ဟန်မဆောင်နိုင် တော့ဘဲ မြဝတီသတင်းစာကနေ ငှက်ဆိုးထိုးလိုက်တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှာကို စစ်အုပ်စုအနေနဲ့ လုံးဝ(လုံးဝ) မလိုလားဘူးဆိုတာကို ဒီဆောင်းပါးကနေ ဘယ် အချိန်ခါထက်မဆို အတိအလင်းဖေါ်ပြလိုက်တာပါ။ “ပုဒ်မ ၅၉(စ) ကို အသက်နဲ့လည်းပြီးကာကွယ်သွားတော့မည်ဖြစ် သည်” လို့ ခြိမ်းချောက်ထားသည်။ ဒီ “ပုဒ်မ” ကို ပြင်ဆင်လိုသူတွေ၊ ပြင်ဆင်မယ့်သူတွေကို ဓါးဓါးချင်း – လှံလှံချင်း သူသေ ငါသေရင်ဆိုင်မယ်လို့ ဆိုတဲ့ သဘောပင်။

ဒါ့အပြင် တပြိုင်နက်ထဲမှာ  ဒီဆောင်းပါးက  ပုဒ်မ ၅၉ (စ) ကို  “ဆိုင်းငံ့” ဖို့ အသံကောင်းဟစ်နေတဲ့ သူရဦးအောင်ကိုတို့ကို ပါးစပ်ပိတ်ထားခိုင်းလိုက်တာ၊ ရပ်တန့်တန်းက ရပ်လိုက်ကြလို့ အမိန့်ပေးလိုက်တာလည်းဖြစ်တယ်။

ဟုတ်/မဟုတ် သေချာစေချင်ရင် ဒီဆောင်းပါးအပေါ်သူရဦးအောင်ကိုနဲ့ သူရဦးရွှေမန်းတို့ရဲ့ သဘောထားအမြင်ကို “မီဒီယာ” တွေက မေးမြန်းကြည့်သင့်တယ်။

တကယ်တော့ ဒီလိုနေ့ ဒီလို အချိန်အခါမျိုးမှာ ဒီလိုဆောင်းပါးမျိုးကို စစ်တပ်ပိုင် သတင်းစာတစ်စောင်အနေနဲ့ အပေါ်ယံပဲ ဖြစ်ဖြစ်၊ ဟန်ဆောင်ပန်ဆောင်ပဲဖြစ်ဖြစ် “သင့်မြတ်ရေး” ကို လိုလားတယ်/ ရှေ့ရှုတယ်ဆိုရင်ဖြင့် မဖော်ပြသင့်သေးပါဘူး။ မထည့်သင့် သေးပါဘူး။ အခြားရက်တွေမှာ ဖော်ပြလည်းရပါတယ်။ ဘာကြောင့် မအောင့်နိုင်မအီးနိုင်ပဲ။ ဒီဆောင်းပါးကို (NLD) ပါတီက လွှတ်တော် စတဲ့ဒီနေ့ဒီရက်မှာ ထည့်သွင်းဖော်ပြရတာလဲ။ ကျနော့်ယူဆတွေးတောမိတာ ဒီလိုပါ။

ပထမအချက်က တပ်မတော်တစ်ခုလုံးဟာ စစ်အုပ်စုရဲ့လွှမ်းမိုးချုပ်ကိုင်မှုကို ကျိုးကျိုးနွံနွံနာခံနေရတယ် ဆိုတဲ့အချက်ကို ဖော်ပြလိုက်တာပါ။ ဒီဆောင်းပါးက စစ်တပ်ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲသူတွေကိုရော၊ အငြိမ်းစားတွေကိုပါ သ တိပေးလိုက်တာပါ။

ဒုတိယအချက်ကတော့  လွှတ်တော်ထဲမှာ (NLD) ပါတီ လွှတ်တော်အမတ်တွေ တင်သွင်းလာကြမယ့်  “၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး/ ပြည်တွင်းငြိမ်းချမ်းရေး” ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့သဘောထားကို ဗြောင် စစ်ကြေညာလိုက်တာဖြစ်တယ်လို့ ယူဆတယ်။ ဒါ့အပြင် ကြံ့ဖွံ့ပါတီဝင်ဖြစ်ပြီး၊ မူးယစ်ဆေးအနံ့ထွက်နေတဲ့သူကို လွှတ် တော်ဒုတိယဥက္ကဋ္ဌ နေရာပေးတာလောက်နဲ့လည်း မဖြစ်နိုင်ဘူးလို့ အချက်ပြလိုက်တာပါ။

နိဂုံးချုပ်ပြောရရင် ဆောင်းပါးတစ်ခုလုံးမှာ  လွှမ်းမိုးဖော်ပြထားတဲ့အမြင်ဟာ  စစ်အုပ်စုထာဝစဉ်ကိုင်စွဲထားတဲ့ ဗမာလူမျိုးကြီး ရှော်ဗင်ဝါဒပဲဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို လိုရာဆွဲကိုးကားထားတာကလည်း စစ်အုပ်စုရဲ့“နိုင်ငံခြားသားမုန်းတီးရေးဝါဒ ”( Jingoism) မှိုင်းတိုက်ရာမှာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့အရှိန်အဝါကို ထည့်သွင်းအသုံးချတာသာဖြစ်ပါတယ်။

ဒီဆောင်းပါးထဲက ၁၉၅၈-၅၉  ကာလ (အိမ်စောင့်အစိုးရ)၊ ၁၉၆၂ ခုနှစ်ကာလ (တော်လှန်ရေးကောင်စီ )နဲ့  ၁၉၈၈ ခုနှစ် ကာလ (နဝတ-နအဖ)စစ်အစိုးရတွေရဲ့ လုပ်ရပ်တွေကို အမွှမ်းတင်ကိုးကားတာတွေကလည်း စစ်အုပ်စုရဲ့ မပြောင်းလဲတဲ့ ပင်ကိုယ် သဘောထားတွေဖြစ်ကြောင်း အတိအလင်းဝန်ခံနေပါတယ်။

ဒါကြောင့် (NLD)ပါတီက ဦးဆောင်မယ့် အစိုးရနဲ့ လွှတ်တော်က ပြုလုပ်မယ့် “အပြောင်းအလဲတွေ” ဟာ စစ်အုပ်စုနဲ့စစ်တပ်က လက်မခံရင်၊ သဘောမတူရင် ပြောင်းလဲပစ်ဖို့ မလွယ်ကူနိုင်ပါဘူး။  အခုကိုပဲ ပုဒ်မ ၅၉ (စ)ကိုမထိနဲ့လို့ ဆောင်းပါးရေးပြီး အမိန့်ပေးနေပြီ မဟုတ်လား။   “စစ်အုပ်စု” က  စစ်တပ်အပေါ်မှာ၊ အခြေခံဥပဒေအထက်မှာ၊ လွှတ်တော်ရဲ့အပေါ်မှာ ၊ အစိုး ရအထက်မှာ ပုံစံတမျိုးမျိုးနဲ့ တည်ရှိနေသမျှ ကာလပတ်လုံး ဒီမိုကရေစီပန်းတိုင်သို့ မရောက်နိုင်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တူမောင်ညို – မြဝတီသတင်းစာရဲ့ ငှက်ဆိုးထိုးသံ
  1. သူတို့ရဲ့ နိုင်ငံခြားသားမုန်းတီးရေးဝါဒက အတုကြီးပါ။

Comments are closed.